အိမ်ရှင် ဖိလစ်ပိုင် ကို လျော့မတွက်ပဲ အနိုင်ကစားမယ့် မြန်မာအမျိုးသမီးအသင်း

Indo Sub: Gol pemain Kamboja saat melawan Myanmar menjadi yang tercepat dalam sejarah Sea Games

ဒီနေ့ ညနေ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲမှာ မြန်မာအမျိုးသမီး ဘောလုံးအသင်းက အိမ်ရှင် ဖြစ်တဲ့ ဖိလစ်ပိုင် အမျိုးသမီးအသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့်နေ့ဖြစ်တယ်။ မြန်မာအမျိုး သမီးအသင်းဟာ အုပ်စု(က)မှာ  အိမ်ရှင်ဖိလစ်ပိုင်၊ မလေးရှား တို့နဲ့အတူ တစ်ဖွဲ့တည်းကျနေ တယ်။

ဒီအုပ်စုမှာ မြန်မာ အသင်းဟာ နောက်တစ်ဆင့်ရောက်ဖို့ အတွက် အခွင့်အရေး အရှိဆုံး အုပ်စု ဗိုလ်အဖြစ် ရပ်တည်နိုင်မယ့် အသင်းအဖြစ် ရေပန်းစားနေတယ်။ အုပ်စုတစ်ခုမှာ နှစ်သင်းစီ တက်မယ်။ ဆီမီးဖိုင်နယ်ကို ဘယ်အသင်းတက်ရောက်သွားမလဲဆိုတာ အထူးပြောနေစရာကို မလိုတာပါ။ မြန်မာအမျိုးသမီးအသင်းရဲ့ ရှိတာနဲ့အကောင်းဆုံးပြင်ဆင်ပေးထားတဲ့ အနေအထားမှာကို အရှေ့တောင် အာရှ အမျိုးသမီးဘောလုံးအသင်းတွေထဲမှာ မြန်မာဟာ အဆင့်တစ်ခု အနေအထားမှာရပ်တည်နေတယ်။

လူတိုင်းသိတယ်။ ဒီပြိုင်ပွဲမှာ မြန်မာအမျိုးသမီးအသင်းဟာ အဆင့်တစ်ခုခု ကာလာဝင်မယ်။ ဆုတံဆိပ်ချိတ်မယ်။ ဒါပေမယ့် ချန်ပီယံဆုနဲ့ထိုက်တန်အောင်လို့ ရပ်တည်ပြနိုင်စွမ်းနည်းပါး တဲ့ အသင်းအဖြစ် ပြောကြတယ်။ ဒီအပြောတွေကို မှားတယ်ဆိုတာ သက်သေပြဖို့အတွက် ဦး ၀င်းသူမိုးလက်ထဲက မြန်မာအမျိုးသမီးအသင်း အနိုင်ပွဲတွေနဲ့ပြိုင်ဘက်တွေကို အလဲထိုးအနိုင် ယူပြီး သက်သေကောင်းပြရမယ့်နေ့လိုမျိုးဖြစ်နေတယ်။

လုပ်နိုင်မလားဆိုတာ မေးနေရမယ့်အချိန်မဟုတ်ဘူး။ ပွဲကစားပြီး ဂိုးတွေသွင်းရင်း သက်သေပြ ရမယ့်နေ့လိုမျိုးဖြစ်နေတယ်။ ဟုတ်တာပေါ့၊ ဒီလိုအချိန်က ဆီးဂိမ်းမှာ အပြီးသိမ်းရမယ့်ရွှေက မြန်မာအတွက် ဟုတ်မဟုတ်ဆိုတာ အမျိုးသားထက် အမျိုးသမီးအသင်းကို ပိုမျှော်လင့်ဖြစ် တယ်ဆိုတာပါပဲ။ ဆုတံဆိပ်မျှော်စရာက ဘောလုံးနဲ့ပတ်သက်လာရင် အမျိုးသမီးအသင်းက ပြိုင်ပွဲအနေအထားအရ၊ အသင်းအရေအတွက်အရ ခြေစွမ်းတွေအရ အားရဖို့ကောင်းနေတာ အမှန်ပါပဲ၊ သူတင်ကိုယ်တင် အနေအထား အဖြစ် ရပ်တည်နေတာကတော့ ထိုင်းနဲ့ဗီယက်နမ် ပါပဲ၊ ဒီအသင်းတွေနဲ့အတူ အမြဲတမ်း ပြိုင်ပွဲတွေမှာ ဆုတံဆိပ်လုနေရတာဖြစ်တယ်။

ကိုယ်တွေအတွက်တော့ အဆိုပါနှစ်သင်းကိုကျော်လွန်နိုင်ခွင့်တွေ အမိအရဖမ်းဆုပ်နိုင်ဖို့ ဒီပြိုင် ပွဲမှာ လုပ်ရမယ်။ ဗီယက်နမ်နဲ့လည်းခြေစမ်းထားတယ်။ အခြားပြိုင်ပွဲတွေလည်း ဆင်နွဲထား သေးတယ်။ ရသလောက် ပြင်ဆင်ထားတဲ့ အခြေအနေမှာတော့ မြန်မာအမျိုးသမီးဟာ အဆင့် အတန်း ကောင်းကောင်းနဲ့ ပြိုင်ဘက်တွေကို ရင်ဆိုင်နိုင်မယ့် ပုံစံကောင်းမျိုး ပိုင်ဆိုင်ထားပြီး လည်းဖြစ်တယ်။

ဒီနေ့ တွေ့မယ့် ဖိလစ်ပိုင်ဟာ မြန်မာအတွက် အထူးသတိထားရမယ့်ပြိုင်ဘက်ဖြစ်တယ်။ ဒီ အသင်းဟာ ပြိုင်ဘက်ကောင်းတော့မဟုတ်ဘူး။ ဒါပေမယ့်အိမ်ရှင်ဖြစ်နေတဲ့ အရိပ်နဲ့ ဖိအား တာမျိုးကိုတော့ခံစားရမှာဖြစ်နေတယ်။ AFF အမျိုးသမီး ဘောလုံးပြိုင်ပွဲမှာ ဒီနှစ်အတွင်း ကစား ထားပြီး တွေ့ဆုံတုန်းက မြန်မာဟာ ၃-၀ နဲ့နိုင်ထားတယ်။ အဲ့ဒီတုန်းက Third place match မှာ မြန်မာက အပြီးသိပ်ထားခဲ့တာဖြစ်တယ်။

၂၀၁၇ ဆီးဂိမ်းတုန်းက မြန်မာဟာ ဖိ လစ်ပိုင်ကို ၆-၀ နဲ့အနိုင်ပြတ်သားစွာ အသာရထားတဲ့ အသင်းဖြစ်တယ်။ ဒီတော့ နိုင်ပြီးသားပါ ကွာလို့ ဆုံးဖြတ်ချက်နဲ့တော့ ရင်ဆိုင် လို့မရဘူး။ ဖိလစ်ပိုင်ကလည်း ရလောက် အားထည့် ရင်ဆိုင်မယ့်အသင်းကောင်း ဖြစ်နေတယ် ဆိုတာ သတိထားရမယ်။

၂၀၁၈   AFF Women’s Championship အုပ်စုတွင်းမှာဆိုရင် မြန်မာကပဲ ၃-၀ နဲ့နိုင်ခဲ့တာအခု အချိန်အထိရှိနေတုန်းပဲမဟုတ်လား။ ဒီတော့ မြန်မာဟာ ဖိလစ်ပိုင်ကို အချိန်မရွေးအသာရနိုင် တာမျိုးရှိတာတွေ့ရမယ်။ တစ်ခုရှိတာက ၂၀၁၉ အတွင်းမှာ အခုဆီးဂိမ်းပြိုင်ပွဲအတွက် သေချာ ပြင်ဆင်ထားတဲ့ အနေအထားမျိုးရှိနေတာကြောင့် ဖိလစ်ပိုင်အမျိုးသမီးအသင်းကိုလုံးဝ လျော့ မတွက်စေချင်မိဘူး။

ဝါရင့်ကစားသမားတွေနဲ့ လူငယ်တွေရဲ့ အားကို မျှတအောင် ပေါင်းစပ်ထားတဲ့ မြန်မာအမျိုး သမီးအသင်းအတွက်တော့ ဒီနေ့ပွဲမှာ ဖိလစ်ပိုင်က ကစားသမားတွေအကြောင်း သိထားပြီးဖြစ် လို့ ပွဲတိုးတာနည်းတဲ့ ကစားသမားတွေကလွဲရင် ကျန်တဲ့သူတွေအတွက် အားလုံးအကြောင်း သိ ဓါတ်သိတွေဖြစ်နေလိမ့်မယ်။ ဖိလစ်ပိုင်က Del Campo တို့၊ Quezada တို့ဆိုတာ မြန်မာခံစစ် ကိုအထူးတလည် အခက်တွေ့အောင်လုပ်ကြမယ့်သူတွေအဖြစ်ရှိနေဦးမှာပါ။ မြန်မာ ကတော့ရှင်းတယ်။ ၀င်းသိင်္ဂီထွန်း၊ ရီရီဦး၊ ဇူလိုင်ကျော်၊ ခင်မိုးဝေ၊ ခင်မာလာထွန်း တို့ အပြင် ကျန်တဲ့သူတွေဟာ ပြိုင်ဘက်တိုင်းကို အကောင်းဆုံး တိုက်ခိုက်ဖို့ အသင့်ရှိနေမယ့်သူ တွေအဖြစ်မြင်နေမိတယ်။

အတွေ့အကြုံရင့်ပြီး ပြိုင်ဘက်တွေအကြောင်း အကောင်းဆုံးနားလည်ပြီး ကိုယ်တွေအသာရဖို့  မကြောက်တမ်း အားထည့်ကစားနိုင်တဲ့ သူတွေအဖြစ် ဒီနေ့မှာ အိမ်ရှင်နဲ့အတွေ့မြန်မာအမျိုး သမီးအသင်းဘယ်လိုမျိုး ကစားပြမလဲဆိုတာ ကြည့်ရမှာပါ။

တစ်ခုပဲ ခံစစ်တန်းအမှားတွေ မလိုအပ်ပဲကျုးလွန်မိတာမျိုးမဖြစ်မိဖို့နဲ့ ဂိုးသမားနဲ့ကြားက နား လည်မှုတွေကို အကောင်းဆုံး ပြင်ဆင်ထားနိုင်ဖို့ပါပဲ။ မထင်မှတ်ထားတဲ့ တိုးအား၊ တိုက်စစ်ဖွင့် တဲ့ ကစားဟန်တွေကို မြန်မာအသင်း ခုခံတုံ့ပြန်နိုင်ဖို့ မျှော်လင့်မိတယ်။

သေချာတာကတော့ ဒီနေ့ဟာ မြန်မာအမျိုးအသင်းအတွက် အောင်ပွဲနဲ့ ဆီးဂိမ်း အမျိုးသမီး ဘောလုံးပြိုင်ပွဲရဲ့ တာအထွက်ကိုဖွင့်လှစ်ပြဖို့ရှိနေမယ့်နေ့လိုပဲပြောပါရစေခင်ဗျာ။

ထွန်းထွန်းဦး(လှိုင်)

မှတ်ချက်များ။