အရေးကြီးဆုံးက ကိုယ့်အလုပ်ကိုယ် အကောင်းဆုံးဖြစ်အောင်လုပ်ပါ မြန်မာ …

Indo Sub: Gol pemain Kamboja saat melawan Myanmar menjadi yang tercepat dalam sejarah Sea Games

ပွဲကတော့ ကြည့်လှသွားပြီဟေ့..

ဘာတွေဆက်ဖြစ်လာကြမလဲမသိ..

သေချာတာကတော့ အုပ်စုတွင်းမှာ ရမှတ်တူရင် Goal difference နဲ့ ရှေ့ဆက်မယ်တဲ့။ ဒီတော့ အခြေအနေတွေက အနေအထားတစ်ခုဖြစ်လာပြန်တယ်။ ဘယ်လိုလဲ မြန်မာ..။

မနေ့တုန်းက ဖိလစ်ပိုင်က မလေးရှားကို ၁-၀ နဲ့ကပ်အသာရလိုက်တာကြောင့် အုပ်စုအတွင်း အနေအထားဟာ စိတ်ဝင်စားဖို့ကောင်းသွားသလို မြန်မာအတွက်လည်း အခွင့်အရေး ကောင်းတွေ ထွက်ပေါ်လာပြီဖြစ်တယ်။ တစ်ခုရှိတာက အဲ့ဒီအပေါ်မှာ သွားသာယာနေလို့ မရ သေးဘူး။ လုပ်စရာရှိတာကို အကောင်းဆုံးလုပ်ပြနိုင်ဖို့လိုသေးတယ်။ အရှုပ်တွေထဲမှာ ရှင်း အောင်နေရမှာက မြန်မာဖြစ်နေတယ်။

နောက်ဆုံးပွဲက မြန်မာ အတွက် ကမ္ဘောဒီးယားနဲ့ဖြစ်တယ်။ မလေးက ရှုံးလိုက်လို့ မြန်မာအတွက် ကမ္ဘောဒီးယားပွဲက ပိုလို့တောင် အရေးပါလာတယ်။ ကိုယ်တွေအတွက် လိုအပ်ရင် မရှုံးအောင်လုပ်ဖို့ပဲလိုတယ် ဆိုပေမယ့် မထင်မှတ်တာတွေက ၀င်လာနိုင်စရာ ရှိနေသေးတော့ အဲ့ဒီအချက်ကို စိတ်ဝင်ပူနေ မိတယ်ဆိုတာပါပဲ။

ဘာပဲဖြစ်ဖြစ် ကိုယ့်အလုပ် ကိုယ် အကောင်းဆုံးလုပ်ဖို့ပဲလိုတော့တယ်။ ဒီလိုဖြစ်လာဖို့ ကိုယ်ကံကြမ္မာ ကိုယ်တိုင်ရေးခဲ့ကြတာပဲမဟုတ်လား။ အခုအနေအထားအရမှာတော့ မြန်မာ အတွက် ရှုံးပွဲမရှိတာကို ပဲ ကျေနပ်ရမယ့် အမြင့်ဆုံးအနေအထားလိုမျိုးဖြစ်နေတယ်။

ဟုတ်ပါတယ်။ မနေ့တုန်းက မြန်မာဟာ လုပ်စရာရှိတာကို အကောင်းဆုံးလုပ်သွားကြတယ်။  ပြောရမယ်ဆိုရင် သွင်းဂိုးတွေနဲ့ ပေးဂိုးတွေကြားမှာ အနိုင် ၃ မှတ်ကို အကောင်းဆုံးယူပြသွား နိုင်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ်ကျေနပ်စရာလို့တော့မြင်ရတယ်။

တစ်ခုရှိတာက မြန်မာအသင်းရဲ့ ကစားအားနဲ့ ပတ်သက်လာရင် လူငယ်လေးတွေရော၊ အသက်ကျော် ကစားသမားတွေထဲမှာ ခေါ်ယူသွားတဲ့ ကစားသမားတွေရော ထင်သလိုအားမရတာ ထည့်ပြောဖြစ်တယ်။ အထူးသဖြင့် ချိန်သားမကိုက်တဲ့ ကီးချော်မှုတွေပေါ့။

တီမောလို အသင်းမျိုးကို သူတင်ကိုယ်တင် ကစားနေရပြီး တစ်ဖက် ထိုးဖောက်သမျှကို ခံနေရတဲ့နေအထားဟာ မြန်မာ ပရိသတ်တွေအတွက်တော့ ကမ္ဘောဒီး ယားနဲ့ပွဲနေ့အထိ ရင်ခုန်လို့မဆုံးဘူးဖြစ်နေတယ်။ ဒါပေမယ့် ဖိလစ်ပိုင်က မလေးရှားကို အနိုင်ကစားသွားတော့ အခြေအနေက တစ်မျိုးတစ်ဖုံ ဖြစ်လာပြန်တယ်မဟုတ်ပါလား။

ဘယ်လိုပဲဖြစ်ဖြစ် စိတ်ပျက်စရာ မဖြစ်အောင် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်မှုတွေ က မြန်မာအတွက် အသင့်ဖြစ် နေတာကိုပဲ ၀မ်းသာရမလိုပါပဲ။ နောက်ဆုံး လက်ကျန်တစ်ပွဲ ကမ္ဘောဒီးယားနဲ့နွဲမယ်။ မြန်မာ အတွက် ပွဲပန်းတယ်။ အနားမရဘူး။ ကြားမှာ နားရတဲ့ အချိန်ကာလလောက်အတွင်းမှာ မြန်မာ ဟာ အချိန်လုနား၊ အချိန်လုလေ့ကျင့်နေရင်း ပြိုင်ပွဲဝင်နေရတယ်။

မလေးရှား၊ တီမော၊ ကမ္ဘောဒီးယား စတဲ့အသင်းတွေ အားလုံးအနားရပြီးပြီ၊ ရှေ့လာမယ့်ပွဲဆိုရင် ဖိလစ်ပိုင် နားရမယ့်အလှည့်၊ မြန်မာက နောက်ဆုံးမှ အနားရမယ်။ သိပ်တော့မနိပ်ဘူး။ ဒါပေမယ့် မြန်မာ အတွက် တစ်ခု ကံကောင်းစေတာက ဆီမီးဖိုင်နယ်တက်လှမ်းခွင့်ရမယ်ဆိုရင် အနားရမှုအပိုင်း မှာ ရက်ပိုလေးတွေတော့ ထွက်လာတယ်ပေါ့နော်။ အဲ့ဒါတော့ ၀မ်းသာစရာ အချက်တွေထဲက တစ်ခု အဖြစ် ကိုယ့်အတွက် ပင်ပန်းသမျှ အမြတ်လို့တော့ ယူဆနိုင်တယ်။

ထားပါ၊ ဘာပဲဖြစ်ဖြစ် မြန်မာအတွက်တော့ စိတ်ဝင်စားစရာတော့ ကောင်းသွားတယ်။ ခြေစွမ်းအကောင်းစားမဟုတ်ပေမယ့် မြန်မာဟာ မြန်မာ ပီသတယ်။ အဖွင့်ဂိုးတွေ ကို ကစားပြီး သမျှ ပွဲတွေမှာ ရအောင်သွင်းယူနိုင်တယ်။ ခြေဂိုးတွေပြန်ပေးတာကလည်း အစဉ်အလာလိုမျိုး ဖြစ်နေပြီး အခုအချိန်အထိ Clean Sheet တစ်ပွဲမှ မယူထားနိုင်သေးပဲနဲ့ နောက်တစ်ဆင့်ကို အုပ်စုဗိုလ်အဖြစ်သွားဖို့ ခရီးဆက်နေတယ်။

ဒါဟာ မြန်မာပရိသတ်တွေအတွက် ပြောစရာဖြစ်စေတဲ့ ခံစစ်အား နည်းတဲ့အချက်ဖြစ်တယ်။ တစ်ဖက် တိုက်စစ်သမားတွေနဲ့အပြိုင် လိုက်ပြေးနိုင်တာမျိုး လည်းမရှိ၊ လူကပ်ကစား ပုံကလည်း အားနည်း၊ နေရာယူမှုတွေကလည်း ထင်သလို အစေးမကပ် ဖြစ်နေပေမယ့်လည်း မြန်မာ ရဲ့ ရှေ့တန်းနဲ့ကွင်းလယ်တိုက်စစ်ဟာ ခံစစ်အားနည်းချက်ကို အကောင်းဆုံး ဖာထေး ပေးထားတယ်။

မြန်မာပြည်အကြိုက် မြန်မာတိုက်စစ်က အကောင်းစားမဟုတ်တာတောင် ကစားထားပြီးသမျှ အနေအထားမှာ ဂိုးတွေကတော့ ဦးအောင်လို့ကိုရနေတာ သဘောကျချင်စရာပါ၊ မြန်မာဟာ ပွဲစပြီး ပြောနေကြအတိုင်း မိနစ် ၃၀ အထိ သိပ်ကောင်းတဲ့ ရုန်းအား၊ တွဲလုံးတွေအပြင် ထိုးစစ် တွေက မာန်နဲ့ ဟန်နဲ့ သိပ်ကိုဝင့်ထည်တယ်။

ဒါပေမယ့် နောက်ပိုင်းမှာ ထင်သလိုမျိုးမဟုတ် တော့ဘူး။ အထူးသဖြင့် ကွင်းလယ်ပိုင်းမှာ ကွက်လပ်တွေ ဖြစ်ဖြစ်လာတဲ့အပေါ် ဖာထေးပေး မယ့်သူမရှိဘူး။ တစ်ဖက်က ကောင်တာတွေဝင်လာပြီဆိုရင် မြန်မာဟာ တစ်ချိန်မဟုတ်တစ်ချိန် မှာ အကြီးကြီးကို အခက်တွေ့တော့တာပါပဲ။

ကမ္ဘောဒီးယားနဲ့ပွဲနေ့မှာ ဒါမျိုးတွေ ခပ်များများဖြစ်လို့မရဘူးနော်၊ ဟိုကလည်း တောင်ပံကစား သမားတွေ သိပ်မြန်သလို တစ်ယောက်ခြင်း ဘောလုံးကိုင်ပြီး ၀မ်း-တူးခင်းတာတွေ က ဖိလစ်ပိုင်လိုပဲ ကစားတတ်တယ်။ အားတွေက မြန်မာထက် မတိမ်းမယိမ်းဆိုပေမယ့် အလိမ်အလှည့်တွေမှာတော့ ကမ္ဘောဒီးယားက ကစားသမားတွေဟာ သူတို့စိတ်ထဲမှာ အားလုံး က မက်ဆီလို၊ စီရော်နာဒိုလို ခံယူချက်တွေနဲ့ကစားနေသလားပဲ။

မြန်မာနဲ့နေ့မှာ ဒါမျိုး အဖြစ် ခံလို့မရဘူး။ မြန်မာက နောက်ဆုံးပွဲမှာ အမှတ်မျှပြီး ယူရင် အဆင်ပြေတယ်ဆိုပေမယ့် မြန်မာရဲ့အောက်က အသင်းတွေ အဖို့တော့ အမှတ်မျှ ယူခွင့်ကို မရှိတာပါ၊ ဒီတော့နိုင်အောင် တိုက်လာမယ့်အနေအထားမှာ ကိုယ်တွေ အနေနဲ့ တစ်ဖက်က ဖိအားပေးမှုကို သေချာချိန်ဆကစားမှ အဆင်ပြေသွားလိမ့်မယ် ဆိုတာပါပဲ။

ရှင်းစရာရှိတာရှင်းထုတ်၊ ပြတ်ပြတ်သားသားနဲ့ဒွိဟတွေအောက်မှာ သောကများနေလို့မရဘူး။ ယုံကြည်ချက်တွေမြင့်လာတာခြင်းတူတာတောင် ကိုယ်တွေက ပွဲပန်းနေတယ်ဆိုတာမျိုး သူတို့ တွေအရှေ့မှာ ထုတ်ပြလို့မရဘူး။

မျက်နှာထားမှာကိုက မာန်ကိုဝင့်နေမှရမယ်။ ကမ္ဘောဒီးယား ကစားသမားတွေရဲ့ လုပ်အားနှုန်းက မြန်တယ်။ သန်တယ်၊ ဂိုးကန်တာတွေကတော့ ကိုယ်တွေ လိုပဲ မှန်ကန်မှု နည်းတယ်။ လောကြီးတယ်။ မနက်ဖြန်တွေ့မယ့်အသင်းရဲ့ အနေအထားက မြန်မာတွေ အတွက်တော့ သေချာ ဂရုစိုက်ထိန်းချုပ်ဖို့တော့လိုသေးတယ်။

မနက်ဖြန်ပွဲအတွက် လိုချင်တဲ့အဖြေမှာ သရေဆိုတာ မက်မောလို့ကောင်းတဲ့အရာမဟုတ်ဘူး။ ဖြစ်နိုင်ချေတွေ ဖြစ်တန်စွမ်းတွေဟာ သပ်သပ်ပါ၊ ဒါကို မက်ပြီး ဖြစ်အောင် လုပ်နေရင်း မထင်မှတ်တာတွေဖြစ်လာနိုင်တာကိုပါထည့်တွက်ထားရမယ်။ ကိုယ်တွေအဖို့တော့ ပွဲစဉ်တိုင်း ဟာ ဖိုင်နယ်လိုမျိုးကို ကစားနေမှဖြစ်လိမ့်မယ်။ နို့မို့ဆိုရင် မလွယ်ဘူး။

တီမောနဲ့ပွဲကလိုမျိုး တစ်ဖက်ကစားသမားတွေကို မကျော်လွန်နိုင်တဲ့ လူအပေးအပို့တွေဟာ ဂိုးအဖြစ်ပြောင်းလဲနိုင်စွမ်းရှိရမယ့်အနေအထားမှာ ပျက်ပျက်သွားတာများ သိပ်နစ်နာတယ်။ ဒါ မျိုး အခွင့်အရေးတွေမဖြုန်းတီးပစ်ဖို့လိုတယ်။

ပြီးတော့ ဂိုးသွင်းသပ်ရပ်ဖို့ ကိုလည်း ဂရုစိုက် ရ မယ်။ အခွင့်အရေးတိုင်းဟာ ကိုယ်တွေအတွက် ဖြစ်နေရမယ့်ပွဲကို မနက်ဖြန်မှာ ဖန်တီးရမယ်။ သူများတွေ ဘာဖြစ်ဖြစ် ကိုယ်တွေဂရုစိုက်နေစရာမှမလိုတာပါ၊ အရေးကြီးတာက ကိုယ်တွေ အတွက် ရလဒ်ကောင်းထွက်နေဖို့ပဲလိုတယ်။

ဒီတော့ အုပ်စုတွင်းနောက်ဆုံးပွဲ နွဲဖို့ မြန်မာရေ … ထပ်ပြီး အားတင်းထားပါ။ မောင်းတင်ထားပြီး ကမ္ဘောဒီးယားကို အနိုင်တိုက်ဖို့ဆက်လုပ်ကြပါလို့ အားပေး စကားပြောရင်း….

 

Group A လက်ကျန်ပွဲစဉ်များ

2 December 2019           Malaysia            6:30      Timor-Leste      Rizal Memorial Stadium, Manila

2 December 2019           Myanmar          6:30      Cambodia         Biñan Football Stadium, Biñan

4 December 2019           Cambodia          2:30      Malaysia           Rizal Memorial Stadium, Manila

4 December 2019           Timor-Leste       2:30      Philippines       Biñan Football Stadium, Biñan

Group A

Pos       Team                Pld       W         D          L          GF        GA        GD       Pts

1          Myanmar         3          2          1          0          6          3          +3        7          Semi-finals

2          Cambodia         2          1          1          0          6          1          +5        4

3          Philippines (H) 3          1          1          1          3          3          0          4

4          Malaysia           2          0          1          1          1          2          −1        1

5          Timor-Leste      2          0          0          2          1          8          −7        0

ထွန်းထွန်းဦး(လှိုင်)

မှတ်ချက်များ။