အတွေးလွန်သူဖြစ်ပါရစေ . . .

Indo Sub: Gol pemain Kamboja saat melawan Myanmar menjadi yang tercepat dalam sejarah Sea Games

မြန်မာ (ယူ-၂၂) ၁-၁ မလေးရှား (ယူ-၂၂)

မျှော်တုန်းက အသည်းအသန်မျှော်ခဲ့ပေမယ့် ပွဲပြီးသွားတဲ့အခါမှာတော်တော်ကို အီလည်လည်ကြီးဖြစ်ကျန်ခဲ့တယ်။ ဟုတ်တယ်ဗျ။ ဒီလိုခံစားချက်မျိုးဆိုတာဘောလုံးပွဲပြီးတဲ့အခါမှာ မကြုံရတတ်တဲ့ခံစားချက်။ ကောင်းသလို မကောင်းသလို ကြိုက်သလို မကြိုက်သလို ဘာဆိုဘာမှ ရေရေရာရာမရှိဘဲ ကြောင်တောင်တောင်ဖြစ်နေပြီး ဒီအသင်းဒီပြိုင်ပွဲနဲ့ ပတ်သက်လို့ ဘာမှရှေ့ဆက်စဉ်းစားလို့မရဘဲ ချောင်ထဲပိတ်နေသလိုဖြစ်နေတာပါ။ ဒါကလည်း ဘောလုံးပွဲကြည့်တာချင်းတူပေမယ့် အများစု က ဒါမျိုးမဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်အပေါ်မှာပြောခဲ့တဲ့ ကျွန်တော်ဘောလုံးပွဲကြည့်တဲ့ပုံစံကြောင့်ဖြစ်နေလို့ပါ။ ဟုတ်ပါတယ်။ အလွန်အကျွံတွေးတဲ့ အလေ့အကျင့်ကြောင့်ပါ။ ဘာတွေတွေးမိသွားလဲဆိုတာ ကျွန်တော်ပြောပြပါ့မယ်။ ဒီလိုပါ။

အရင်ခေတ်ဘောလုံးကစားတဲ့ပုံစံနဲ့ ၂၁ရာစုဖက်အခြမ်းမှာ ကစားတဲ့ဘောလုံးနည်းစနစ်ပိုင်းတွေက တော်တော်ကိုကွဲပြား သွားပါတယ်။ အထူးသဖြင့် ဥရောပဖက်အခြမ်းက ဥာဏ်ကြီးရှင်တွေက ဘောလုံးကစားတာနဲ့ ပတ်သက်တဲ့ဗီဇ ပါရမီမှာ သူတို့ ထက် သိသိသာသာ ပိုပြီးအားသာနေတဲ့ တောင်အမေရိက တိုက်သားတွေကိုကျော်ဖြတ်ဖို့ ဘောလုံးကစားနည်းမှာ သချာင်္နဲ့ သိပ္ပံ သဘောတရားတွေ ပေါင်းစပ်ပြီး ကြံစည်ခဲ့ပုံရပါတယ်။ အဲဒီစီမံကိန်းက ၂၀၀၀ခုနှစ် ဒီဖက်အခြမ်းရောက်လာတဲ့အချိန်မှာ အောင်မြင်ခဲ့သလို သူတို့ရည်မှန်းချက်အတိုင်း ကျော်လည်းကျော်ဖြတ်နိုင်ခဲ့တယ်ဆိုတာ ၂၀၀၆ ခုနှစ် ဘရာဇီးကမ္ဘာ့ဖလားမှာ သက်သေထူလိုက်နိုင်ပါတယ်။ (ဒီအကြောင်းကို “တောင်အမေရိကကောင်းကင်မှာ မုန်တိုင်းရိပ်တွေ့တယ်”ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးဖူးပြီး Fox Sport Asia မှာပဲလွန်ခဲ့တဲ့ တစ်နှစ်ကျော်တုန်းက ဖော်ပြခဲ့ဖူးပါတယ်)။ ဒီအရွေ့မှာ ဘောလုံးကစားနည်းရဲ့ သဘောသဘာဝတွေက ပြောင်းလဲလာပြီး ဘောလုံးသမားတစ်ယောက်ရဲ့ ဘောလုံးကျွမ်းကျင်မှု အရည်အသွေး (Skill) က ဘောလုံးသမားတွေအတွက် အလိုအပ်ဆုံးမဟုတ်တဲ့အထိထိရောက်လာပါတယ်။ ဘာလို့လဲဆိုတော့ ဒီဖက် ခေတ် ဘောလုံးနည်း စနစ်တွေဟာ ပူးပေါင်းဆောင်ရွက်မှု၊ ချိန်သားကိုက်မှု၊ လှည့်ဖျားမှု စတဲ့ ဥာဏအရည်အသွေးတွေက ကာယအရည်အသွေးထက် ပိုပြီးလိုအပ်လာလို့ပါပဲ။

မြန်မာအသင်းအကြောင်းပြောနေရာက ဘယ်လိုဖြစ်လို့နည်းစနစ် ခေတ်ပြောင်းတော်လှန်ရေးဆီရောက်သွားတာလဲ ဆိုတော့ ကျွန်တော်ပြောချင်တဲ့အကြောင်းအရာက နည်းစနစ်ပိုင်းနဲ့ သွားနွယ်နေလို့ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံကဘောလုံးအဆင့်အတန်းက ၂၀၀၀ အရှေ့ပိုင်းနှစ်တွေမှာကျန်ခဲ့ပြီး တစ်ကမ္ဘာလုံးကကျင့်သုံးနေတဲ့ မော်ဒန်ဘောလုံးနည်း စနစ်တွေကို ခုချိန်ထိ လက်မခံတဲ့လက်ရွေးစင်အဆင့်နည်းပြတွေတောင်ရှိနေတာ စိတ်မကောင်းစရာပါ။ မြန်မာနိုင်ငံကိုယ်စား ပြုတဲ့အသင်းတော်တော်များများကလည်း ခေတ်မီနည်းစနစ်ကို အကျွမ်းတ၀င်မရှိကြသလို အရင်ခေတ်က ဘောလုံးကစားတဲ့ပုံကို ယုံယုံကြည်ကြည် ကစားနေကြတုန်းပါ။

2015 လူငယ်ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ခဲ့တဲ့ အောင်သူ၊ ငြိမ်းချမ်းအောင်၊ သန်းပိုင်တို့ တစ်စုဟာ မစ္စတာဂတ် ဆီက ကောင်းမွန်တဲ့ မော်ဒန်ကစားပုံတွေ ရလိုက်လို့ အကြီးအကျယ်အောင်မြင်ခဲ့ပေမယ့် ဒီအစုအဖွဲ့ ကွဲသွားချိန်မှာ ကစား သမားတစ်ယောက်ချင်းက သာမန်လောက်ပဲကစားနိုင်တာကြည့်ရင် ဒီနည်းစနစ်တွေရဲ့ ထိရောက်မှုအားကောင်းတာ သိသာ ပါတယ်။ အဲဒီအသင်း တစ်စစီကွဲသွားပြီးတဲ့ နောက်ပိုင်းမှာ ဒီကစားပုံမျိုးကစားနိုင်တဲ့အသင်းတစ်သင်းထပ်ပေါ်လာခဲ့ပြီး အဲဒီအသင်းကို ဖီးနစ်လို့နာမည်ပေးထားကြပါတယ်။ အခုကျွန်တော်တို့ကြည့်ခဲ့ရတဲ့ မြန်မာယူ-၂၂ ဆိုတာ ဖီးနစ်အသင်းရဲ့ နောက်ဆက်တွဲပါပဲ။ ဒီအသင်း ဆီးဂိမ်းမှာအောင်မြင်ဖို့ နည်းစနစ်ပိုင်းအားကောင်းတဲ့ ပိုပေါ့ဗ်နဲ့ လေ့ကျင့်ချိန် (၁)နှစ်လောက်ပေးထားတာ အားလုံးအသိပါ။ ဒါကြောင့်လည်း ဒီအသင်းက တစ်ယောက်ချင်းကစားပုံ ဒီလောက်မဟုတ်ပဲ ပူးပေါင်းကစားပုံက တော်တော်ထက်မြက်လာတာဖြစ်ပါတယ်။ ဒီအသင်းခြေစမ်းပွဲတွေကစားတဲ့အချိန်မှာ တော်တော်ခရီးရောက် နေပြီဆိုတာ မြင်သာထင်သာရှိခဲ့လို့ ပြိုင်ပွဲရဲ့ ပွဲဦးထွက်အတွက် ကျွန်တော် စိတ်စောနေခဲ့တာပါ။

အားလုံးမြင်ခဲ့တဲ့အတိုင်းပဲလေ အသင်းရဲ့ ခံစစ်က တိုက်စစ်ကို ပြောင်းတဲ့ Transitions တွေ၊ တစ်ချက်ထိတွဲလုံးတွေ၊ 3rd man running လို့ခေါ်တဲ့ ဘောလုံးရှိတဲ့နေရာနဲ့မဆိုင်တဲ့ လမ်းကြောင်းက အမှတ်မထင်ပြေးထွက်တိုက်စစ်ဆင်မှုတွေက တော်တော်လေး တိုင်မင်ကိုက်ပြီးထိရောက်ခဲ့တာက ဒီကစားနည်းရဲ့ အစိတ်အပိုင်းပါပဲ။ ဒါပေမယ့် ဒီနေ့ပွဲမှာ ဒီလိုကစားပုံကို ကစားနိုင်တာ အချိန်ပိုင်းတစ်ခုလောက်ပဲရှိခဲ့သလို လူစားလဲတာတွေကလည်း တည်ထားတဲ့ကစားကွက်ကိုပျက်ဆီးစေခဲ့တာက တော်တော်ကို သဘာဝမကျတဲ့အခြေအနေပါ။ ကျွန်တော်က မော်ဒန်နည်းစနစ်တွေကို အွန်လိုင်းမှာ ဟိုရှာဒီရှာနဲ့လိုက်ဖတ်ထား ပြီး ‘တတ်’ တဲ့အဆင့်မဟုတ်တာဝန်ခံပါတယ်။ ဒါပေမယ့် ဒီအပြောင်းအလဲတွေက ကစားကွက်ပျက်သွားစေမယ်ဆိုတာ ဒါကိုတည်ဆောက်ထားတဲ့ နည်းပြမသိဘူးဆိုတာ လုံးဝယုတ္တိမရှိပါဘူး။

နောက်ပွဲထွက်နေရာချထားမှု . . .။ အဲဒီအပိုင်းမှာလဲ ရှေ့နောက်မညီတဲ့ ပြဿနာတွေတွေ့ရပါတယ်။ ဗဟိုခံစစ်သမား စိုးမိုးကျော်ကို Right Back မှာနေရာချထားမှုကို နားမလည်ဆုံးပါပဲ။ ပြောရရင် စိုးမိုးကျော်က အန်တိုနီဟေးမရောက်ခင် အထိ အသင်းကြီးမှာပါ။ အန်တိုနီဟေးရောက်လာတော့ ဟိုကဖြူတ်လိုက်တာကို ပိုပေါ့ဗ်က ချက်ခြင်းဆွဲခေါ်ပြီး RB ကစားခိုင်းသတဲ့။ ဒီနေ့မှာ စိုးမိုးကျော် RB သမားတစ်ယောက်ရဲ့ အခြေခံနေရာယူပုံကိုတောင် ကြေကြေညက်ညက် မသိထားဘဲ Counter ပေါက် တိုင်းမှာ သူ့ဖက်ခြမ်းကတော်တော်များသလို သူရှိရမယ့်နေရာမှာမရှိလို့ ဂိုးပေးရခါနီး (၃)ခါလောက်ဖြစ်ခဲ့တာ တွေ့ရပါတယ်။ ပေးရတဲဂိုးကလည်း အောင်နိုင်ဝင်းအမှားလို့ သုံးသပ်တာတွေ့ရပေမယ့် ဒီဂိုးမှာ အောင်နိုင်ဝင်းထက် ဂိုးသမားဆန်းဆက်နိုင် နဲ့ စိုးမိုးကျော် မှာ တာဝန်ပိုရှိပါတယ်။ ဆန်းဆက်နိုင်က အောင်နိုင်ဝင်း Ready မဖြစ်ခင်မှာ ပေးလိုက်တာဖြစ်ပြီး ဒီဘောလုံး Press အလုပ်ခံရချိန်မှာ စိုးမိုးကျော်က ကွင်းလယ်နားရောက်နေတာသတိထားမိပါတယ်။ အောင်နိုင်ဝင်းဘောလုံးလက်ခံတဲ့အချိန်မှာ Opening လုပ်ကို လုပ်ပေးရမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂ရက် က သက်ကျော်ကစားသမား (၂)ယောက်ခေါ်သွားတာနဲ့ ပတ်သက်ပြိး ကျွန်တော်ရေးခဲ့သလို ဒီပွဲမှာ အဲဒီ(၂)ယောက်ကိုစိတ်ပူတာပါ။ ဒါပေမယ့် ကွင်းလယ်ကလှိုင်းဘိုဘို က အမှားအနည်းဆုံးဖြစ်အောင်နဲ့ အသင်းနဲ့ အံဝင်အောင်ကြိုးစားကစားခဲ့တာမြင်ရပါတယ်။ ဒီပွဲမှာ သူ့ဆီက ရခဲ့တာ အပေါင်းလက္ခဏာမရှိပေမယ့် ဆိုးရွားတဲ့ အနုတ်လက္ခဏာမဟုတ်တာသေချာပါတယ်။ ဒါပေမယ့် Team Work ဖျက်မယ့် ကစားသမားက ပွဲထွက်စာရင်းက လှီုင်းဘိုဘိုမဟုတ်ပဲ ခံစစ်က စိုးမိုးကျော်ဖြစ်ခဲ့တာဆိုတော့ ဒီကစားသမားကို ဘာရည်ရွယ် ချက်နဲ့ ကစားခိုင်းလဲ ဆိုတာနားမလည်နိုင်အောင်ပါပဲ။

နောက်တစ်ချက်က လူစားလဲမှု ပထမဆုံးလဲလိုက်တာက အောင်ကောင်းမာန်ကို ၀င်းနိုင်ထွန်းနဲ့လဲတာ၊ အောင်ကောင်း မာန် Color Out နေတာတော့မှန်ပါတယ်။ ဒါပေမယ့်သူ့အရပ်အမောင်းနဲ့ သူ့တိုးအားကြောင့် Attack လုပ်တိုင်း ဂိုးရဖို့နီးခဲ့ ပါတယ်။ ၀င်းနိုင်ထွန်းထည့်တာ တိုက်စစ်အားဖြည့်ဖို့ရည်ရွယ်ချက်မဟုတ်လား။ အခုဟာက တိုက်စစ်မှာ အသာစီးရနေတာကို တောင်ဖြူတ်ချလိုက်တဲ့သဘောဖြစ်နေပါတယ်။ နောက်ထင်တဲ့အတိုင်း စည်သူအောင်ဝင်ဖို့ မြတ်ကောင်းခန့်ကို ထုတ်ပြန်ပါတယ်။ အဲဒီလူလဲမှုအပြီးမှာ ဂိုးမရတော့ဘူးဆိုတာ ကျွန်တော် တွက်လို့ရသွားပါပြီ။ ဒီတော့ ဒီလူစားလဲမှုတွေက ဘာတွေလဲ။ ဘယ်ကိုဦးတည်နေတာလဲ။ ကျွန်တော့်စိတ်ထဲမှာ ဖြစ်တာကတော့ ဒီလူစားလဲပုံနဲ့ လူထုတ်ပုံ က နည်းပြပိုပေါ့ဗ်ရဲ့ စိတ်တိုင်းကျဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ ဒါဆိုရင် ဘယ်သူလဲ။ ဘာကြောင့်လဲ။ ရိုးရိုးလေးပြောပါ့မယ်။ ကျွန်တော်လဲမသိပါဘူး။ ဒါပေမယ့် တစ်ယောက်ယောက်က ပိုပေါ့ဗ်အလုပ်ကို ၀င်စွက်ဖက်နေသလိုပါပဲ။

“မင်းက အဲဒီလို ဘာသက်သေမှမရှိဘဲ ဟိုတွေးဒီတွေးနဲ့ အခြေအမြစ်မရှိဘဲ ဘာကိုအပြစ်တင်နေတာလဲ” ဆိုတာမျိုးရှိ လာနိုင်လို့မသိပါဘူးလို့ ကြိုဝန်ခံပါတယ်။ တစ်ခါတစ်လေလည်း စဉ်းစားမိတယ် “ငါတွေးတာက အတွေးခေါင်လွန်းပြီး လက်တွေ့မဆန်ဘဲ ဖြစ်နေသလား” ဆိုတာမျိုးပေါ့။

ဆီးဂိမ်းမှာလက်ရှိ ရလဒ်အရတော့ အဆင်ပြေတယ်ဆိုတာ မဟုတ်တောင် ‘မဆိုးဘူး’ ဆိုတာမျိုးတော့ရှိပါတယ်။ ဒါပေမယ့် နောက်ပွဲတွေရော ဒီလောက်ပဲကျွန်တော်တို့အသင်းရဲ့ အစွမ်းက ရပ်နေမှာလား။ ဒီလိုမျီုးအမှားတွေနဲ့ပဲ ခက်ခက်ခဲခဲ ရယူထားရတာတွေကို လွယ်လွယ်ပြန်လှူနေမှာလား။ ကျွန်တော် တွေးသလို ပိုပေါ့ဗ်ရဲ့ ဆုံးဖြတ်ချက်တွေမှာ တစ်ယောက် ယောက် ၀င်စွက်ဖက်နေတာဆိုရင် အားလုံးစိတ်ညစ်ရမှာ သေချာပါတယ်။ အဲဒီတော့ ကျွန်တော်တွေးခဲ့တာတွေက အတွေးခေါင်ပြီး စိတ်ကူးယဉ်တာတွေ ဖြစ်စေချင်ပါတယ်။ ဒါမှနောက်ပွဲတွေမှာ မော်ဒန်နည်းစနစ်နဲ့ ကျွန်တော်တို့ မြန်မာ အသင်းကို တစ်နိုင်ငံလုံးက အားပေးခွင့်ရမှာမဟုတ်လား . . .

မောင်ဖိုးကွန့်
26-11-2019

မှတ်ချက်များ။