ဝိ၀ါဒကွဲပြားမှု အမြင်များအောက်မှ ဆီးဂိမ်းသွားမယ့် မြန်မာ ယူ-၂၂ လူစာရင်း

Indo Sub: Gol pemain Kamboja saat melawan Myanmar menjadi yang tercepat dalam sejarah Sea Games

ဒီနေ့ညနေမှာ မြန်မာအသင်းဟာ လူစာရင်းဖြတ်ချက်လိုက်ပါတယ်။ ဘယ်သူတွေပါလာသလဲ ဆိုတာ အားလုံးလည်းသိကြပါတယ်။ မနေ့တုန်းကပြောခဲ့တဲ့အတိုင်း မြန်မာကျော်တဲ့ကြယ်ပွင့် ဖြစ်တဲ့အောင်သူတစ်ယောက်ဒဏ်ရာကြောင့် ပါမလာနိုင်တော့ဘူး။

ဒီတော့ သူ့အစား ရွေးချယ် ဖြစ်သွားတာ စည်သူအောင်ပါ၊ ပွဲလည်းနားထားတယ်။ လေ့ကျင့်ရေးလည်းမပြတ်ဘူး။ ဒီတော့ အသင်းကို ဦးဆောင်နိုင်ဖို့၊ ခပ်ရဲရဲနဲ့ အနာခံကစားဖို့ ပွဲကို ထိန်းချုပ်နိုင်ဖို့ မြန်မာယူ-၂၂ အတွက် စိတ်ဓါတ်က အစ ပြောင်းလဲပြီး စည်သူ အောင်လုပ် နိုင်ဖို့လိုတယ်။ သူနဲ့အတူ ထပ်မံပြီး ရွေးချယ်ခံထားရတာကတော့လှိုင်းဘိုဘိုပါပဲ။ ဟုတ်ပါတယ်။ ရတနာပုံက အသင်း ခေါင်းဆောင်ပါ။ ပေးဆပ်မှု သိပ်မြင့်မားပြီး ကစားတာ ရဲ တယ်။ လူငယ်တွေအတွက် တော့ အားကိုးစရာပါပဲ။

ဒီနေရာမှာပြောစရာရှိတာက ရတနာပုံ ကလပ်အသင်းရဲ့ အမာခံကစားသမားတွေ ကို အသက်ကျော် ကစားသမားတွေအဖြစ် မြန်မာယူ-၂၂ က ဆီးဂိမ်းဘောလုံးပွဲအတွက် ထည့်သုံးဖို့ ရွေးခေါ်သွားတယ်။ ဒီတော့ မြန်မာ ယူ -၂၂ ဟာ ရတနာပုံ ကစားသမားတွေနဲ့ နားလည်မှု ရှိရှိ အခြေခံတည်ဆောက်ပြီး ဆီးဂိမ်း ဘော လုံးပြိုင်ပွဲကို ရင်ဆိုင်မယ့် သဘောဆောင်တယ်။

လှိုင်းဘိုဘိုလည်းပါသွားတော့ ခံစစ်ကို တစ်ခုမဟုတ်တစ်ခု တော့ အထောက် အပံ့ဖြစ်မယ်ထင်တယ်။ တိုက်စစ်အတွက်လည်း စိတ်ချရတယ်။ ပွဲအတွေ့အကြုံလည်းများ တယ်ဆိုတော့ ယူ-၂၂ အတွက် အသုံးတည့်မယ်လို့မျှော်လင့်တယ်။ ဘာပဲဖြစ်ဖြစ် ဒီကစားသမား နှစ်ယောက်ကို မြန်မာယူ-၂၂ အတွက် ရွေးချယ်ခေါ်ယူဖြစ်ပြီးပြီဆိုတော့   ကောင်းတယ်လို့ပဲပြောရတော့မှာပေါ့။  မကောင်းဘူးပြောလည်း အားလုံးအတွက် စိတ်ဓါတ်ကျ စရာက လွဲရင်ကျန်တာ ဘာမှ အကျိုး ဖြစ်ထွန်းမယ်မထင်မိဘူး။

ဘယ်လိုပဲဖြစ်ဖြစ် မြန်မာအတွက်ရွေးခေါ်လာတဲ့အသက်ကျော်ကစားသမားတွေအတွက်တော့  လူငယ်အသင်းကို အင်အားဖြည့်ပေးဖို့ရှိနေလိမ့်မယ်မျှော်လင့်ထားလိုက်တယ်။ မြန်မာတင် မကပါ ဘူး။ ကျန်တဲ့ မြန်မာရဲ့ပြိုင်ဘက်တွေမှာလည်း အသက်ကျော်ကစား သမားတွေပါနေ မှာပါ၊ ဒီတော့ ဘယ်လိုမျိုးမဆို အပြိုင်ဆင်နွဲကြမယ့် ဆီးဂိမ်းပြိုင်ပွဲအတွက် အားလုံးအသင့် အနေ အထားအဖြစ် မြင်နေကြပြီလည်းဖြစ်တယ်။ ကိုယ်တွေလည်း အသင့်ဖြစ်နေရမယ်။ ဒါမှလည်း အဆင်ပြေလိမ့်မယ်လို့ယူဆတယ်။

တစ်ကယ်တော့ မျှော်လင့်ထားတာက ကွင်းလယ်ထက် စာရင် တိုက်စစ်နဲ့ ခံစစ်ပိုင်းမှာ အင်အား အကောင်းဆုံးဖြည့်တင်းဖြစ်မယ်လို့မျှော်ဖြစ်ခဲ့တာပါ၊ အသံတွေလည်း ထွက်တဲ့ အတိုင်းပဲ တစ်ကယ်ဖြစ်လာတယ်။ အထူးသဖြင့် ဒီနေ့မှာ မျှော်ဖြစ်တာက ကြိုတင်သတင်းပေါက်ကြားထားတဲ့အထဲမှာပါစေ့ချင်တာက ခံစစ်မှူးကောင်းတစ်ယောက် လောက်တော့မြန်မာယူ-၂၂ မှာပါသွားစေချင်တာ အမှန်ပါ။

မြန်မာယူ-၂၂ အတွက် ခံစစ် ဟာ တစ်ကယ်ကို စိတ်မချရတာ အမှန်ပါပဲ၊ မြန်မာအသင်းကို အားပေးနေတဲ့ သူတွေအဖို့တော့ မြန်မာအသင်း ခံစစ်တန်းပြိုကျနေတဲ့ ပုံစံမျိုးကို မြင်ချင်ကြ ဘူး။ ဂိုးတွေပေးနေရတာလည်း စိတ်မချမ်းသာဘူး။ တိုက်စစ်က ဂိုးသွင်းနိုင်လို့ ခံစစ်တန်း က ဂိုးတွေပြန်ပေးနေရတာ ကိစ္စမရှိပေမယ့်၊ တိုက်စစ်က ဂိုးမသွင်းနိုင်တဲ့အခါမှာ ခံစစ်ဂိုးတွေပေး နေရရင် ပရိသတ်တွေအတွက် မျက်စေ့ စပါးမွှေးစူးစရာမျိုးဖြစ်လာနိုင်တယ်ဆိုတာပါပဲ။

အခု မြန်မာယူ-၂၂ မှာ ရွေးချယ်ခံထားရတဲ့ ကစားသမားလေးတွေ ကောင်းကြတယ်။ ခံစစ်တန်းမှာရှိနေတဲ့ သူတွေအပါအ၀င်ပေါ့။ ဒါပေမယ့် ပြောစရာရှိတာက ကိုယ်တွေထက် သန်တဲ့ ပါးနပ် တဲ့သူတွေနဲ့အတွေ့မှာ ညံ့ကျန်နေလို့မရဘူး။ ဖြတ်သန်းပြီးသမျှ ခြေစမ်းပွဲတွေ၊ ပြိုင်ပွဲတွေမှာ ကိုယ်တွေ ခံစစ်တန်းရဲ့ အားနည်းချက်တွေဟာ အခုအချိန်အထိ ထင်သလောက်မတိုးတက် လာသေးဘူး။ မလေးရှားနဲ့ပွဲကိုတော့ လက်ရှိမြန်မာ ခံစစ်နဲ့ရင်ခုန်နေမိတာ အမှန်ပါပဲ။

ထိရောက်တဲ့ဖျက်တောက်မှုတွေ ရှိလာဖို့ ဦးဆောင်နိုင်မယ့်လူကောင်းကောင်းတစ်ယောက် လောက်တော့ မျှော်ဖြစ်တယ်။ ဒါပေမယ့်လည်း မပါသွားဘူးဆိုတော့ ရှိတာနဲ့အကောင်းဆုံး အလှဆင်ဖို့ပဲကျန်တော့တယ်။ တစ်ခုကောင်းတာက အသက်ကျော်ကစားသမား ခံစစ်တန်း အတွက် မရွေးချယ်ထားတော့ ကလေးတွေအတွက် ကစားခွင့်ရမယ်။ ပွဲအတွေ့အကြုံဆိုတာ ထက် သူတို့တွေရဲ့ အရည်အချင်းစစ်မယ့် အတန်းတင်စာမေးပွဲကို လက်တွေ့ဖြေခိုင်းသလိုမျိုး ဖြစ်နေတဲ့ အထိအတွေ့ကောင်းတွေရလာလို့ တစ်ဖက်ကကြည့်ပြီး ဖြေသာမိပြန်သေးတယ် မဟုတ်ပါလား။ အကောင်းအဆိုး၊ အကြောင်းအကျိုးကတော့ ညီမျှနေတုန်းပါပဲ။ ဟုတ်တယ် ဟုတ်။

ထားပါ၊ ဒါက တစ်ခုပေါ့နော်။ ဆီးဂိမ်းအတွက် ရွေးခေါ်သွားကြတဲ့အသက်ကျော် ကစားသမားတွေဟာ မြန်မာ အသင်းအတွက် ထိထိရောက်ရောက် အကျိုးပြုဖို့တော့လို အပ်တယ်။ တစ်ကယ်တမ်းဆိုရင် လှိုင်းဘိုဘို လိုကစားသမားမျိုးကို အနားကောင်းကောင်း ပေးပြီး အခြားတစ်ယောက်လောက် ထပ်ဖြည့် ခေါ် ယူစေချင်ခဲ့တယ်။

လှိုင်းဘိုဘို ပေးဆပ်တဲ့ အားသိပ်ကောင်းတယ်။ သူလုပ်အားက မြန်မာက ကစားသမား ၂ ဆ လောက်ရှိတယ်။ စိတ်ဓါတ်မာတယ်။ ပေးဆပ်တာကောင်းတယ်။ ဒါပေမယ့် ပွဲပန်းနေမှာကို စိုးတယ်။ ပြီးတော့ တိုက်စစ်အတွက်လည်း စိတ်ချရတယ်။ ခံစစ်လည်း ပြန်ဆင်း နိုင်တယ်၊ ဒါပေမယ့် ပွဲပန်းနေမယ့် ဒဏ်ကိုတော့ သူသေချာကျော်လွှားနိုင်ဖို့လိုကိုလိုတယ်။

သူ့ကိုတည်ပြီး ကစားမယ့် ပွဲက မလေးရှားနဲ့အဖွင့်ပွဲဖြစ်တယ်။ ကလေးတွေ လိုက်မလုပ်နိုင်ရင် သူပဲ စိတ်ဆင်းရမှာလေ၊ သေချာ အကွက်ရိုက်ပြီး လိုအပ်သလိုမျိုး ကစားနိုင်စေဖို့ သူက မောင်း တင်ထားရမှာပါ။ တစ်ခုရှိတာက ယူ-၂၂ ကလေးတွေထဲမှာ ရတနာပုံကစားသမားလေး တွေပါနေတာကြောင့် အခုရွေးခေါ်လိုက်တဲ့ အနေအထားအရ ရတနာပုံကွင်းလယ်အတွဲအဖက် ဟာ ယူ-၂၂ ရဲ့ အဓိက ဒေါက်တိုက်လိုမျိုး ဖြစ်လာပြီဆိုရမယ်။

ကွင်းလယ်နဲ့တိုက်စစ်မှာ ၀င်းနိုင်ထွန်း၊ စည်သူအောင်၊ လှိုင်းဘိုဘို၊ မြတ်ကောင်းခန့်၊ အောင်နိုင်ဝင်း စတဲ့သူတွေလည်း ရှိနေတယ်။ ခံစစ်မှာလည်း ရဲရင့်အောင်ရှိနေသေးတယ်။ ဒီတော့ ရတနာပုံအစုအဖွဲ့ မြန်မာယူ-၂၂ အတွက် အဓိကကျသလိုမျိုးဖြစ်လာတယ်။ နည်းပြအကြိုက် ဘာဖြစ်မယ်ဆိုတာ သေချာမပြောနိုင် ပေမယ့် အစုအဖွဲ့ကတော့ အဲ့ဒီလိုမျိုး ကို ဖြစ်နေတော့တာပါပဲ။

ပရိသတ်တွေထဲမှာတော့ အမြင်အမျိုးမျိုးဖြစ်နေတယ်။ ယူ-၂၂ ကို ဒီလူအတိုင်းပဲသွားစေချင်တဲ့ သူတွေနဲ့၊ အခုရွေးချယ်ထားတဲ့ သက်ကျော် ကစားသမားတွေ  အစား အခြားကစားသမား တွေကို ထည့်သွင်းအသုံးပြုစေချင်တဲ့ သူတွေ ဆိုပြီးရှိနေတယ်။ ဒီလိုအချိန်မှာတော့ ဒီလိုမျိုး ပဲဖြစ်မှာပါ၊ အမြင်တွေ အသီးသီးကွဲလွဲနေလိမ့်မယ်။ အတွေးတွေ၊အယူအဆတွေအားလုံး သီးခြားဖြစ်နေလိမ့်မယ်။  ဒါဟာ သဘာဝပါ။

ဘာပဲဖြစ်ဖြစ် နည်းပြက တော့ သူ့စိတ်ကြိုက် ကစားသမားတွေကို ရွေးချယ်ခေါ်ယူလိုက်ပါပြီ။ ပြိုင်ပွဲမှာ တစ်ကယ်အလုပ်ဖြစ်ဖို့လိုတယ်။ စိတ် ကူးထဲက အတိုင်း လက်တွေ့ ကျဖို့လို အပ် တယ်။ အသက်ကျော်ကစားသမားတွေနဲ့လည်း တစ်သွေးတည်း၊ တစ်သားတည်း၊ တစ်ထပ် တည်း စိတ်တွေ ညီညာဖို့လိုတယ်။

ဦးဆောင်သူက ဦးဆောင်၊ ပေးဆပ်သူက ပေးဆပ်၊ နိုင်ပွဲကို အရဖော်ဆောင်ဖို့ အတွက် ပြည် တွင်းဖြစ် MNL ကစားသမားတွေ အားနဲ့ လာမယ့် ဆီးဂိမ်းဘောလုံးပြိုင်ပွဲမှာ မြန်မာယူ-၂၂ ဟာ ဘယ်အထိ တက်လှမ်းခွင့်ရမလဲဆိုတာ အခုရွေးချယ်ခေါ်ယူထားတဲ့ လူစာရင်း အနေအထား  အရ စိတ်ကူးယဉ်ကြည့်ကြရအောင်ပါခင်ဗျာ။

ထွန်းထွန်းဦး(လှိုင်)

မှတ်ချက်များ။