မြန်မာ ယူ-၂၂ နဲ့ ပိုပေါ့ဗ်တို့နည်းစနစ်ကို စိတ်ကူးယဉ်ကြည့်ခြင်း

Indo Sub: Gol pemain Kamboja saat melawan Myanmar menjadi yang tercepat dalam sejarah Sea Games

မြန်မာ 2 – 1 ကမ္ဘောဒီးယား . . .

အားရကျေနပ်တဲ့ရလဒ်ပါပဲ။ ဒီပွဲမတိုင်ခင်ကတည်းက ကမ္ဘောဒီးယားခြေစွမ်းကို အကဲဖြတ်တဲ့ပရိသတ် ၂မျိုးကွဲနေပြီး မြန်မာအနေနဲ့ အေးအေးဆေးဆေးနိုင်တယ် ဆိုတဲ့အဖွဲ့နဲ့ မြန်မာနိုင်မယ်ဆိုရင်တောင် တော်တော်ကြိုးစားရမယ် ဆိုတဲ့အဖွဲ့ ၂ခုတွေ့ခဲ့ရပါတယ်။ ပထမအဖွဲ့က သမိုင်းအစဉ်အလာအရ ကမ္ဘောဒီးယားဆိုတာ ဘယ်တုန်းကမှ ကိုယ့်ကို မယှဉ်နိုင်ခဲ့ဘူး ဆိုတဲ့ အခြေအနေကိုလက်ကိုင်ထားခဲ့ပြီး ကိုယ့်အသင်းကိုယ် မျက်စေ့မှိတ် ထောက်ခံခဲ့ကြတာပါ။ ကျွန်တော်က ဒုတိယအဖွဲ့မှာပါခဲ့ပြီး နိုင်ဖို့အခွင့်အရေး (၂၀%) လောက်ပဲရှိတယ်လို့တွက်ထားတာပါ။ ဘာကြောင့်လဲဆိုတော့ အစဉ်အလာနဲ့ခြေစွမ်းကြောင့်ပါပဲ။ ပြီးခဲ့တဲ့ (၂)လပိုင်းတုန်းက ထိပ်တိုက်တွေ့ခဲ့ဖူးပြီး အဲဒီပွဲမှာ မြန်မာအသင်းရဲ့ နည်းပြက ပိုပေါ့ဗ်ပဲဖြစ်သလို ကျွန်တော်တို့အသင်း (၂-၀)နဲ့ ရှုံးခဲ့ပါတယ်။ ရှုံးတာမှာ ခြေစွမ်းရော ရလဒ်ပါရှုံးခဲ့တာဖြစ်ပါတယ်။ ဒါတောင် ပင်နယ်တီတစ်လုံးပေးခဲ့ရတာ မ၀င်လို့သာ (၂-၀) ဖြစ်တာပါ။ ကိုယ်တွေအသင်းရဲ့ အစုအဖွဲ့ကလည်း ဒီအစုအဖွဲ့ပဲဖြစ်ပါတယ်။ နောက်ပြီး ကြားထဲမှာ (၁၀)လ လောက် မျက်ခြေပြတ်နေခဲ့တဲ့အခြေအနေအရ ကမ္ဘောဒီးယားက ဆီဂိမ်းမှာဝင်ပြိုင်တော့မှ ပြန်မြင်ခဲ့ရပြီး (၂)လပိုင်းတုန်းကအသင်းထက် ပိုပြီး အချိတ်အဆက်တွေရော တစ်ဦးချင်းတွေပါ သိသိသာသာ တိုးတက်လာခဲ့တာ သုံးသပ်လို့ရခဲ့ပါတယ်။ ကိုယ့်အသင်းလဲ တိုးတက်မှုတွေရှိခဲ့ပေမယ့် ဒီပြိုင်ပွဲအရောက်မှာ မျှော်လင့်သလောက် ရောက်မလာခဲ့တော့ ဒီပွဲမတိုင်ခင်မှာ သရေ(၅၀%)၊ မြန်မာ အနိုင်(၂၀%)၊ ကမ္ဘောဒီးယားအနိုင် (၃၀%) လို့ပေးထားခဲ့ပါတယ်။ ဒါပေမယ့်လက်တွေ့မှာ ကိုယ့်အသင်းက ထင်ထားတာထက် ပိုကောင်းအောင်လုပ်ပြပြီး အနိုင်ရလဒ်ကို ရယူသွားခဲ့ပါတယ်။ ပိုကောင်းတယ်ဆိုတာက စိတ်ဓာတ်အမြင့်ဆုံးနဲ့ ကြိုးစားမှုကို ပြော တာဖြစ်ပြီး ဒီနိုင်ပွဲမှာ ဒီထက်ပို အဓိက ကျတဲ့အကြောင်းအရာကတော့ နည်းပြမစ္စတာပိုပေါ့ဗ်နဲ့ နည်းဗျူဟာ နဲ့ ချဉ်းကပ်ပုံပါပဲ။

ဒီပွဲမှာ မစ္စတာပိုပေါ့ဗ်အတွေးကို မချဉ်းကပ်ခင်မှာ အသင်းရဲ့ ဒီပွဲမတိုင်ခင်အနေအထားကို ပြန်သွားကြည့်ကြရအောင်။ တိုက်စစ်ပိုင်းမှာ မဆိုးလှဘူး ဆိုတဲ့အခြေအနေထက်ပိုကောင်းနေပေမယ့် ခံစစ်ကတော့ ဆိုးတယ်ဆိုတာထက်ပိုနေတာ အားလုံး အသိပါပဲ။ ကျွန်တော်မြင်သလောက် ပိုပေါ့ဗ်တည်ထားတဲ့စနစ်အရ ခံစစ်ပိုင်းဟာ ဒီလောက်ဆိုးရွားနေတာ အဓိပ္ပါယ်မရှိပါဘူး။ ဘာကြောင့်လဲ. . .??? အရင်ပွဲတွေမှာ ခံစစ်အားနည်းချက်ရဲ့ သော့ချက်ကို ရိပ်မိရုံလောက်ပဲရှိပေမယ့် ဒီနေ့ပွဲကြည့်ပြီးတော့ ကိုယ့်အထင်မှန်တယ်ဆိုတာ ပိုခိုင်မာလာပါတယ်။ အဓိက က လှိုင်းဘိုဘို။ ပြိုင်ပွဲစကတည်းက ကွင်းလယ်(၃)ယောက်တန်းမှာ လှိုင်းဘိုဘို၊ လွင်မိုးအောင်၊ အောင်နိုင်ဝင်း ပုံမှန်သုံးနေခဲ့တာပါ။ ကျွန်တော်ဒီပွဲမတိုင်ခင်မှာ လှိုင်းဘိုဘို ကိုသက်ကျော် ကစားသမား အနေနဲ့ခေါ်ခဲ့လို့ ဝေဖန်တဲ့ စာတစ်ပုဒ်လည်းရေးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ပြိုင်ပွဲတစ်လျှောက်လုံးမှာ ကျွန်တော့် တစ်ဦးတည်းအနေနဲ့ အထူးချီးကျူးချင်ပါတယ်။ ကျွန်တော်စသိတဲ့အချိန်ကစပြီး အခုအချိန်အထိ အကောင်းဆုံးပုံစံနဲ့ ဒီအသင်းကိုပူးပေါင်းခဲ့လို့ပါ။ အရင်က ကစားခဲ့တဲ့ ကစားဟန်တွေ ကစားပေါက်တွေသာမက စိတ်ဓာတ်ပိုင်းကိုပါ အတတ်နိုင်ဆုံး ပြင်ဆင်ပြီး ၀င်ကစားပေးခဲ့ပါတယ်။ ကျေးဇူးတင်ပါတယ် လှိုင်းဘိုဘို။ ဒါပေမယ့် သူက ကွင်းလယ်သမား တွေထဲမှာ Creative Mind ကသာမန်ပဲရှိသလို ပိုပေါ့ဗ်တည်ဆောက်ထားတဲ့ Short pass attacking style ကစားပုံမှာ ချက်ချင်းအံဝင်အောင် ကစားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဖြစ်လည်းမဖြစ်ခဲ့ပါဘူး။ ကျွန်တော် မြင်ဖူးသမျှ လှိုင်းဘိုဘို ကစားပုံမှာ ဒီပြိုင်ပွဲမှာ ကစားတဲ့ပုံစံက အသင်းအပေါ်ပေးဆပ်မှုအများဆုံးနဲ့ အကောင်းဆုံးပါ။ ဒါပေမယ့် သူ့ပေးဆပ်မှုက မရောက်ခဲ့ပါဘူး။ အရင်ပွဲတွေမှာ သူကစားခဲ့တဲ့ ကြိုးကြိုးစားစား လိုက်ကစားပုံ ကွက်လပ်ဖြည့်ပေး ကစားကွက်ဆောက်ပေး ဖို့ လုပ်နေတာတွေ အားလုံးမြင်ပါလိမ့်မယ် ဒါပေမယ့် ပိုပေါ့ဗ်ကစားဖို့ ဇာတ်တိုက်ထားတဲ့ Attacking Style မှာ အကျိုးမရှိသလို တစ်ခါတစ်လေ အပြစ်တွေတောင်ဖြစ်နေခဲ့ပါတယ်။ ဥပမာ အနေနဲ့ တခြားကစားသမားတွေ ကစားကွက်ကို Build up လုပ်လာပြီး သူ့ဆီ ရောက်တဲ့အချိန်မှာ သူက Play Making Pass လုပ်တယ်ဆိုပါစို့။ သူပေးတဲ့နေရာကောင်းပေမယ့် သူဒီနေရာပေးမယ်ဆိုတာ မသိတဲ့ တိုက်စစ်က ကစားသမားတွေအနေနဲ့ ဘယ်လိုမှကြိုနေရာယူထားလို့မရဘူးလေ။ ဒီတော့ ပျက်ရောပေါ့။ ဒီသဘောမျိုး ပြောတာပါ။ ဒီတော့ ရှေ့မှာကစားခဲ့တဲ့ မလေးရှား၊ ဖိလစ်ပိုင်၊ တီမော ပွဲ(၃)ပွဲမှာ တိုက်စစ်ဆင်တဲ့အခါ လှိုင်းဘိုဘို ကသတ်သတ် ကျန်တဲ့ကစားသမားတွေက သတ်သတ်လိုဖြစ်နေတဲ့အခြေအနေတွေအများကြီးကြုံခဲ့ပါတယ်။ (သေချာသိဖို့ အဲဒီပွဲတွေကို ပြန်ကြည်ရင်မြင်ပါလိမ့်မယ်)။ အဲ . . . ဒီလို အခြေအနေမျိုးမှာ သူက အမြဲ ဘာလို့ 1st Line up ဖြစ်နေလဲဆို တာ တော့ ကျွန်တော်လည်းမသိပါဘူး။ ပါတာတော့အမြဲပါနေတာပေါ့။

အပေါ်မှာ သူနဲ့ပတ်သက်ပြီး ကျွန်တော်ပြောခဲ့တာ တိုက်စစ်အတွက် ဖြစ်ပြီး ခံစစ်မှာလည်း သူနဲ့ချိတ်ဆက်ရတဲ့ အပိုင်း တွေမှာကွက်လပ်တွေ အများကြီးဖြစ်လာခဲ့ပါတယ်။ ဒီအခြေအနေက ခံစစ်ကစားသမားတွေရော သူနဲ့ကွင်းလယ်မှာ အတူ တွဲတာဝန်ယူရတဲ့ လွင်မိုးအောင်နဲ့ အောင်နိုင်ဝင်းကိုပါ ဖိအားတွေဖြစ်စေခဲ့ပါတယ်။ ဒါကြောင့်လည်း ရှေ့ကပွဲတွေတိုင်း ပေးရတဲ့ ဂိုးတွေက ခံစစ်အမှားဆိုတာထက် ကွင်းလယ်က ခံစစ်ကို Cover မပေးနိုင်တဲ့အကျိုးဆက်ကြောင့်လို့ ထင်ခဲ့တာပါ။ ကျွန်တော် မြင်သလို နည်းပြကြီးလည်း မြင်ပုံပါပဲ။ ဒါကြောင့် ကမ္ဘောဒီးယားနဲ့ပွဲမှာတော့ . . .

ကမ္ဘောဒီးယားနဲ့ပွဲ လူစာရင်းထွက်လာတော့ နည်းနည်းဇဝေဇ၀ါဖြစ်သွားတယ်။ တိုက်စစ်မှာ နေရာလွတ်အများ ဆုံးရအောင် ဖန်တီးပေးနိုင်တဲ့ အောင်ကောင်းမာန်အစား ကွင်းလယ်ခံစစ်အားသန် နေမိုးနိုင်ပါလာတာပါ။ ပထမစဉ်းစားတာ Base Formation ပြောင်းကစားမယ်ထင်ခဲ့တာပါ။ ဒါပေမယ့် ၄-၃-၃ ကိုပဲကစားခဲ့ပြီး ကွင်းလယ်မှာ လူပိုသက်သက်လိုဖြစ် နေတဲ့ လှိုင်းဘိုဘိုကို ခံစစ် Duties တွေမလုပ်ခိုင်းတဲ့အပြင် အောင်ကောင်းမာန်နေရာဖြည့်ဖို့ No 10 Role ကစားခိုင်းခဲ့ပါတယ်။ သဘောကတော့ တိုက်စစ်သာကစား အဖက်နဲ့ ကွင်းလယ်မင်းမှာတာဝန်မရှိဘူးဆိုတဲ့သဘောပေါ့။ နဂိုက Cover အားနည်းတဲ့ ကွင်းလယ်ခံစစ်မှာတော့ နေမိုးနိုင် အောင်နိုင်ဝင်း ကို Deep ကစားခိုင်းထားပြီး သူ့ Original Defence ပုံစံကို ဖန်တီးတာပါ။ တော်တော်အလုပ်ဖြစ်ပါတယ်။ နဂိုကတည်းက အချိတ်အဆက်နဲ့လုပ်ထားတဲ့ ခံစစ်ဖြစ်တာကြောင့် DMF က Pressing လုပ်ပြီး Wiper လုပ်ရာက စင်လာတာတွေကို CB တွေက စားရုံ သက်သက်သာသာနဲ့ မြန်တဲ့ ခမာတိုက်စစ်ကို ထိန်းနိုင်ခဲ့ပါတယ်။ ပေးရ တဲ့ဂိုးကလည်း နည်းစနစ်အမှားမဟုတ်ဘဲ ဆန်းဆက်နိုင်ရဲ့ individual အမှားကြောင့်ဖြစ်ပြီး ပေးလိုက်ရတဲ့ဂိုးအပါအ၀င် ကိုယ့်ဂိုး ပေါက်ခြိမ်းခြောက်ခံရတဲ့နှုန်းက အရင်ပွဲတွေလောက်မရှိခဲ့ဘဲ ခိုင်မာတဲ့ခံစစ်ကို အားရကျေနပ်စွာတွေ့လိုက်ရပါတယ်။ ဒါကြောင့်ကျွန်တော်က ဂိုးပေးလိုက်ရတဲ့အချိန်မှာလည်း သိပ်မစိုးရိမ်ခဲ့ဘဲ ပြန်ရမယ်ဆိုတာ မျှော်လင့်ပြီးအားရကျေနပ်နေခဲ့ပါ တယ်။ ထင်တဲ့အတိုင်း ချေပဂိုးကို သိပ်မကြာခင်ရခဲ့သလို ကစားပုံအရှိန်ရလာတဲ့အချိန်မှာ ကိုယ်တွေက Possession အသာ Chance အသာ Play အသာနဲ့ ကစားနိုင်ခဲ့တာပါ။
ဒါကြောင့်ဒီနေ့နိုင်ပွဲအတွက် နံပါတ် (၁)ချီးကျူးရမှာ ပိုပေါ့ဗ်ဖြစ်ပြီး အသင်းအတွက်ပေးဆပ်လိုစိတ်အပြည့်နဲ့ ကစားခဲ့တဲ့ ညီငယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်။ ကျွန်တော်သုံးသပ်မိခဲ့သလို အသင်းအတွက် ထိရောက်မှုမရှိဘဲ အပိုဖြစ်နေ ပေမယ့် ကစားပုံရော စိတ်ဓာတ်ပါ ပြုပြင်ပြီး ပြောင်းလဲကစားပေးခဲ့တဲ့ လှိုင်းဘိုဘိုကိုလည်း ချီးကျူးချင်ပါတယ်။ (ဖရီးကစ်လု မကန်ရင် ပိုချီးကျူးဖြစ်ပါလိမ့်မယ် :D)။

တချို့ကပြောတယ်ဗျ။ ကျွန်တော်ဘောလုံးပွဲ Review လုပ်တာ စိတ်ကူးယဉ်ဆန်တယ်တဲ့။ မှန်ပါတယ်။ ၀န်ခံရမှာပဲ တကယ်ပဲ့ကိုင်နေတဲ့သူနဲ့ အတွေးထပ်တူညီဖို့ဆိုတာ ဖြစ်မှမဖြစ်နိုင်တာ စိတ်ကူးယဉ်ရမှာပဲပေါ့။ နောက်ပြီး ဒီလိုစိတ်ကူးယဉ်ပြီး နည်းပြနေရာ ကစားသမားနေရာတွေက ၀င်ခံစားရေးဖြစ်တာက အဖြစ်မှန်နဲ့ ပိုနီးတယ်လို့ခံစားရတာကြောင့်လဲပါပါတယ်။ အဲဒါကြောင့် ကျွန်တော်ရေးသမျှက ကျွန်တော့်အတွေး ကျွန်တော့်စိတ်ကူးယဉ်မှုနဲ့ ကျွန်တော့်အမြင်သာဖြစ်ပါကြောင်းလဲ ထပ်လောင်းတာဝန်ခံလိုက်ပါတယ်ခင်ဗျား . . .။

မောင်ဖိုးကွန့်
2-12-2019

မှတ်ချက်များ။