ဖိုင်နယ်သွားဖို့ ထိုင်းကိုအလဲထိုးပြနိုင်မှာလား မြန်မာ …

Indo Sub: Gol pemain Kamboja saat melawan Myanmar menjadi yang tercepat dalam sejarah Sea Games

ဒီနေ့က အိမ်နီးချင်း ဒါဘီဖြစ်တဲ့ မြန်မာနဲ့ ထိုင်းဆုံမယ့်နေ့ဖြစ်တယ်။ အစဉ်အလာ ပြိုင်ဘက်ကောင်းတွေဖြစ်တဲ့ အပြင် မြန်မာရဲ့ လက်ရှိ ခြေစွမ်းနဲ့ဆိုရင် ထိုင်းကို ဖိအားပေးကစားနိုင်ဖို့လွယ်နိုင်မလား၊ ဖိုင်နယ် အထိ တက်လှမ်းခွင့်ရဖို့ လုပ်နိုင်မလားဆိုတာ မြန်မာ ဘောလုံးပရိသတ်တွေအားလုံးက စိတ်ဝင် စားနေကြတယ်။

မြန်မာရဲ့ လက်ရှိအနေအထားကလည်း အားလုံးသိထားကြတဲ့အတိုင်း မျှော်လင့်ထား တဲ့ အတိုင်း အကောင်းစားဖြစ်မလာ သေးဘူး၊ ပြောဆိုဝေဖန်မှုတွေအောက်မှာ သွားနေကြ တုန်း ပဲဖြစ်တယ်။ အုပ်စုတွင်းမှာ အရှုံးပွဲ မရှိတာတောင် ပရိသတ်က ခြေစွမ်းပိုင်းနဲ့ ချိတ်ဆက်မှုတွေအပေါ်မှာ အကြိုက်မတွေ့သေးဘူး။ ဒီနေ့မှာ ရော ပရိသတ်အကြိုက်ဖြစ်စေ မယ့် ပုံစံတစ်ခုအောက်မှာ ထိုင်းကို အကောင်းစား ရင်ဆိုင် ကျော်ဖြတ်နိုင်မလား မြန်မာ…။

ထိုင်းဟာ မြန်မာလိုမျိုး ကစားတာကောင်းတယ်၊ ပြီးတော့ ပိုပြီးလည်း အဆင့်မြင့်တယ်။ ကစား သမားကောင်းတွေလည်းရှိသလို သူတို့တွေယှဉ်ပြိုင်နေတဲ့ အနေအထားကိုကြည့်ရင် မြန်မာ ထက် အစစအရာရာသာလွန်နေတယ်။ အထူးသဖြင့်  သက်လုံနဲ့ ခွန်အားသုံး ကစားနိုင်မှု အပိုင်း မှာ ထိုင်းက အကောင်းစား ပုံစံမှာရှိနေတယ်။ အဲ့ဒါကို မြန်မာအနေနဲ့ အတော်လေးကို ယှဉ်ရ မယ့်အနေအထားမျိုးဖြစ်နေတယ်။

ဒါပေမယ့် ဘောလုံးပြိုင်ပွဲဆိုတာ မှန်းဆရတာခက်ပါ တယ်။ အသင်းကောင်းတွေ ဟာ ခန့်မှန်းသလိုမျိုး တစ်ကယ့်ပြိုင်ပွဲတွေမှာ ကစားတဲ့အခါမှာ ထင်သလို ခြေစွမ်း အကောင်းစား မိတယ်ဆိုတာ ရှိပေမယ့်လည်း ဖိအားအောက်မှာ ရုန်းကြရ တယ်ဆိုတာတွေ့ရမှာဖြစ်တယ်။

မြန်မာနဲ့ထိုင်းဟာ အစဉ်အလာကောင်း ပြိုင်ဘက်တွေဖြစ်တယ်။ အိမ်နီးချင်း ဒါဘီဖြစ်တာကြောင့် တစ်သင်းနဲ့တစ်သင်းအမှားမခံစတမ်းကစားမှာဖြစ်တယ်။ ပြီးတော့ဆီမီး ဖိုင်နယ် အဆင့်ဆိုတာ အချိန်ပိုတွေ၊ ပင်နယ်တီတွေပါနေလို့ ကိုယ်လိုရာကို ဆွဲဆန့်နိုင်သလောက် အရှိန်လေးရရင် ဆွဲဆန့်နိုင်စွမ်းရှိတယ်။ မိနစ် ၉၀ နဲ့အပြတ်ဖြတ်မယ် ဆိုရင်လည်း အပြီးသပ် တစ်ပါတည်းဖြတ်ချနိုင်တဲ့အဆင့်မျိုးဖြစ်နေတယ်။ ဒီနေ့ မြန်မာအနေနဲ့ ထိုင်းကို ဘယ်လိုမျိုး ရင်ဆိုင်မလဲဆိုတာ ကြည့်ရမှာဖြစ်နေတယ်။

မြန်မာအကြောင်းဆက်ပြောမယ်ဆိုရင်  ဒီနေ့ပွဲလည်း အုပ်စုတွင်း ၂ ပွဲမှာ ဖြတ်သန်းခဲ့ကြတဲ့ ပွဲထွက်လူ အစုအဖွဲ့နဲ့ ကစားဖို့ပဲရှိနေတယ်။ အနေအထားအရ တစ်ပွဲထက်တစ်ပွဲ ပိုမို ကောင်းလာတာမျိုး မြင်ရပေမယ့် သိသာကွဲထွက် တိုးတက်လာတဲ့ အနေအထား ကိုတော့ မမြင်ရသေးဘူး။

အထူးသဖြင့် မနေ့တုန်းက ပြောသလိုမျိုး အဆုံးသပ် အားနည်းတဲ့အပိုင်း ကိုတော့ ဒီနေ့မှာ မတွေ့မြင်ချင်တာ အမှန်ပါပဲ။ အတွေ့အကြုံရင့်ကစားသမားအများစု မြန်မာ အသင်းမှာပါနေသလို၊ ထိုင်းမှာလည်း မြန်မာနဲ့ဆုံဖူးတဲ့ကစားသမားတွေ တော်တော်လေးပါ နေတယ်။

ဒီတော့ မကျေပွဲနွဲဖို့မြန်မာအတွက် ပွဲကောင်းတစ်ပွဲဖြစ်တယ်။ အခုမှ တိုက်ပွဲစတယ်။ ဘာမှ ကိုကြောက်နေစရာမလိုဘူး။ သူတင်ကိုယ်တင် ကစားပြီးတော့ ထိုင်းကို ဖိအားပေးရမှာက မြန်မာ ဖြစ်တယ်။ ဘယ်လိုမျိုးအခြေအနေနဲ့ပဲကြုံကြုံ မြန်မာဟာ မြန်မာ ပီပီ ချန်ပီယံပြေးလမ်း ပေါ်မှာ မေးတင်ဖို့အတွက် ဒီနေ့မှာ စတင်မယ့် တိုက်ပွဲကို စတင်ဖြတ်သန်းဖို့ လုပ်ဆောင်ရ မှာဖြစ်နေတယ်။ မြန်မာအတွက် ဒီနေ့စတင်ကစားမယ့် ထိုင်းနဲ့ပွဲစဉ်ကို အကောင်းဆုံးဖြစ် အောင်ဖြတ်သန်းနိုင်စွမ်းအပြည့်ရှိနေမလားဆိုတာ ကြည့်ကြရမှာဖြစ်နေတယ်။

အရေးကြီးတဲ့အပိုင်းတွေ မြန်မာမှာ ရှိတယ်။ ထိုင်းရဲ့ တွဲလုံးနဲ့တိုက်စစ်တွေက မြန်မာအသင်း ရဲ့ ခံစစ်တန်းကြားက ကွက်လပ်တွေကို အသုံးချပြီး ထုံးစံအတိုင်း ကစားဖို့ လုပ်လာမှာပါ။ မြန်မာ အတွက် ထိုင်းရဲ့ ဖြတ်တင်ဘောတွေ၊ တွဲလုံးတွေကို အထိမိဆုံး ဖျက်တောက်နိုင်ဖို့လို သလို၊ ကောင်တာ  အမြန်ပေး တစ်ချက်ထိ ကန်ချက်တွေနဲ့ ထိုင်းရဲ့ ဂိုးပေါက်ကို အကောင်း စား ခြိမ်းခြောက်နိုင်ဖို့လိုသေးတယ်။

မြန်မာအသင်းဟာ တွဲလုံးအတိုလေးတွေနဲ့သွားတာကောင်းတယ်။ လွတ်တဲ့နေရာကွက်လပ် တွေကို ရှာပြီး ကြုံသလို ဂိုးသွင်းဖို့ လုပ်နိုင်တဲ့ ဟန်တွေ ပြန်မြင်ရမလား၊ ရီရီဦး၊ ခင်မာလာထွန်း စတဲ့ကစားသမားတွေအပြင် မြန်မာအသင်းမှာ အားထားရတဲ့သူတွေ အဖို့ အခွင့်အရေးကြုံ တိုင်းဂိုးသွင်းနိုင်အောင်လုပ်ပေးဖို့လိုအပ်တယ်။

ထိုင်းခံစစ်ကို အခွင့်အခါသင့်တိုင်း ကန်သွင်းနိုင်ဖို့ နေရာစုံက စီမံထားနိုင်မှရမယ်။ ထိုင်းက ကိုယ်တွေထက် အစုအစည်းမိတယ်။ ရုန်းအားကောင်းတယ်၊ ပြေးနိုင်တဲ့သူတွေပါတယ်။ အားလုံးပြီးတဲ့အတိုင်း ထိုင်းမှာ Miranda Nild တို့၊ Silawan Intameeတို့အပြင် ၊ Taneekarn Dangda တို့က Sunisa Srangthaisong  တို့လိုမျိုး မြန်မာအကြောင်းသိတဲ့ သူတွေဖြစ်တယ်။

ကိုယ်တွေနဲ့ရင်းနှီးပြီးသား ကစားသမားတွေဖြစ်နေတာကြောင့် ဘယ်လိုမျိုးမဆို သူတို့တွေ ကို ကိုယ်တွေအနေနဲ့ သူတင်ကိုယ်တင်မကတဲ့ အားနဲ့ ရုန်းဖို့သေချာလေးကို မြန်မာအသင်းနည်း ပြချုပ်ဖြစ်တဲ့ ဦးဝင်းသူမိုးလုပ်ပေးထားနိုင်ဖို့လိုတယ်ဆိုတာပါပဲ။

မြန်မာဟာ ထိုင်းအတွက်တော့ ပြိုင်ဘက်ကောင်းပါ၊ ခြေစွမ်းပိုင်းမှာ မြန်မာရဲ့လိုအပ်ချက်တွေ ကို သိထားပေမယ့် မြန်မာက စိတ်ဓါတ် အပြည့်နဲ့ အသာရအောင်၊ ဦးဆောင်ဂိုးရအောင် သွင်းထားနိုင်ဖို့လိုတယ်။ ၂၀၁၇ တုန်းကလိုမျိုး အရှုံးနဲ့နောက်ကလိုက်ကစားရတာမျိုးတော့ မကြုံချင်ဘူး။ နားရက်တွေလည်းရထားတယ်။ လေ့ကျင့်ချိန်တွေလည်း ထိထိမိမိလုပ်ထားတာ ဆိုတော့ ဘယ်လိုမျိုးမဆို မြန်မာဟာ ထိုင်းကို အကောင်းစား ရင်ဆိုင်ဖို့ရှိနေလိမ့်မယ်ဆိုတာ ပါပဲ။

ပြိုင်ဘက်ကို ဘာမှ လန့်နေစရာမလိုဘူး။ အကောင်းဆုံးပေးဆပ်ပြီး နိုင်ငံအတွက် ရုန်းပြလိုက် စမ်းပါလို့ပဲ မြန်မာအမျိုးသမီးအသင်းကို အားပေးတိုက်တွန်းချင်တယ်။ ကိုယ်တွေမှာ မကောင်း တဲ့ အားနည်းချက်တွေရှိသလို ပံ့ပိုးပေးမှုတွေကလည်း လုပ်ပေးထားနိုင်သလောက်သာရှိတာ ကြောင့် ဘယ်လိုမျိုး မဆို အနေအထားတစ်ခုအရ ကြည့်မယ်ဆိုရင် မြန်မာအမျိုးသမီးအသင်း ဟာ ဒီနေ့မှာတော့ ထိုင်းကို အမှားနည်းနည်းနဲ့ ရင်ဆိုင်ဖို့ များတယ်။

ကိုယ်တွေအတွက်တော့ အရှုံးမရှိဘူး။ ထိုင်းလိုအသင်းမျိုးကို မြန်မာအနေနဲ့အနိုင်ရအောင် လုပ်နိုင်မယ်ဆိုရင် ဂုဏ်တက်မယ်။ ဖိုင်နယ်အထိတက်လှမ်းမယ်၊ နောက်ဆုံး ရှုံးခဲ့ရင်တောင် မြန်မာဟာ အစဉ်အလာတောထဲက ရုန်းမထွက်နိုင်တဲ့အသင်းအဖြစ် ဆက်လက်ရပ်တည်မယ်၊ ဒါပါပဲ။ လုပ်ထားသလောက်ပဲရမှာပေါ့။ ဟုတ်ပါတယ်။ ဒီထက်ပိုကောင်းတာလိုချင်ရင် အစစ အရာရာ ပံ့ပိုးမှုတွေဟာ အကောင်းစားဖြစ်နေရမှာပေါ့။

စိုးရိမ်မိတာတစ်ချက်ရှိတယ်။ ဒါကတော့ ဒီပြိုင်ပွဲပြီးရင် မြန်မာအမျိုးသမီးအသင်းမှာ အရန်သင့် အစားထိုးနိုင်မယ့် ကစားသမားတွေ ဘယ်နှစ်ယောက်လောက်များ အသင့်ဖြစ်နေပြီလဲဆိုတဲ့  အနေအထားပါပဲ။ မျိုးဆက်တွေ သက်တမ်းအလိုက် အလျင်မီမထွက်လာရင်တော့ မြန်မာရဲ့ ယိုင်နဲ့စပြုလာတဲ့ အစုအဖွဲ့ဟာ နောင်လာမယ့် အနာဂတ်မှာ ပြန်တည်ရတာ ခက်ခဲသွားတာ မျိုး နဲ့ထိပ်တိုက်တွေ့မှာ စိုးမိနေလို့ပါပဲ။

ထားပါ၊ မိုးပြိုမှာကြောက်နေတာမဟုတ်ပါဘူး။ အလျင်းသင့်လို့ တွေးမိတာပါ၊ ဘာပဲဖြစ်ဖြစ်မြန် မာအမျိုးသမီးအတွက် အရေးအကြီးဆုံးနေ့မှာ ထိုင်း နဲ့ရင်ဆိုင်ကစားပြီး  ပရိသတ်လိုချင်တဲ့ အဖြေကောင်းတစ် ခု အရယူပေးနိုင်ပါစေလို့ပဲ ဆုတောင်းနေမိတယ်။

မြန်မာအမျိုးသမီးအသင်း ကံကောင်းပါစေ…

မှတ်ချက်များ။