အခွင့်အရေးဆိုတာ . . . .

Indo Sub: Gol pemain Kamboja saat melawan Myanmar menjadi yang tercepat dalam sejarah Sea Games

ဆီးဂိမ်းရဲ့ အမျိုးသားဘောလုံးပြိုင်ပွဲမှာ 2001 မတိုင်ခင်အထိ အသက် အကန့်အသတ်မရှိ ယှဉ်ပြိုင်ခဲ့တာဖြစ်ပေမယ့် 2001 ခုနှစ်ကစတင်ပြီး အသက် (၂၃)နှစ်အောက်ပြိုင်ပွဲအဖြစ်သတ်မှတ် ယှဉ်ပြိုင်စေခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးကျင်းပခဲ့တဲ့ 2017 မလေးရှားဆီးဂိမ်းမှာတော့ အမျိုးသားဘောလုံးပြိုင်ပွဲကို အသက် (၂၂)နှစ်အောက်ပြိုင်ပွဲအဖြစ်သတ်မှတ်ခဲ့ပြီး ဒီနှစ်ပြိုင်ပွဲမှာတော့ ဆီးဂိမ်းပြိုင်ပွဲဝင်အမျိုးသားဘောလုံးအသင်းမှာ အသက်ကျော် ကစားသမား (၂)ယောက်အပါအ၀င် ကစားသမား (၂၀) ခွင့်ပြုထားတယ်လို့သိရပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး 2019 ဖိလစ်ပိုင် SEA Game မှာယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်းကို ဘူဂေးရီယားလူမျိုးနည်းပြဆရာ ပိုပေါ့ဗ်က ပြီးခဲ့တဲ့ ဇန်န၀ါရီလမှာ စတင်တာဝန်ယူ ကိုင်တွယ်ခဲ့တာဖြစ်ပြီး ဒီနေ့ (နိုဝင်ဘာ ၂၂ရက်)မှာတော့ အပြီးသတ်လူစာရင်းကို ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပါတယ်။ ဒီကြေညာချက်နဲ့အတူ ဘောလုံး ပရိသတ်တွေရဲ့ မကျေနပ်မှုတွေ လူရွေးချယ်ရေးမှာ စိတ်တိုင်းမကျမှုတွေ အများကြီး မြင်လိုက်တွေ့လိုက်ရပါတယ်။ အထူးသဖြင့် အသက်ကျော်ကစားသမားနှစ်ယောက်အဖြစ် စည်သူအောင်နဲ့လှိုင်းဘိုဘိုကို ရွေးချယ်ခဲ့တဲ့အခြေအနေတစ်ခုနဲ့ ပတ်သက်လို့ အမြင်ကွဲပြားနေကြတာဖြစ်ပါတယ်။ ဟုတ်ပါတယ်။ တချို့က ခံစစ်က ဇော်မင်းထွန်း၊ ဒေးဗစ်ဒန်း၊ ကျော်ဇင်လွင်တို့လို့ ခြေစစ်ပွဲမှာ ခြေစွမ်းရော စိတ်ဓာတ်ပါကောင်းတဲ့ကစားသမားတွေရွေးစေချင်တယ်။ တချို့ကြတော့ တိုက်စစ်မှာ ညက်ညက် ညောညောကစားပြသွားတဲ့ မောင်မောင်လွင်ကိုရွေးစေချင်ကြတယ်။ ယူ-၂၂ ရဲ့ အဓိက ဂိုးသမား ဘုန်းသစ္စာမင်း ဒဏ်ရာရနေတာကြောင့် ပွဲထွက်ဂိုးသမားဖြစ်တဲ့ ဆန်းဆက်နိုင်ကို စိတ်မချတဲ့ ပရိသတ်တွေကတော့ ကျော်ဇင်ထက်ကို ရွေး စေချင်ကြတယ်။ စုံနေတာပါပဲ။ ဒါကတော့ “လူ့အလို နတ်မလိုက်နိုင်” ဆိုသလိုပဲ လူရွေးချယ်လို့ အားလုံးစိတ်တိုင်း ကျမယ့်အခြေအနေမှာမရှိနိုင်ဘူးဆိုတာနားလည်ပါတယ်။ ဒီလိုနားလည်မှုမျိုးရှိပေမယ့် ဒီရွေးချယ်မှုလူစာရင်းနဲ့ ပတ်သက်လို့ ကျွန်တော် စိတ်တိုင်းမကျဘူးဆိုတာတော့သေချာပါတယ်။ ကျွန်တော့်အနေနဲ့ မူလယူ-၂၂ အသင်းရဲ့ ဖွဲ့စည်းမှုကို ဘာမှမပြောလို ပေမယ့် အသက်ကျော်ကစားသမားနှစ်ယောက်ဖြစ်တဲ့ လှိုင်းဘိုဘိုနဲ့ စည်သူအောင်ကို ရွေးချယ်သွားတာ ကို မကြိုက်ဘူးလို့ဝန်ခံရမှာဖြစ်ပါတယ်။

ဒါဆိုရင် မင်းက ဘယ်သူ့ကိုရွေးစေချင်လဲလို့ မေးလာရင် ဖြေစရာတစ်ခွန်ပဲရှိပါတယ်။ ဘယ်သူ့မှမရွေးစေချင်ဘူး ဆိုတဲ့ အဖြေပါ။ ဟုတ်ပါတယ် ဒီနှစ်ဆီးဂိမ်းမှာစာရင်းသွင်းခွင့်ပြုတဲ့ကစားသမားက အယောက် (၂၀)တည်းဖြစ်ပြီး အသက်ကျော်ကစား သမား (၂)ယောက်ကိုဖယ်ရင် မူလသူရွေးထားတဲ့အထဲက ကစားသမား (၁၈)ယောက်ပဲကျန်ပါတော့တယ်။ အဲဒီတော့ မူလရွေးထားတဲ့ကစားသမား(၂၆)ယောက်စာရင်းက (၈)ယောက်တောင်ထားခဲ့ရတဲ့အခြေအနေဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်တုန်းကတော့ မြန်မာယူ-၂၂ အသင်းဟာ Training match ခေါင်းစဉ်နဲ့ တစ်ဖက်အုပ်စုက အင်အားကြီး (၂)သင်းဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်တို့နဲ့ ခြေစမ်းခဲ့ပါတယ်။ ထိုင်းကို အပြန်အလှန်ဂိုးသွင်းပြီး (၄-၃) ဂိုးနဲ့ ရှုံးခဲ့ပြီး ဗီယက်နမ်ကိုတော့ တစ်ဖက် (၂)ဂိုးစီသရေကစားထားခဲ့ပါတယ်။ ပြောရရင် ဒီနှစ်သင်းဟာ ဗိုလ်စွဲဖို့ရေပန်းအစားဆုံးအသင်းတွေဖြစ်ပြီး ဒီလိုအသင်း တွေကို ရလဒ်အရရော ခြေစွမ်းပိုင်းအရပါ အပြတ်အသတ်မကွာခြားအောင် ကစားနိုင်တာဒီအသင်းရဲ့တိုးတက်မှုဖြစ်ပါတယ်။ ဒီပွဲတွေဟာ လေ့ကျင့်ရေးပွဲဆိုတဲ့ခေါင်းစဉ်အောက်မှာရှိနေလို့ပြိုင်ဖက်တွေက အားအပြည့်မထည့်ကစားတာ ဖြစ်ကောင်းဖြစ်နိုင်ပါ တယ်။ ဒါထားတော့။ နောက်ပိုင်းမှာ ဒီခြေစမ်းပွဲတွေကို ပြန်ရှာပြီး ကြည့်ရတဲ့အနေအထားအရ ဒီအသင်းရဲ့ အသင်းလိုက်ကစား ပုံနဲ့ အဆုံးသတ်ပိုင်းတွေ အရင်ကထက်သိသိသာသာကောင်းမွန်လာပြီး ကောင်းမွန်တဲ့တိုက်စစ်ကစားပုံ ညီညွတ်တဲ့ကစားကွက် တည်ဆောက်မှုတွေ မြင်ခဲ့ရပါတယ်။


ပြောချင်တာက ဒီလိုအချိန်(၁၀)လလောက်ပေးတည်ဆောက်ထားတဲ့အသင်းက ကစားသမားတွေအနေနဲ့ တစ်ယောက်နဲ့ တစ်ယောက်ကြားထဲမှာ နားလည်မှုတွေအားကောင်းလာသလို နည်းပြကလည်း အာရုံစူးစိုက်ပြီး ကစားဖို့စွမ်းရည် မြှင့်တင်ပေးနိုင်လို့ ရည်မှန်းချက်က အောင်မြင်တယ်ပြောမရတာတောင် အမှတ်တစ်ခုအထိတော့ ရောက်တယ် လို့ပြောနိုင်ပါတယ်။ ဒီအနေအထားမှာ ဒီလိုအသင်းက ကစားသမား (၈)ယောက်လောက်ကို ချန်ထားပြီး ပူးတွဲလေ့ကျင့်ထားတာ မရှိမယ့် ကစားသမား (၂)ယောက်ကို ဒီအသင်းထဲပေါင်းထည့်လိုက်ခြင်းက ကြီးမားတဲ့သက်ရောက်မှုတစ်ခုဖြစ်လာပါလိမ့်မယ်။ ဂိုးသမား ဖယ်လိုက်ရင် (၁၀)ယောက်နဲ့ လေ့ကျင့်ထားတဲ့ ကစားကွက်မှာ တစ်ခါမှ ပူးတွဲလေ့ကျင့်ထားတာမဟုတ်တဲ့ ကစားသမား (၂)ယောက် ထည့်ကစားတာဟာ ဘောလုံးအသင်းတစ်သင်းရဲ့ ဟန်ချက်ကို ရိုက်ချိုးတဲ့အခြေအနေတစ်ခုဆိုတာ လူပြိန်းတောင်သိပါတယ်။ စည်သူအောင်၊ လှိုင်းဘိုဘို မှမဟုတ်ပါဘူး။ အောင်သူ၊ ဒေးဗစ်ထန်း၊ မောင်မောင်လွင် . . .ကုန်ကုန်ပြောရင် ဘယ်သူဖြစ်ဖြစ် ၀င်ကစားတာက အပေါင်းလက္ခဏာထက် အနှုတ်လက္ခဏာများပါလိမ့်မယ်။ အထူးသဖြင့် ပိုပေါ့ဗ်တည်ဆောက်ထားတဲ့အသင်းရဲ့ ကစားပုံနဲ့ မြန်မာ့လက်ရွေးစင်အသင်းကစားပုံမတူတဲ့အနေအထားမှာ ဘောလုံးဖြန့်တဲ့ ကွင်းလယ်ကစားသမား ၂ယောက် ထည့်ကစားတာက အသင်းရဲ့ခြေစွမ်းပိုင်းနဲ့ ချိတ်ဆက်မှုတွေကို ဟန်ချက်ပျက်စေမှာ သေချာ ပါတယ်။ နောက်ပြီး လူရွေးချယ်တဲ့သတင်းမှာ နည်းပြပိုပေါ့ဗ်က အသက်ကျော်ကစားသမားတွေကို ပူးပေါင်းလာတာနဲ့ ပတ်သက်လို့ ပြောခဲ့တဲ့စကားတွေမှာ မဖြစ်မနေမို့ရွေးရတဲ့အခြေအနေသက်ရောက်နေပြီး ပွဲထွက်ခွင့်ကိုလဲအာမမခံဘူးလို့ပြော တာကြည့်ရင် သူကြိုက်လွန်းလို့ရွေးတာမဟုတ်ဘူးဆိုတာ မြင်သာပါတယ်။ (သူကြိုက်လွန်းလို့ရွေးတယ်ဆိုရင် ပွဲထွက်ခွင့်အတွက် သူရည်ရွယ်ထားတဲ့ပုံစံရှိမှာဖြစ်သလို ပူးတွဲလေ့ကျင့်ဖို့လဲ ဒီထက်အချိန်ပိုယူဖို့ တောင်းဆိုမယ့်နည်းပြမျိုး ဖြစ်ပါတယ်။ ပြောချင်တာက အသက်ကျော်ကစားသမားတွေပါဝင်လာတာ အသင်းကို ပိုပြီးအားကောင်းစေမှာ သေချာရဲ့လား။ မူလပူးပေါင်းလေ့ကျင့်မှုတွေက ဒီအသက်ကျော်(၂)ယောက်ကြောင့် အချိတ်အဆက်တွေ မပျက်သွားဘူးလို့ ဘယ်သူတာဝန်ခံ မလဲ။ ဒီကစားသမားနှစ်ယောက်ပါလာလို့ရော မြန်မာအသင်း အုပ်စုတက်ဖို့သေချာလား။ ရွှေတံဆိပ်ရမှာလား။ တကယ်လို့ ဒီကစားသမားနှစ်ယောက်ကို နည်းပြကမလိုချင်ပဲ မဖြစ်မနေခေါ်ရတာဆိုရင် ပြိုင်ပွဲမှာ ရလဒ်ဆိုးရင်ရော နည်းပြက တာဝန်ယူပေး ရဦးမှာလား။


တကယ်တော့ စဉ်းစားစရာအများကြီးရှိနေပြီး အသက်ကျော်ကစားသမား (၂)ယောက်ထည့်ခွင့်ရှိလို့ ထည့်တယ်ကွာဆို ပြီးရလာတဲ့အခွင့်အရေး လက်လွတ်မှာစိုးလို့ မူလပုံစံကောင်းလေးပျက်သွားမယ့်အရေးကို အလေးမထားဘဲ စွန့်စားတဲ့အခြေ အနေကိုရောက်သွားပါတယ်။ ဘောလုံးက သချာင်္လိုပုံသေနည်းမရှိဘူးဆိုတာ အားလုံးအသိပါ။ အသက်ကျော်ကစားသမားတွေ က ဒီအစုအဖွဲ့ထဲက ကစားသမားတွေထက် တစ်ဦးချင်းအရည်အသွေးကောင်းတယ်၊ ပြိုင်ပွဲအတွေ့အကြုံရင့်ကျက်တယ်၊ ဦးဆောင်မှုပေးနိုင်တယ် ဆိုတာပြောလာရင် လက်ခံပေးလို့ရပါတယ်။ ဒါပေမယ့် စုစည်းမှုနဲ့ကစားပုံတိုးတက်လာတဲ့ မူလအစုအဖွဲ့ထဲကို ဒီလိုတစ်ကိုယ်တော်စွမ်းရည်ကောင်းတဲ့ကစားသမားတွေ ပါဝင်လာခြင်းက “အသင်းကိုပိုကောင်းစေချင်လို့” ဆိုရင် ဒီစီမံခန့်ခွဲမှုကို လုပ်တဲ့လူက ဘောလုံးနဲ့ပတ်သက်ရင် ဘာမှနားမလည်တဲ့လူလို့ ကျွန်တော် အပြစ်တင်ပါတယ်။

ကျွန်တော့်အစ်ကို ဆရာတစ်ယောက်မကြာခဏပြောတတ်တဲ့အပြစ်တင်စကားတစ်ခွန်းရှိပါတယ်။ “မင်းတို့က အလကားရရင် တောမီးတောင် ချွေးပြန်အောင်လှုံမယ့်ကောင်တွေ” တဲ့ . . .။ အပြောများတာက ရေတောင်သေအောင်သောက် မယ်ဆိုတာမျိုးဖြစ်ပေမယ့် သူပြောတဲ့ ဥပမာလေးကို ကျွန်တော်တော်တော် သဘောကျတယ်။ တောမီးဆိုတာ ပူပြင်းခြောက်သွေ့ တဲ့အချိန်တွေမှာမှလောင်တတ်တာဖြစ်ပြီး ထင်းမကုန်ပဲမီးလှုံရမှာမို့ ပူပူလောင်လောင်ရာသီဥတုမှာ မီးလှုံတယ်ဆိုတဲ့အခြေအနေ ကိုမြင်သာစေလို့ပါ။ အခုလည်း ဒီလိုပါပဲ အသက်ကျော်ကစားသမားခေါ်ခွင့်ရှိတယ်ဆိုပေမယ့် ခေါ်သွားတာက အကောင်းထက် အဆိုးဖက်ကို ပိုမဦးတည်စေဘူးလား။ သေချာတာတော့ မူလပူးပေါင်းလေ့ကျင့်မှုထဲက လူငယ်ကစားသမား (၂)ယောက် နစ်နာ သွားတာက လက်ငင်းအကျိုးယုတ်မှုဖြစ်ပြီး ဒီထက်ပိုဆိုးတာတွေဖြစ်မလာဖို့တော့ ဆုတောင်းဖို့ပဲရှိပါတယ်။ နောက်ပြီးဒီလို လုပ်လိုက်တဲ့အခြေအနေကြောင့် ဆီးဂိမ်းအသင်းပြိုင်ပွဲမှာ ဘယ်လိုရလဒ်ဆိုးမျိုးနဲ့ ကြုံကြုံ နည်းပြမှာ တာဝန်မရှိဘူးဆိုတာလဲ ကြိုပြောထားချင်ပါတယ်။

မောင်ဖိုးကွန့်
22-11-2019

မှတ်ချက်များ။