၂၀၁၉ ဆီးဂိမ်းအုပ်စုပွဲစဉ်များနဲ့ လတ်တလော မြန်မာယူ-၂၂ အနေအထား

Indo Sub: Gol pemain Kamboja saat melawan Myanmar menjadi yang tercepat dalam sejarah Sea Games

ဒီနေ့ မြန်မာစံတော်ချိန်  နေ့လယ် ၃ နာရီခွဲမှာ ဗီယက်နမ် ယူ-၂၂ နဲ့ ကွင်းပိတ်ခြေစမ်းမယ့် မြန်မာယူ-၂၂ အနေအထား ဘယ်လိုမျိုး ရှိမလဲဆိုတာ သိချင်မိနေတယ်။ ရုပ်သံကပြဖို့ မရှိဘူးလို့လည်းသိရပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး ခြေစမ်းပွဲဟာ ကိုယ်တွေအတွက်တော့ အထူးအကျိုးရှိနေစေဖို့တော့လိုအပ်တယ်။

ဒီနေ့ပွဲကစားပြီးရင်တော့ မြန်မာ အသင်းဟာ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန် လာမယ်။ ပြီးရင် ဆီးဂိမ်းအတွက် ဆက်ပြီးတော့ လေ့ကျင့်မယ်။ ပြီးရင် နိုဝင်ဘာလ ၂၃ ရက်နေ့ အစောပိုင်းမှာ ဆီးဂိမ်းစ် ပြိုင်ပွဲကို အိမ်ရှင် အဖြစ်လက်ခံကျင်းပမယ့် ဖိလစ်ပိုင်နိုင်ငံ ကို သွားရောက်မှာဖြစ်တယ်လို့သိရပါတယ်။

ဒါက မြန်မာယူ-၂၂ လတ်တလော အနေအထားဖြစ်တယ်။ ဆက်ပြီးပြောချင်တာက ဆီးဂိမ်း ပြိုင်ပွဲအတွက် တရားဝင်ပွဲစဉ်ဇယားတွေထွက်လာပြီဆိုတဲ့အကြောင်းပါပဲ။

မနေ့တုန်းက ဆီးဂိမ်းပြိုင်ပွဲမှာ ပါဝင်တဲ့ အမျိုးသားဘောလုံးပြိုင်ပွဲအတွက် ပွဲစဉ်တွေ တရားဝင် ထွက်လာပြီဖြစ်တယ်။ ဒီတော့ ဘာပဲဖြစ်ဖြစ် အနေအထားတစ်ရပ်အရ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေသလိုမျိုးရှိနေတယ်ဆိုတာတွေ့ရမှာဖြစ်တယ်။

ပြိုင်ပွဲတွေကိုတော့   ဖိလစ်ပိုင်နိုင်ငံမှာကျင်းပမှာဖြစ်တယ်။  2019 Southeast Asian Games ရယ်လို့ လူသိများကြသလို ဘောလုံးမှမဟုတ်ပဲ အခြားအားကစားနည်းတွေမှာလည်း ဒီပြိုင်ပွဲ အတွက် အားလုံး အားထည့်ပြင်ဆင်နေကြပြီဆိုတာတွေ့ရမှာဖြစ်တယ်။ ဒါပေမယ့် မြန်မာပြည် မှာတော့ ဘောလုံးအားကစားနည်းဟာ လူကြိုက်များဆုံးနဲ့ အားပေးမှုအရဆုံးပြိုင်ပွဲတွေဖြစ်ပါ တယ်။ ဒါကြောင့်လည်း အမျိုးသားဘောလုံးပြိုင်ပွဲ အတွက် ပွဲစဉ်တွေထွက်လာတဲ့အခါမှာ မြန်မာ ဟာ ဘယ်လိုမျိုး ရှိနေမလဲဆိုတာ ကြည့်ဖြစ်ပြန်တယ်။

ဒီနှစ်မှာတော့ မြန်မာက အုပ်စု(က)မှာ အိမ်ရှင်ဖြစ်တဲ့ ဖိလစ်ပိုင်အပါအ၀င် မလေးရှား၊ ကမ္ဘောဒီးယား၊ တီမော စတဲ့အသင်းတွေနဲ့အတူ တစ်ဖွဲ့တည်းကျတယ်။

အုပ်စု(ခ) မှာတော့  ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ လာအို၊ စင်ကာပူ၊ ဘရူနိုင်းစတဲ့အသင်းတွေ ပါဝင်နေတယ်။

မြန်မာ အနေနဲ့ ၂၀၁၉ ဆီးဂိမ်းမှာ ပါဝင်ကစားဖို့အတွက် ရက်တွေလည်းသိရပြီ၊ ယှဉ်ပြိုင်မယ့် အသင်းတွေလည်း ထွက်နေပြီးသားဖြစ်နေပြီဆိုတော့ ပြင်ဆင်ထားမှုတွေ အားလုံးအရာ ထင်လာ ဖို့ပဲရှိတယ်။ အခုအချိန်အထိတော့ မြန်မာယူ-၂၂ ဟာ အသက်ကျော်ကစားသမား ၂ ယောက်ကို လုံးဝမရွေးရသေးဘူး။ အနားနီးမှ ခေါ်မယ်လို့ပဲပြောထားတယ်။ ဘာပဲဖြစ်ဖြစ် ဒါ ကလည်း စိတ်ဝင်စားဖို့ကောင်းနေတယ်။ ခံစစ်သမားတွေလား၊ တိုက်စစ်သမားတွေလား၊ ကွင်းလယ်နဲ့ ဂိုးသမားများလား၊ မစ္စတာပိုပေါ့ဗ်ရွေးချယ်မယ့် အသက်ကျော်ကစားသမားတွေ ကို တော့သိချင်မိနေတာ အမှန်ပါပဲ။

ပြီးတော့ပြိုင်ဘက်တွေ အနေနဲ့ကရော ဘယ်လိုမျိုး ဘယ်သူတွေကို ဖြည့်ခေါ်လာကြမလဲ၊ ဒါက လည်း အချိန်ပေးကြည့်သင့်တဲ့အရာများဖြစ်နေတယ်။ သူတို့တွေခေါ်လာကြတဲ့သူတွေက ရော အသင်းကို အကောင်းစားအကျိုးပြုနိုင်မလားဆိုတာ စိတ်ဝင်စားတယ်။ ဘာပဲဖြစ်ဖြစ်မြန်မာရဲ့ ပြိုင်ဘက်တွေကတော့ သူ့အတိုင်းအတာနဲ့သူ အကောင်းစားဖြစ်အောင်တော့ သေချာလေး ကို ပြင်ပြင်ဆင်ဆင်နဲ့လုပ်လာကြတယ်ဆိုတာ သတင်းတွေမှာ ဖတ်လို့မကုန်ပါဘူး။

မြန်မာ က တောင် ပြင်ဆင်မှုတွေအပိုင်းမှာ သူတို့တွေထက် နောက်နားတောင် ရောက်ချင် ရောက်နေမယ်၊ ပြိုင်ဘက်တွေကတော့ အားအင်ကောင်းတဲ့သူတွေနဲ့ချည်း တရစပ်တွေ ဆော်ပြီး လေ့ကျင့်နေ တာများ အားရ၀မ်းသာစရာဖြစ်ရတယ်။ ကိုယ်တွေကတော့ လက်လှမ်းမီသလောက် လုပ်ပေး ထားသလောက်နဲ့ သွားနေတုန်း၊ ကစားလို့ကောင်း နေတုန်းဖြစ်တယ်။ ထားပါလေ။ ရှိသလောက်နဲ့ လှတယ်ဆိုလည်း လှတာပါပဲ။

မြန်မာဟာ ၂၀၁၉ ဆီးဂိမ်းရဲ့ဘောလုံးပြိုင်ပွဲမှာ ပွဲစဉ်ရေးဆွဲမှုတွေအရ မလေးရှား၊ ဖိလစ်ပိုင်၊တီမော၊ ကမ္ဘော ဒီးယား ဆိုပြီးတွေ့ဖို့ရှိတယ်။ တစ်ရက်ကန်၊ တစ်ရက်နား၊ အနေအထားနဲ့ ကစားရမှာဖြစ်နေတယ်။ တစ်ရက်ကို နှစ်ပွဲနှုန်းနဲ့ကစားမယ်။

မြန်မာရဲ့ အုပ်စုတွင်းနောက်ဆုံးပွဲစဉ်က  ဒီဇင်ဘာလ ၂ ရက်နေ့မှာ ကမ္ဘောဒီးယားနဲ့ ကစားရမယ်။ မြန်မာပွဲစဉ်ပြီးတော့မှ ဒီဇင်ဘာလ ၄ ရက်နေ့မှာ လက်ကျန်ပွဲ ၂ ပွဲအဖြစ်၊ ကမ္ဘောဒီးယား- မလေးရှား၊ တီမော- ဖိလစ်ပိုင်ပွဲကို ကစားကြဖို့ရှိနေတယ်။ ဒီတော့ ကိုယ်တွေ အလုပ် ကိုယ်တွေအကောင်းဆုံးလုပ်ထားနိုင်ဖို့ အရေးကြီးတယ်၊ သူများပွဲစဉ်ကြည့်ပြီးမှ နောက်တစ်ဆင့်တက်ရမယ့် အဖြစ်ကိုတော့   မြန်မာအသင်း ဖိအားအောက်မရောက်စေချင် မိတာ အမှန်ပါပဲ။ ဒါက သိပ်အရေးကြီးတယ်။

လောလောဆယ်တော့ မြန်မာအသင်းပါဝင်ကစားမယ့် ပွဲစဉ် ဇယားကို ဖော်ပြပေးပါရစေ။

မြန်မာဘောလုံးအသင်းကစားမယ့် ဆီးဂိမ်းပွဲစဉ်ဇယား

၂၅-၁၁-၂၀၁၉  နေ့လယ် ၂နာရီခွဲ        မလေးရှား-မြန်မာ                Rizal Memorial Stadium

၂၇-၁၁-၂၀၁၉  နေ့လယ် ၂နာရီခွဲ        မြန်မာ-ဖိလစ်ပိုင်                  Rizal Memorial Stadium

၂၉-၁၁-၂၀၁၉  နေ့လယ် ၂နာရီခွဲ        တီမော-မြန်မာ                    Rizal Memorial Stadium

၂-၁၂-၂၀၁၉    ညနေ  ၆နာရီခွဲ          မြန်မာ-ကမ္ဘောဒီးယား            Biñan Football Stadium

၂၀၁၇ ဆီးဂိမ်းတုန်းက မြန်မာအသင်းဟာ စတုတ္ထချိတ်ခဲ့တယ်။ အုပ်စုတွင်းအဆင့်မှာ တော့ မလေးရှား ကို ၃-၁ နဲ့ရှုံးခဲ့တာကလွဲရင် ကျန်အသင်းတွေ အားလုံးကိုနိုင်ခဲ့တယ်။ အုပ်စုအဆင့် မှာ ဒုတိယ နဲ့နောက်တစ်ဆင့်ကို ရောက်ခဲ့တယ်။

ဆီမီးဖိုင်နယ်မှာ ထိုင်းကို ၁-၀ ၊ တတိယနေ ရာအဆင့်မှာတော့ အင်ဒိုနီးရှားကို ၃-၁ နဲ့ရှုံးပြီး စတုတ္ထသာ ချိတ်ခဲ့ရတယ်။ အောင်သူ က ပြိုင် ပွဲတစ်လျှောက်မှာ ၄ ဂိုးသွင်းပြီးတော့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ဗီယက်နမ်က ငုယင်ကွန်ပေါင်၊ မလေးရှားက နာဒါရာဂျာ့ရှ် တို့နဲ့အတူ ပူးတွဲရပ်တည်နိုင်ခဲ့တယ်မဟုတ်ပါ လားခင်ဗျာ။

အခုတစ်ခါမှာတော့ ၂၀၁၇ မှာတုန်းက ပါဝင်ခဲ့သူတွေအများစု အသက်တွေလည်း ကြီးကုန်ပြီ၊ ဒီတစ်ခါ လွင်မိုးအောင်၊ အောင်ကောင်းမာန်၊ ၀င်းနိုင်ထွန်း၊ မြတ်ကောင်းခန့်၊ ဇင်းမင်းထွန်း၊ ထက်ဖြိုးဝေ တို့ ခေတ်မှာ လည်း နောင်တော်ကြီးများရဲ့ စွမ်းဆောင်နိုင်မှုများ ထက်ပိုတဲ့အနေ အထားမျိုး ရယူစေချင်မိတယ်။ ကြိုးစားနေကြတာတွေလည်း အရာထင်လိမ့်မယ်လို့ လည်း မျှော်မိတယ်။

ဒီတစ်သုတ်မှာ ဘယ်သူတွေ ခြေစွမ်းပြပြီး  မြန်မာအသင်းကို အကောင်းဆုံးဖြစ်အောင် ဆွဲတင်နိုင်မလဲဆိုတာ ကြည့်ရမှာဖြစ်နေတယ်။ အရေးကြီးတာက အဖွင့် ၂ ပွဲ ပါ။ ဘာကြောင့်လည်း ဆိုတော့ မလေးရှားလူငယ်တွေဟာ မြန်မာလူငယ်တွေထက် ပိုကောင်း နေမလား၊ အဖွင့်က သိပ်အရေးကြီးတယ်၊ ဦးကျိုးလို့မရဘူး။

ဒုတိယပွဲကလည်း အိမ်ရှင်ဖြစ်နေ တော့ ဖိအားပိုများတယ်။ တီမောနဲ့ ကမ္ဘောဒီးယားဆိုတာကလည်း ကိုယ်တွေလိုပဲ တိုးတက် နေတဲ့အသင်းတွေဖြစ်နေတာကြောင့် ကိုယ့်အတွက်သေချာတာကို အုပ်စုအဆင့်ပွဲစဉ်တိုင်းမှာ  အကောင်းဆုံးအခွင့်အရေးတွေကို အသုံးချနိုင်မှ အဆင်ပြေမှာပါ၊ စစ်မရောက်ခင်မှာ မြှားကုန် နေတာမဟုတ်ပါဘူး။ ကိုယ့်အသင်းအကြောင်းကိုယ်တွေ ပဲ သိတယ်။

၂၀၁၉ အတွင်းထဲမှာပဲ မလေးရှားနဲ့ ကမ္ဘောဒီးယားကို ကိုယ်တွေ ရှုံးထားတာမမေ့ကြပါနဲ့၊ တီမောကိုဂိုးပြတ်နိုင်ထားတယ်ဆိုတဲ့အပေါ်မှာလည်း ၀င်းနိုင်ထွန်းတို့၊ မြတ်ကောင်းခန့်တို့ ပျော်မနေကြပါနဲ့၊ သူတို့တွေရဲ့ အနေအထားအပြောင်းအလဲကို အမြဲတမ်းသတိမပြတ်ပဲနဲ့ တွေ့တဲ့အခါ သတိကပ်ပြီး ပြိုင်ပွဲအပေါ် အာရုံစူးစိုက်မှုအပြည့်နဲ့အနိုင်ရအောင် လုပ်ထားကြဖို့ တိုက်တွန်းချင်တယ်။

သေချာတာကတော့ ဖြစ်လာနိုင်တာကို ဖြစ်ခွင့်ရနေတဲ့ကာလမှာ အကောင်းဆုံးတစ်ခုကို မြန်မာအသင်းအရယူနိုင် ဖို့ပဲလိုတယ်။ ဒီတော့ အုပ်စုပွဲစဉ်တွေလည်းသိရပြီ၊ ဘယ်လိုမျိုး ဆက်ပြီး ပြင်ဆင်တည်ဆောက် မလဲ ဆိုတာ အတိုင်းအတာတစ်ခုအထိ ရောက်လာပြီဖြစ်တဲ့ မြန်မာ အသင်းကို ဆက်ပြီးတော့ ဆက်လက်စောင့်ကြည့်ရဖို့ ဖြစ်လာတယ်။

ထွန်းထွန်းဦး(လှိုင်)

မှတ်ချက်များ။