ချစ်ခြင်းနဲ့ မုန်းခြင်းကြားထဲက . . . စည်း

Ljungberg has ‘got no indications’ regarding Arsenal future

ဒီရက်ပိုင်း ဆီးဂိမ်းရှိနေတာကြောင့် အရင်နေ့လည်နေ့ခင်းတွေလို အိပ်နေတာ၊ အချိန်ဖြုန်းနေတာမျိုးထက် အွန်လိုင်းမှာ ဆီးဂိမ်းပြိုင်ပွဲတွေ ဒါမှမဟုတ် ဒါနဲ့ပတ်သက်တာတွေ လိုက်ရှာဖွေရင်း ကြည့်ရင်း အချိန်ကုန်တာများပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကတော့ စိတ်တိုင်းမကျတဲ့အကြောင်းအရာတစ်ခုကို တွေ့ခဲ့ပါတယ်။ မြန်မာ့ဘောလုံးနဲ့ ပတ်သက်ပြီး အတွေး အမြင်နဲ့ သုံးသပ်ချက်တွေ ရေးလေ့ရှိသူတစ်ယောက်ရဲ့ Post တစ်ခုပါ။ ဒီ Post ကို အားပေးထောက်ခံတဲ့ပရိသတ် အရေအတွက် ကတော်တော်များပြီး စာဖတ်သူတော်တော်များများလဲဖတ်မိဖို့များလို့ အဲဒီကလောင်ရှင်နာမည်ကိုတော့ မပြောတော့ပါဘူး။ ဒီပို့စ် မတိုင်ခင်မှာ ဖြစ်ခဲ့တဲ့အဖြစ်တစ်ခုအပေါ် တခြားလူတွေနဲ့ အမြင်ကွဲငြင်းခုန်ကြရင်း ရေးတင်ဖြစ်ပုံရပါတယ်။ သူတို့အငြင်းပွားခဲ့တာ က တီမောနဲ့ မြန်မာတို့ရဲ့ ဆီးဂိမ်းအုပ်စုပွဲမှာ လှိုင်းဘိုဘိုကို လူချကစားတဲ့ တီမောကစားသမားအပေါ် လှိုင်းဘိုဘိုက ပြန်တုန့်ပြန် ခဲ့တဲ့ တုန့်ပြန်မှုနဲ့ ပတ်သက်ပြီး ကလောင်ရှင်က လှိုင်းဘိုဘိုဖက်ကထောက်ခံခဲ့တာပါ။ တခြားဝါသနာရှင်တွေနဲ့ ငြင်းကြခုန်ကြရင်း နောက်သိပ်မကြာခင်မှာ ဒီပို့စ်တက်လာခဲ့တာဖြစ်ပါတယ်။ ကလောင်ရှင်ရေးထားတာက တော်တော်ရှည်လို့ အဓိက အချက်တချို့ ပဲထုတ်နှုတ်တင်ပြပါ့မယ်။ 1995 ဆီးဂိမ်းမှာအောင်ကျော်ကျော် အထုတ်ခံခဲ့ရတဲ့ ဗီယက်နမ်နဲ့ ဆီမီးဖိုင်နယ် ၊ နောက်မြန်မာ နောက်တန်းတွေထုတ်ခံခဲ့ရတဲ့အပြင်အရန်ခုံက ဂိုးသမား ထွန်းထွန်းလင်းပါအထုတ်ခံခဲ့ရတဲ့ စင်ကာပူနဲ့ 2004 တိုက်ဂါးဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ စတဲ့ပွဲတွေမှာ ကိုယ့်ကစားသမားတွေဖက်က အမြဲရပ်တည်ခဲ့ကြောင်း။ တခြား အားကစားတွေမှာဖြစ်တဲ့အခါတိုင်းမှာ ကိုယ့်လူမှားမှန်းသိပေမယ့် မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်နဲ့အားပေးမှုဖြစ်ကြောင်း တင်ပြပုံကောင်းကောင်းနဲ့ ရေးထားတာဖြစ်ပါတယ်။ လူတိုင်းလူတိုင်းမှာ စိတ်ခံစားမှုနဲ့ခံယူချက်ကိုယ်စီရှိတာနားလည်ပါတယ်။ သူပြောသလို ကျွန်တော်တို့လဲ ခံစားခဲ့ရတာပဲ။ ဒါပေမယ့် ကလောင်ရှင် ဆိုတဲ့ခေါင်းစဉ်အောက်ရောက်နေတဲ့လူတစ်ယောက် အနေနဲ့ ရေးဖို့မသင့်တော်တဲ့ အခြေအနေပါ။ စာရေးသူတစ်ယောက်ဆိုတာ စာဖတ်တဲ့သူကို လွဲမှားတဲ့လမ်းညွှန်တယ်ဆိုတာ စာပေကျင့်ဝတ်ဖောက်ဖျက်မှုဖြစ်ပါတယ်။ “ဒီအလုပ်က မှားတယ်ဆိုတာသိတယ် ဒါပေမယ့် အမျိုးချစ်လို့ အမှားဘက်ကပဲ ရပ် တည်မယ်” ဆိုတဲ့ ကိစ္စက သာမန်လူတစ်ယောက်အတွက် ရွေးချယ်မှု ဖြစ်ပြီး ဘာပြဿနာမှမရှိပေမယ့် ကလောင်ရှင် တစ်ယောက် ကဒါကိုရေးတဲ့အခါမှာ “ဒီလိုလုပ်တာ ဂုဏ်ယူစရာ” ဆိုတဲ့အတွေး စာဖတ်သူဆီရောက်သွားမှာပါ။ နောက်ဒီစာ ကို ပြစ်ဒဏ်ကျူးလွန်တဲ့ကစားသမားတွေ ဖတ်မိရင်ရော . . .။ “ငါတို့ဒီလို ကြမ်းခဲ့ရမ်းခဲ့တာမှန်တယ် ငါတို့ဖက်မှာပရိသတ်တွေ ရှိတယ်” ဆိုတဲ့ဆီရောက်သွားပါလိမ့်မယ်။

မြန်မာ့ဘောလုံးတိုးတက်ဖို့ ၀ိုင်းပြီးဆွေးနွေးကြ အကြံပြုကြတဲ့ ပွဲတော်တော်များများမှာ အောက်ခြေအဆင့်ဘောလုံး ပွဲတွေများများလုပ်ဖို့လိုတယ်ဆိုတဲ့ ဆွေးနွေးမှုတွေ အများကြီးမြင်ခဲ့တွေ့ခဲ့ကြဖူးမှာပါ။ ဒါပေမယ့် ရပ်ကွက်အဆင့် မြို့နယ်အဆင့် ပြိုင်ပွဲတွေ ဘာလို့မမြင်ရလဲ။ တာဝန်ခံပြီးလုပ်မယ့်သူမရှိတာက အဓိကဖြစ်ပါတယ်။ ဘာလို့တာဝန်မခံရဲလဲ။ ရှင်းပါတယ်။ ဘယ်ရပ်ကွက်ပွဲမှာ ရိုက်ပွဲတွေ၊ အကြမ်းဖက်မှုတွေ၊ ခဲမိုးတွေ မရှိဘဲ ပြီးခဲ့ဖူးလို့လဲ။ သေချာပေါက်ရန်ဖြစ်မယ့် ပွဲတစ်ခုကို အကုန် အကျအများကြီးခံပြီး အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းတဲ့အပြင် နောက်ဆက်တွဲတွေ တသီကြီးရှင်းရမှာကို ဘယ်လိုလူမျိုးက တာဝန်ခံရဲမှာလဲ။ ဘာလို့အဲဒီလိုဖြစ်လဲ။ ရှင်းပါတယ် အပေါ်မှာပြောခဲ့သလို “မှားမှားမှန်မှန် ကိုယ့်လူဖက်က” ဆိုတဲ့ အတွေးမျိုး ကြောင့်ပါပဲ။ ကဲထားပါတော့ နိုင်ငံအဆင့်အထိ ကစားသမားတွေမှာဒီအတွေးပါသွားတော့ရော ဘာဖြစ်လဲ။ ဟုတ်ကဲ့ဖြစ်ပါတယ်။ အဲဒီကလောင်ရှင်ပြောခဲ့တဲ့ ပြိုင်ပွဲတွေမှာ ဒါတွေကြောင့် ရလဒ်မကောင်းခဲ့တာချည်းပါပဲ။ ဒါ့အပြင်နောက်ဆက်တွဲအရေး ယူမှုတွေကြောင့် နောက်ပြိုင်ပွဲတွေအထိ နစ်နာခဲ့တာချည်းပဲလေ။ ဒီကလောင်ရှင်နဲ့ ကျွန်တော့်ကြားမှာ ဘာမှပတ်သက်မှုမရှိ သလို အခုလိုရေးတာက ဒီဆရာကို ပုဂ္ဂိုလ်ရေးနစ်နာစေချင်လို့ လုံးဝမဟုတ်ပါဘူး။ ကိုယ်ရေးတဲ့စာလုံးတွေရဲ့ သက်ရောက်မှု အပေါ် သတိလက်လွတ်ဖြစ်နေတာမြင်မိလို့ဘေးအမြင်နဲ့ထောက်ပြတာပါလို့ လိပ်ပြာလုံစွာနဲ့ပြောချင်ပါတယ်။ (စာမှာပါတဲ့ ကလောင်ရှင်အနေနဲ့ ဒီစာကို ဖတ်ဖြစ်ရင် ကျွန်တော်အကြံပြုတာကို သဘောပေါက်လက်ခံမယ်လို့ မျှော်လင့်မိပါတယ်) ကိုယ်နဲ့ လူချင်းတောင်မသိတဲ့လူနှစ်ယောက်ကြားမှာ အမြင်စောင်းပြီး အမုန်းပွားတာအဖတ်တင်မှာစိုးလို့ မရေး ဘဲရှောင်နေခဲ့တာပါ။ ဒါပေမယ့် . . .

မနေ့တုန်းက Line ပေါ်မှာ ခင်မင်ရင်းနှီးတဲ့ ဥရောပနိုင်ငံသား မီဒီယာသမားတစ်ယောက်နဲ့ စကားပြောဖြစ်ရင်း သူက မြန်မာ ပရိသတ်တွေရဲ့ ကြမ်းတမ်းတဲ့ Comment တွေအကြောင်းတော်တော်လေး ဝေဖန်လာပါတယ်။ ကျွန်တော်တင်မ ကပါဘူး။ စာဖတ်သူတွေအားလုံးသိတဲ့ ကိစ္စပါ။ ဆီးဂိမ်းရဲ့ Official Page လိုနေရာမျိုး၊ Asean Football Page လို လူမျိုးခြား တွေ အများကြီးဝင်ထွက်နေကြတဲ့နေရာမျိုးတွေမှာ ကျွန်တော်တို့လူမျိုးတွေရဲ့ ကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ တန်ဆာဆင်ထားတဲ့ Comment တွေ၊ ဒါတွေက “ငါ့လူမျိုးကို မကောင်းပြောလို့” ဆိုတဲ့ အကြောင်းပြချက်၊ ကိုယ်နဲ့ အယူအဆ မတူလို့ဆိုတဲ့ အခြေအနေတွေက ဆင်းသက်လာတဲ့ကိစ္စတွေပါ။ ဒါနဲ့ ကျွန်တော့်မိတ်ဆွေကို ဘာတွေပြောလဲသေချာသိလို့လား လို့မေးတော့ အတိအကျမဟုတ်တောင် ရိပ်ဖမ်းသံဖမ်းတော့နားလည်တယ် Auto Translate စနစ်ကြောင့်ပေါ့။ ဟုတ်တယ်ဗျ။ ဒီစနစ်က ရပ်နေတာမဟုတ်ဘူး။ အစောပိုင်းမှာ လွဲတာတော်တော်များပါတယ်။ ဒါပေမယ့် နောက်ပိုင်းတော်တော်မှန်လာပြီး ဗန်းစကားတချို့တောင် ဘာသာပြန်နိုင်လာတာတွေ့ရတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်လောက်က အဲဒီလို အာဆီယံ Page တစ်ခုမှာ စင်ကာပူလူမျိုးတစ်ယောက်နဲ့ မြန်မာတစ်ယောက် အခြေတင်ဖြစ်တော့ နာနာကျင်ကျင် အပြောခံရတဲ့ နိုင်ငံခြားသားက “အေး . . ငါ့အိမ်မှာ အိမ်အကူလုပ်နေတဲ့ မြန်မာအမျိုးသမီးက ငါ့အတွင်းခံလျှော်နေတယ်” ဆိုတဲ့သဘောမျိုးပြန်ပြောတာတွေ့တော့ ကျွန်တော် တော်တော်နာကျင်ရပါတယ်။ အွန်လိုင်းမှာ စကားနိုင်လုရင်း အသာရအောင်ပြောလိုက်မှုက သူများနိုင်ငံမှာ ၀မ်းစာ ရှာနေတဲ့ကိုယ့်လူမျိုးတစ်ယောက်အပေါ် အဆိုးသက်ရောက်မှု ဖြစ်ခဲ့တာ ဖြစ်သင့်ပါရဲ့လား။ ကျွန်တော်တို့ခံယူတဲ့ မျိုးချစ်စိတ် ဆိုတဲ့အပေါ်အခြေခံပြီးဖြစ်လာတဲ့ပြဿနာက နိုင်ငံရဲ့ ပုံရိပ်ကိုမြှင့်တင်တာထက် ဆွဲချသလိုဖြစ်တာ ပိုများနေတာပါ။

အခုဆို နိုင်ငံတကာကလူအများဝင်ထွက်နေတဲ့နေရာတွေမှာ မြန်မာအများစု Comment ပေးလာပြီဆို ကျန်တဲ့သူတွေ ပျောက်သွား တာ သိသိသာသာပါပဲ။ အများအမြင်မှာ ကျွန်တော်တို့ကို အမေဇုံတောထဲက လူရိုင်းတွေလောက် ယဉ်ကျေးမှုခေါင်းပါးသူတွေ နဲ့ တန်းတူလောက်သတ်မှတ်နေကြပါပြီ။ ဒီလိုအခြေအနေက “ရှက်စရာ”မဟုတ်ဘဲ “ဂုဏ်ယူစရာ” လို့မြင်နေတဲ့သူတွေလည်း အများကြီးရှိနေသေးတာ စိတ်မကောင်းစရာပါ။ ကျွန်တော်တို့ ကျော်လို့မရတဲ့ စည်းကိုကျော်ပြီး လုပ်နေတဲ့အရာတွေက ကြီးမား တဲ့ရည်မှန်းချက် ရည်ရွယ်ချက်မရှိတာလည်းသိပါတယ်။ အခုဒီစာကိုရေးတာ ကလည်း ထောက်ခံသူထက် မုန်းမယ့်သူ ပိုများမယ်ဆိုတာလက်ခံထားပြီးသားပါ။ ဒါပေမယ့် ဒီစာကို စိတ်ထဲရောက်အောင် ဖတ်ဖြစ်လို့ တစ်ယောက်တစ်လေ ဆင်ခြင်တုံတရားဖမ်းမိမယ်ဆိုရင် အတိုင်းထက်အလွန်ကျေနပ်မိမှာ အသေအချာဖြစ်လို့ ရေးခဲတာ ဖြစ်ကြောင်း . . .

5-12-2019
မောင်ဖိုးကွန့်

မှတ်ချက်များ။