စိတ်ဓာတ်ကိုမြှင့်တင် . . .အချိတ်အဆက်ကို အသင့်ပြင်

Indo Sub: Gol pemain Kamboja saat melawan Myanmar menjadi yang tercepat dalam sejarah Sea Games

ညနေပိုင်းက ဖိလစ်ပိုင်နဲ့ ပွဲပြီးချိန်မှာ အားမလိုအားမရစိတ်နဲ့ ကျေနပ်စိတ်နဲ့ ဒွိဟတွေ ဖြစ်နေခဲ့တာအမှန်ပါ။ ပြောရရင် ဖိလစ်ပိုင်ဆိုတာ အိမ်ရှင်အသင်းဖြစ်သလို အုပ်စုထဲမှာ အဓိကထားပြီးဖြတ်ကျော်ရမယ့်အသင်းဆိုတာ ပြိုင်ပွဲမစခင်ကတည်းက သတ်မှတ်ထားသလို ဒီနေ့ပွဲအနိုင်အရှုံးက နောက်တစ်ဆင့်တက်ဖို့မတက်ဖို့ဆိုတဲ့ အခြေအနေကို ဖန်တီးမယ်ဆိုတာ နားလည်လို့ ရလဒ်အရ လှေကားတစ်ထစ်ကျော်နိုင်သွားပြီဆိုပြီး ကျေနပ်တာဖြစ်ပါတယ်။ အားမလိုအားမရစိတ်ကတော့ ပွဲကစားခဲ့တဲ့အခြေ အနေကြောင့်ပါပဲ။ ကျွန်တော် ဖြစ်သလိုမျိုး အာရုံစိုက်အားပေးခဲ့တဲ့သူတိုင်းလည်း ခံစားရမှာသေချာပါတယ်။

ဘယ်သူမဆို ကိုယ်အားပေးတဲ့အသင်းအပေါ်မှာ ပကတိအရှိတရားထက်ပိုပြီး မျှော်လင့်ထားတာတွေ၊ မြှင့်တွေးထားတာ တွေ ရှိနေတတ်တယ်ဆိုတာသဘာဝါ။ ဒါပေမယ့် ကျွန်တော်အားမလိုအားမရဖြစ်တဲ့အခြေအနေကတော့ ဒီထက်နည်းနည်းပို ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီအသင်းရဲ့ အရည်အသွေးနဲ့ ပုံစံကျနမှုက ဒီထက်အများကြီးပိုပါတယ်။ ပြောရရင် မျှော်လင့်ထား သမျှထဲမှာ အနိမ့်ဆုံးခြေစွမ်းဆီကိုတောင်မရောက်တဲ့အခြေအနေကြောင့်လို့ ပြောရမှာပဲ။ အားလုံးသိတဲ့အတိုင်း ကျွန်တော်တို့ မြန်မာယူ-၂၂ အသင်းလေးရဲ့ တိုက်စစ်ပိုင်းနဲ့ ဂိုးရဖို့သွားတဲ့ပုံစံက အရင်အသင်းတွေလိုမဟုတ်ဘဲ အချိတ်အဆက် တွဲလုံးတွေ နားလည်မှုတွေနဲ့ တည်ဆောက်ထားပြီး တော်ရုံခံစစ်ပိုင်းကို အသာလေး ချိုးဖျက်နိုင်တဲ့ပုံစံမျိုးပါ။ ဒါပေမယ့် ဒီပြိုင်ပွဲမှာ ကစားခဲ့တဲ့ ပွဲစဉ် (၂)ပွဲလုံး မျှော်လင့်ထားသလောက်ကို ရောက်မလာဘူး။ ဘာတွေဖြစ်လဲ။ သေသေချာချာ နက်နက်နဲနဲ တွေးတော့ ပွဲမတိုင်ခင်ကခြေစွမ်းထက်အမြဲလျော့ကျတတ်တဲ့ မြန်မာအသင်းပေါင်းမြောက်မြားစွာရှိခဲ့တယ် ဆိုတာသွားသတိ ရမိတယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့ ဘောလုံးပွဲကြည့်ဖြစ်ခဲ့တဲ့ သက်တမ်းမှာ ပွဲကြိုကာလက အခြေအနေထက် ပြိုင်ပွဲမှာ ပိုကောင်းလာတဲ့အသင်း ပိုပြီးထိရောက်လာတဲ့အသင်းဆိုလို့ လက်ချိုးရေလို့ရတဲ့အနေအထားဖြစ်ပါတယ်။ ဘာကြောင့်ဒီလို ဖြစ်လဲဆိုတာ ဘယ်သူရှင်းပြမလဲ။ တိကျတဲ့အဖြေကိုရပါ့မလား။ နောက်ခံအကြောင်းပြချက်အမျိုးမျိုးနဲ့ အခြေအနေအမျိုးမျိုး ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမယ့် ဒီဖြစ်စဉ်ကို ကျွန်တော်တွေးကြည့်တော့ အဓိကဖြစ်နိုင်တဲ့အကြောင်းအရာက “အခြေခံ စိတ်ဓာတ် ခံယူချက်နဲ့ လူ့သဘာဝ” ဆိုတဲ့အချက်တစ်ချက်ကိုသွားတွေ့တယ်။

ဟုတ်ပါတယ်။ လူတစ်ယောက် ဒါမှမဟုတ် အသင်းအဖွဲ့တစ်ခုအနေနဲ့ ကြိုတင်ပြင်ဆင်မှုအပိုင်းမှာ အခြေအနေတစ်ခုထိ ရောက်အောင်လေ့ကျင့်ပြင်ဆင်ထားပြီး တကယ်လက်တွေ့လုပ်ရတဲ့အချိန်မှာ လေ့ကျင့်ထားသလောက် ဖြစ်မလာဘူးဆိုတာ ဒီလောက်လုပ်ရင် ဒီလောက်ဖြစ်မယ်ဆိုတဲ့ ရုပ်ပိုင်းဆိုင်ရာ ပုံသေနည်းနဲ့ စံလွဲနေပြီး။ ဖမ်းဆုတ်သက်သေမပြနိုင်သလို တခြားလူလည်းမမြင်နိုင်တဲ့ စိတ်ပိုင်းဆိုင်ရာအပေါ်မှာပဲ မူတည်မယ်ဆိုတာ ဖြစ်နိုင်ချေ အများဆုံးနဲ့ လက်တွေ့နဲ့ အနီးဆုံးလို့ ယူဆနိုင်ပါတယ်။ ဘယ်လိုစိတ်ခံစားမှုမျိုးလဲ။ ပြိုင်ပွဲကိုရှိန်နေတာမျိုး၊ ပြိုင်ဖက်ကိုကြောက်နေတာမျိုး ဖိအားပေးမှုတွေကြောင့် မွန်းကြပ်နေတာမျိုးတွေလား။ ဒီလိုစိတ်ခံစားမှုမျိုးဆိုတာ အားကစားသမားမှန်ရင် မဖြစ်မနေကြုံရတဲ့စိတ်ခံစားမှုပါ။ ကိုယ့်ကစား သမားမှမဟုတ်ဘူး။ တကမ္ဘာလုံးက ဘယ်အားကစားသမားမျိုးမဆို ကြုံရတဲ့ စိတ်ပိုင်းဆိုင်ရာခံစားချက်။ ပွဲမတိုင်ခင်ပြင်ဆင်တဲ့ အရည်အသွေးနဲ့ ပွဲတွင်းအရည်အသွေး လိုအပ်တဲ့အထိ မရောက်ဘူးဆိုတာ ကြုံလေ့ရှိတဲ့အနေအထားမျိုးပါ။ အားကစား သမား တစ်ယောက်အတွက် မထူးဆန်းဘူးလို့တောင်ပြောလို့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မြန်မာအသင်းတွေက အမြဲတမ်းနီးပါး ကြုံနေရပြီး သူများအသင်းတွေကျတော့ အခန့်မသင့်တဲ့အခြေအနေမျိုးမှ ကြုံရတာတော့ ကွာခြားပါတယ်။ ဒါကြောင့် ဒီအဖြေက လူ(ကစားသမား)တစ်ယောက်ချင်းရဲ့ တိုက်ပွဲဝင်စိတ်ထားပုံစံ အခြေခံစိတ်ထားပုံစံက လမ်းကြောင်းလွဲနေလို့ ဆိုတာ နီးစပ်တဲ့ အဖြေဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲ။ ဘာလို့လဲ . . .

ဘောလုံးသမား ဒါမှမဟုတ် အားကစားသမားတွေရယ်မှမဟုတ်ပါဘူး ကျွန်တော်တို့နိုင်ငံက လူအများစုရဲ့ အခြေခံ စိတ်ဓာတ်နဲ့ ခံယူချက်အပိုင်းက လမ်းလွဲနေတယ်လို့ဆိုရင် မမှားနိုင်ဘူးထင်ပါတယ်။ ကျွန်တော်မကြာမကြာပြောဖူးတဲ့ EQ (စိတ် ခံစားမှုထိန်းချုပ်ခြင်း) အရည်အသွေးနိမ့်ကျမှုမျိုးက ကျွန်တော်တို့ပတ်ဝန်းကျင်တိုင်းမှာ အများကြီးဖြစ်နေကြတယ်။ ဒီပြဿနာ ကို လက်ရှိဖြစ်နေတဲ့အနေအထားနဲ့ ချိတ်ကြည့်ရအောင်ဗျာ။ ဒီလိုစဉ်းစားကြည့်ရအောင် . . .

ကစားသမားတစ်ယောက်အနေနဲ့ ဘေးကကြည့်ပြီးအားပေးတဲ့ ပရိသတ်ထက်ပိုပြီးနိုင်ချင်တာပေါ့” ဆိုတဲ့ဖြေရှင်းမှုမျိုး ကို ကြားဖူးကြမှာပါ။ ဒါပေမယ့် လက်တွေ့ကစားကြတဲ့အခါမှာ သူ့မှာရှိသင့်တဲ့အခြေအနေကို ရောက်အောင်မကစားနိုင်ဘူး။ ဒါဟာ ကမ္ဘာ့ထိပ်သီးနည်းပြတွေပြောပြောနေတဲ့ “အာရုံစူးစိုက်မှု (concentration)” ကျဆင်းတဲ့ပြဿနာပါပဲ။ ကစားသမား တစ်ယောက်နေရာက ၀င်ခံစားကြည့်ပါ။ ပြိုင်ပွဲတစ်ခုကို ပြိုင်ဖို့ အသင့်ဖြစ်နေပြီဆိုတဲ့ကစားသမားမျိုးပေါ့။ တွေ့ရမယ့် အသင်း အကြောင်းစဉ်းစားမယ်။ ကိုယ့်ထက်နိမ့်တဲ့အသင်းနဲ့ဆိုပါစို့။ ဒီအခါမှာဒီပွဲကို သူသုံးသပ်ကြည့်တော့ နိုင်ဖို့များတယ်။ ကိုယ့်အတွက်လည်း လွယ်ကူနေတယ်။ ဒီပွဲကိုစောင့်ကြည့်နေတဲ့သူတွေကလည်း တစ်နိုင်ငံလုံးဆိုတော့ သူသာ အစွမ်းပြ ကစားပြနိုင်ရင် ဆိုတဲ့အတွေးနောက်ကို လိုက်မိသွားမယ်။ အတွေးဆိုတဲ့အရာကလည်း တစ်ခုပြီးတစ်ခု ဆက်စပ်ပြီးဆွဲခေါ် သွားတတ်တာကြောင့် သူဘယ်လိုခြေစွမ်းပြပြီး ပရိသတ်တွေက ဘယ်လိုအာေးပးမယ်။ ဘယ်လိုချီးကျူးမယ် ဆိုတဲ့အတွေး တွေနဲ့သာယာတဲ့စိတ်ကူးယဉ်မှုတစ်ခုဆီရောက်သွားရင် သူ့ရဲ့ အာရုံစူးစိုက်မှုဟာ နည်းပြတည်ဆောက်ထားတဲ့ အခြေအနေထက် သူ့စိတ်ကူးယဉ်ကမ္ဘာဆီကို ပိုအလေးသာသွားပြီ။ တကယ့်ပွဲကျရင် သူစိတ်ကူးယဉ်ထားတဲ့ ပုံစံတွေကို ပုံဖော်ရင်း ကစားကွက်ကနေခွဲထွက်သွားပြီး ကစားပုံပျက်တဲ့ဆီဦးတည်သွားပါလေရော။ ကျွန်တော်ဘာလို့ ဒီလိုပြောလဲဆိုတော့ ကျွန်တော်လည်းအဆင့်တစ်ခုအထိ ကစားဖူးပြီး ဒီအခြေအနေဒီအတွေးမျိုးနဲ့ ကြုံရဖူးလို့ပါ။ ကိုယ့်အကြောင်းအစအဆုံးသိနေတဲ့ ဆရာတစ်ယောက်က သေချာနားလည်အောင် စိတ်ရှည်ရှည်နဲ့ ရှင်းပြပြီး ပြင်ဆင်တော့မှ အချိန်အကြာကြီးပျောက်နေတဲ့ အာရုံစူးစိုက်မှုကို ပြန်ဖမ်းလို့ရခဲ့ဖူးပါတယ်။ ဒါလူသားသဘာဝပါ။ ဘယ်သူမဆို ကိုယ့်ကို ချီးကျူးတာခံချင်တယ်။ အားလုံး က၀ိုင်းပြီးချီးကျူးနေတဲ့အခြေအနေမှာသာယာချင်တယ်။ ဘယ်သူတွေချီးကျူးတာ ဝေဖန်တာကိုမှ ဂရုမစိုက်ဘူး ဆိုတာ ညာနေတာပါ။
ကဲ . . .ဟုတ်ပြီ။ ဒီလိုတစ်ယောက်က ကစားကွက်ရဲ့ အနေအထားကိုဖောက်ဖျက်ရုံနဲ့ အားလုံးပျက်ရောလား။ မေးစရာရှိသလို အဖြေလည်းရှိပါတယ်။ လူ (၁၁)ယောက်ကစားတဲ့အခြေအနေမှာ တစ်ယောက်ပျက်တာက တည်ဆောက်မှု တစ်ခုလုံးကိုထိခိုက်စေသလားဆိုတော့ အများကြီးမဟုတ်တောင် အချိတ်အဆက်လုပ်ထားတဲ့အပိုင်းတချို့မှာ ထိခိုက်တာပေါ့။ ဒီမှာနောက်ထပ်စိတ်ခံစားမှုတစ်ခုက ထပ်ပြောစရာဖြစ်လာပါတယ်။ ကွင်းထဲမှာကစားသမားတစ်ယောက် အာရုံစူးစိုက် မှုလျော့ပြီး အားနည်းသွားရင် အဲလိုအားနည်းသွားတဲ့နေရာကို နောက်တစ်ယောက်ကဖြည့်မှ ဖြစ်တော့မှာပေါ့။ စိတ်အာရုံလွင့် နေတဲ့ကစားသမားရဲ့ တာဝန်နဲ့ အနီးဆုံးနေရာက ကစားသမားက “ငါ့အသင်းဖော်အားနည်းချက် ငါဖြည့်မှဖြစ်မယ်” ဆိုတဲ့ သူရဲကောင်းဝါဒအခြေခံစိတ်မျိုး ဖြစ်လာရော။ ကျွန်တော်အပေါ်ကပြောသလိုပါပဲ။ စိတ်ဆိုတဲ့အရာက ပုံသေနည်းနဲ့ တွက်လို့ရတဲ့အရာမှမဟုတ်ပဲ။ ဒီလိုအနေအထားမှာ တစ်ယောက်စာဝန်ထက်ပိုထမ်းတဲ့လူရဲ့ တာဝန်က ဘယ်လိုမှကျေပွန်ဖို့မရှိတော့ဘဲ ကွက်လပ်နောက်တစ်ခုဖြစ်လာသလို ဟိုဖက်ကိုအားဖြည့်တဲ့အပိုင်းကလည်းမပြည့်စုံတော့ ကွက်လပ်တစ်ခုကနေ နှစ်ခုဆီကို ဦးတည်လာရင်း . . . ဒါက ကျွန်တော်စိတ်ကူးယဉ်ပြီးလျှောက်ရေးနေတာမဟုတ်ပါဘူး။ အင်တာနက်မှာရှာပြီး ဖတ်ဖူးခဲ့တဲ့ ဘောလုံးအခြေခံ နည်းစနစ်ပိုင်း စာအုပ်တစ်အုပ်(နာမည်တော့ မမှတ်မိတော့ပါ)ထဲက ဖော်ပြမှုနဲ့ ကိုယ်တိုင်ကြုံခဲ့ရတာတွေကို ဆက်စပ်ကြည့် ပြီး ထွက်လာတဲ့သဘောတရားတစ်ခုပါ။ အဖြစ်မှန်နဲ့နီးစပ်သလို ဒီတစ်ခုတည်းက ပြဿနာရဲ့ အဓိက အရင်းအမြစ်မဟုတ်ရင်တောင် ဒီ “အာရုံစူးစိုက်မှု လျော့ကျခြင်း” ဆိုတာက အားကစားမှာ စိတ်ပိုင်းပြဿနာတိုင်းမှာ အနည်းနဲ့အများပါဝင်ပတ်သက်နေလို့ပါပဲ။ ဒါကြောင့်လည်း ဘောလုံးအင်အားကြီးအကယ်ဒမီတွေရဲ့သင်ရိုးမှာ အာရုံစူးစိုက်မှုနဲ့ ပတ်သက်တဲ့ လေ့ကျင့်ခန်းတွေကို ထည့်သုံးနေကြတာဖြစ်ပါတယ်။ ကိုယ့်ဆီကအကယ်ဒမီတွေမှာတော့ ဒီလိုစိတ်ပိုင်းဆိုင်ရာသင်ရိုး ရှိပုံမရသလို ရှိခဲ့ရင်တောင် ကစားသမားတွေကိုနားလည်အောင် လမ်းညွှန်နိုင်တဲ့အဆင့်အထိတော့ မရောက်တာသေချာပါတယ်။
အခုဆီးဂိမ်းမှာ (၂)ပွဲပြီးတော့ ကျွန်တော်တို့ကို ကိုယ်စားပြုနေတဲ့ မြန်မာယူ-၂၂ အသင်းရဲ့အနေအထားက ရလဒ်ပိုင်း အရ အဆင်ပြေတဲ့အခြေအနေဖြစ်ပေမယ့် ခြေစွမ်းပိုင်းအနေနဲ့ကတော့ လိုချင်တဲ့နေရာရောက်ဖို့ခက်နေတာသေချာပါတယ်။ အဓိကလိုအပ်နေတာကလည်း ပြိုင်ပွဲမတိုင်ခင် အကြိမ်ကြိမ်လေ့ကျင့်လေ့လာထားတဲ့အချိတ်အဆက်ပိုင်းတွေမှာ လွဲချော်နေလို့ ဆိုတာ ပွဲကြည့်ခဲ့တဲ့သူတွေ သိပြီးသားပါ။ ဒီလိုပြတ်တောက်နေတဲ့အချိတ်အဆက်တွေကို ပြန်ပြီးပြင်ဆင်နိုင်မယ်ဆို ပိုကောင်းတဲ့ ကစားပုံ ပိုကောင်းတဲ့အသင်းနဲ့ ပိုကောင်းတဲ့ရလဒ်တွေဆီကိုဦးတည်မှာသေချာပါတယ်။ ပြင်ဆင်ဖို့စဉ်းစားတဲ့နေရာမှာ လုပ်ပြီးသားလေ့ကျင့်ခန်းတွေ၊ မိပြီးသားချိန်ကိုက်မှုတွေကို ထပ်လေ့ကျင့်တာမျိုး ပြင်ဆင်တာမျိုးထက် စိတ်ပိုင်းဆိုင်ရာပြင်ဆင် မှုက ပိုပြီးထိရောက်တဲ့ပြင်ဆင်မှုမျိုးဖြစ်လာမှာပါ။ လက်ရှိမှာ ဆီမီးတက်ဖို့မခက်ဘူးဆိုတဲ့ အမြင်မျိုးကို အရင်ဆုံးပုံစံပြောင်းပေးဖို့ လိုပြီး ကစားရတဲ့ပြိုင်ဖက်တိုင်းရဲ့ အားသာချက်အားနည်းချက်ကို စူးစမ်းလေ့လာ၊ တစ်ပွဲချင်း ရှေ့ဆက်တာမျိုးက ပိုအဆင်ပြေ နိုင်ပါလိမ့်မယ်။ ဒါကိုအုပ်စုလက်ကျန်(၂)ပွဲမှာပြင်ခွင့်ရှိပါတယ်။ အဲဒီ(၂)ပွဲမှာ မပြင်နိုင်ဘူးဆိုရင် ဆီမီးဆိုတာ ကျွန်တော်တို့ရဲ့ ခရီးဆုံးဖြစ်ဖို့ (၉၀%)လောက်သေချာတယ်လို့ သတိပေးချင်ပါတယ်။
မောင်ဖိုးကွန့်
27-11-2019

မှတ်ချက်များ။