ကျရာဇာတ်ရုပ်မှာ သရုပ်ဆောင်ခဲ့သူများ (ပထမပိုင်း)

‘Man United should play like Liverpool’ – Solskjaer

ဒိုင်လူကြီးတွေ အနီကဒ်ပြထုတ်ပယ်ရတဲ့အထိ ကြမ်းကြမ်းတမ်းတမ်း ကစားခဲ့တဲ့ ဂိုးသမားတွေ အများအပြားမြင်ဖူးကြမှာပါ။သူတို့ အနီကဒ်ပြသခံလိုက်ရချိန်မှာ အရံဂိုးသမားလဲလှယ်ဖို့ အခွင့်အရေးရှိနေသေးရင် ကိစ္စမရှိပေမယ့် အသင်းရဲ့ ကစားသမား လဲလှယ်မှု ပြည့်ပြီးမှ အနီကဒ်ပြခံရတာ ဒဏ်ရာရရှိတာတွေ ဖြစ်လာခဲ့ရင်တော့ အသင်းဖော်တွေက ဂိုးပေါက်ကို တာဝန်ယူခဲ့ရတဲ့ အချိန်တွေ ရှိခဲ့ပါတယ်။ပြင်သစ်ကလပ် လိုင်လီအသင်းနဲ့ စတားဘတ်အသင်းတို့ ကစားခဲ့တဲ့ပွဲစဉ်မှာ ဆိုရင် အသင်းဖော် ကစားသမား (၂) ဦးပြောင်းပြီး ဂိုးသမားအဖြစ် ဆောင်ရွက်ခဲ့ဖူးပါတယ်။ လိုင်လီတိုက်စစ်မှူး ပရီဗယ်လီ နဲ့ အီဗရာဟင် အမာဒိုတို့ နှစ်ဦးဟာ ဂိုးသမားအဖြစ် လဲလှယ်ဆောင်ရွက်ခဲ့ကြပေမယ့် လိုင်လီအသင်း ကတော့ ပွဲအပြီးမှာ (၃) ဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရဖူးပါတယ်။AFC U -19 Championship ခြေစစ်ပွဲစဉ် ကာတာအသင်းနဲ့ အီရတ်အသင်းတို့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ကာတာဂိုးသမား ရှာဟတ်မန်ဒူ အနီကဒ်ပြ ထုတ်ပယ်ခြင်း ခံခဲ့ရပြီး အသင်းခေါင်းဆောင် နက်ဆာ အဘဒူဆာလမ်က ဂိုးသမားအဖြစ် ဆောင်ရွက်ခဲ့ပြီး ပင်နယ်တီကန်သွင်းမှု တစ်ကြိမ်ကို ကာကွယ်နိုင်ခဲ့ပါတယ်။

ဒါဆို အခြားဘယ်ကစားသမားတွေကတော့ အသင်းရဲ့ ဂိုးပေါက်ကို တာဝန်ယူခဲ့ ကြလည်းဆိုတာကို ဒီခေါင်းစဉ်အောက်ကနေ (၁၀) ဦး ဖော်ပြပေးသွားပါမယ်။

ကွီးဂွန်ဟိုင် (ဗီယက်နမ်)

ဗီယက်နမ် vs အင်ဒိုနီးရှား (၂၀၁၆) ဆူဇူကီးဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့

ဒီပွဲစဉ်ဟာ (၂) ဂိုးစီသရေနဲ့ ပြီးဆုံးခဲ့ပြီး စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်ခဲ့တာ ဖြစ်လို့ဒီဆောင်းပါးကို ဒီပွဲစဉ်နဲ့ စတင်ခဲ့တာပါ။ ဒီပွဲစဉ်မှာ ဗီယက်နမ်အသင်း (၁) ဂိုးဂိုးမရှိနဲ့ အနိုင်ရှိတာနဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပြီး ပွဲကစားချိန် (၇၆) မိနစ်မှာ ဂိုးသမား ငုရင်မန်ထရန် ထုတ်ပယ်ခြင်း ခံခဲ့ရတာက ပွဲရဲ့အလှည့် အပြောင်းကို ကြီးမားစေခဲ့ပါတယ်။

ဒီလိုထုတ်ပယ်ခံခဲ့ရချိန်မှာ လူစားလဲလှယ်ရန် ကစားသမားမရှိတော့တာကြောင့် နောက်ခံကစားသမား ကွီးဂွန်ဟိုင်က ဂိုးသမားအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ အချိန်ပို ပွဲကစားချိန်တွေမှာ ဗီယက်နမ်အသင်း သွင်းဂိုးတွေ ရယူနိုင်ဖို့ကြိုးစားခဲ့ပေမယ့် ဂွန်ဟိုင် အင်ဒိုနီးရှားကစားသမား မာနာဟာတီကို ပြစ်ဒဏ်ဘော ကျူးလွန်ခဲ့တာကြောင့် ပင်နယ်တီသတ်မှတ်ခံခဲ့ရပြီး ကာကွယ်နိုင်ခဲ့ခြင်း မရှိတာကြောင့် အင်ဒိုနီးရှားအသင်း ဗိုလ်လုပွဲစဉ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ကော့စ်မီမိုတီ (လူဒိုဂိုးရက်စ်)

လူဒိုဂိုးရက်စ် vs စတူအာဘူခါရတ် (၂၀၁၄) ချန်ပီယံလိဂ် ခြေစစ်ပွဲ ဒုတိယအကျော့

နောက်တန်ကစားသမား တစ်ဦးအဖြစ်ကော ဂိုးသမားတစ်ဦးအဖြစ်ပါ ကစားနိုင်တဲ့ ကစားသမားဆိုရင်တော့ ကော့စ်မီမိုတီကိုသာ ရှာဖွေလိုက်ပါ။ အသင်းရဲ့ ဂိုးသမားဖြစ်သူ ဗီဒီဆပ် စတိုယာနော့ဗ် တစ်ဖက်ကစားသမား ဖာနန်ဒို ဖာရီလာကို ကစားပုံကြမ်းတမ်းခဲ့တာကြောင့် ထုတ်ပယ်ခြင်း ခံခဲ့ရချိန်မှာ ကော့စ်မိုတီ ဂိုးသမားတာဝန်ကို ယူခဲ့ပါတယ်။ပွဲစဉ်ဟာလည်း အချိန်ပိုပြီးဆုံးလို့ ပင်နယ်တီအထိရောက်ရှိခဲ့ပြီး ပထမဆုံး ပင်နယ်တီ တစ်လုံးစီ ကန်သွင်းပြီးချိန်မှာ ကော့စ်မီမိုတီက (၂) ကြိမ်ဆက်တိုက်ကာကွယ်နိုင်ခဲ့ပြီး အသင်းကို နောက်တစ်ဆင့် တက်ရောက်စေခဲ့ပါတယ်။ ကော့စ်မီမိုတိုကတော့ စတူအာဘူခါရက် အသင်းရဲ့ ပြည်တွင်းပြိုင်ဘက်ဖြစ်တဲ့ ဒိုင်နမိုဘူဒါရက် အသင်းမှာ (၇) နှစ်ကြာကစားခဲ့ပြီးမှ လူဒိုဂိုးရက်စ်အသင်းကို ပြောင်းရွှေ့ခဲ့တာကြောင့် ပြိုင်ဘက်အကြောင်းကို အသေအချာ သိနေခဲ့တယ်လို့ ဆိုရမှာပါ။

ဂျွန်တယ်ရီ (ချဲလ်ဆီး)

ချဲလ်ဆီး vs ရက်ဒင်း (၂၀၀၆) ပရီးမီးယားလိဂ်

ဂျွန်တယ်ရီကတော့ ချဲလ်ဆီးအသင်းရဲ့ ခံစစ်နေရာစုံမှာ ကစားနိုင်တယ်ဆိုတာကို (၂၀၀၆)ခုနှစ်က ရင်ဒင်းအသင်းနဲ့ ပွဲစဉ်မှာ ဂိုးသမားအဖြစ် တာဝန်ယူပြီးသက်သေပြ ခဲ့ပါတယ်။ပွဲအစမှာပဲ ချဲလ်ဆီးအသင်းရဲ ဂိုးသမား ပီတာချက် ပြင်းထန်တဲ့ ခေါင်းဒဏ်ရာ ရရှိခဲ့ပြီး လူစားလဲလှယ်ခဲ့တဲ့ ဂိုးသမား ကူဒီစီနီလည်း ဒဏ်ရာရရှိခဲ့တာကြောင့် တယ်ရီ အသင်းအတွက် ဂိုးသမားအဖြစ်ဆောင်ရွက်ခဲ့တာပါ။တယ်ရီအနေနဲ့ အသင်းရဲ့ တတိယဦးစားပေးဂိုးသမားဝတ်စုံကို နည်းပြ မော်ရင်ညိုထံမှ တောင်းခဲ့ပြီးအသင်းရဲ့ ဂိုးပေါက်မှာ နောက်ဆုံးမိနစ်ထိ ကာကွယ်ခဲ့ပါတယ်။

ဂျွန်အိုရှေး (မန်ချက်စတာယူနိုက်တက်)

မန်ချက်စတာယူနိုက်တက် vs စပါး (၂၀၀၁) ပရီမီးယားလိဂ်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်တန်းမှာ အသုံးဝင်တဲ့ ကစားသမား ဆိုတာကို ပြသနိုင်ခဲ့တဲ့ အခိုက်အတန့်ပါပဲ။ အသင်းရဲ့ အဓိက ဂိုးသမား ဗန်ဒါဆား နှာခေါင်းရိုးကျိုးတဲ့ ဒဏ်ရာ ရရှိခဲ့ချိန်မှာတော့ အိုရှေးလ် အသင်းရဲ့ ဂိုးပေါက်ကို တာဝန်ယူခဲ့တဲ့အချိန်မှာတော့ ဂန္တ၀င်ကစားသမား တစ်ဦးဖြစ်တဲ့ ရှမိုက်ကယ်ရဲ့ စိတ်ဓါတ်တွေ ကိန်းအောင်းနေသလို စွမ်းဆောင်ခဲ့ပါတယ်။ကစားသမား (၃) ဦးလဲလှယ်ခဲ့ပြီးဖြစ်တာကြောင့် အသင်းရဲ့ ဂိုးပေါက်ကို တာဝန်ယူခဲ့တဲ့ အိုရှေးအနေနဲ့ စပါးတိုက်စစ်မှူး ရော်ဘီကိန်းရဲ့ တစ်ဦးခြင်း အပိုင်ကန်သွင်းချက်ကို ကာကွယ်နိုင်ခဲ့ပြီး ပွဲအပြီးမှာတော့ မန်ချက်စတာ ယူနိုက်တက် နည်းပြ ဖာဂူဆန်ရဲ့ “The Cat” ဆိုတဲ့ နာမည်ပြောင်ကို ရရှိခဲ့ပါတယ်။

ဖီးလ်ဂျာဂျီရယ်ကာ (ရှက်ဖီးယူနိုက်တက်)

ရှက်ဖီးယူနိုက်တက် vs အာဆင်နယ် (၂၀၀၆) ပရီးမီးယားလိဂ်

လက်ရှိအဲဗာတန်အသင်းမှာ အသင်းခေါင်းဆောင်တစ်ဦးအဖြစ် ဂျာဂျီရယ်ကာ ခြေစွမ်းပြသနေတာ ငြင်းစရာမရှိတဲ့ ကိစ္စပါ။ ရှက်ဖီးအသင်းမှာ ကစားခဲ့စဉ်က အသင်းနည်းပြ နေးလ်ဝါးနော့အနေနဲ့ အသင်းရဲ့ အရံစာရင်းမှာ ဂိုးသမားခေါ်ယူ လာခဲ့ခြင်းမရှိတာကြောင့် အသင်းရဲ့ ဂိုးသမား ပတ်ဒီကန်နိ ဒဏ်ရာရရှိချိန်မှာ ဂျာဂျီရယ်ကာ ဂိုးသမားအဖြစ်ဆောင်ရွက်ခဲ့ပါတယ်။သူတာဝန်ယူတဲ့အချိန်မှာ ပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ဗန်ပါစီရဲ့ နောက်ဆုံးမိနစ် သွင်းဂိုးကိုလည်း ကာကွယ်နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ခရစ္စတယ်ပဲလေ့စ် ၊ မီဝေါ ၊ ပလိုင်းမောက်အသင်းတို့နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာလည်း အရံဂိုးသမားအဖြစ် တာဝန်ယူခဲ့ပါတယ်။

Unicode Version

မှတ်ချက်များ။