ပြန်လှန်လေ့ကျင့်ခန်း . . . (သို့) ဆီးဂိမ်းမှတ်တမ်း

Brisbane enter top six as late own goal sinks Mariners

အချိန်ကာလအရ ကျွန်တော်တို့အတွက် နှစ်ကုန်ဖို့ရက် (၂၀)လောက်လိုသေးပေမယ့် အားကစားပြက္ခဒိန် အရတော့ ဒီအချိန်အတောအတွင်းမှာ ပြိုင်ပွဲတွေလည်းမရှိတာကြောင့် ပြန်လှန်လေ့ကျင့်ခန်းလုပ်ရမယ့်အချိန်လို့ပြောရမှာဖြစ်ပါ တယ်။ ပြီးတော့အာဆီယံ ဒေသတွင်းမှာ အဆင့်အမြင့်ဆုံး အားကစားပေါင်းစုံပြိုင်ပွဲကြီးက ပူပူနွေးနွေးပြီးဆုံးခဲ့တာကြောင့်ရော အဓိကပြောချင်တဲ့အကြောင်းက ဒီပြိုင်ပွဲနဲ့ပတ်သက်နေတာကြောင့်ရော ဒီစာမူကိုရေးဖို့ ဒီအချိန်က သင့်တော်တယ်လို့ယူဆမိ ပါတယ်။

၂၀၁၉ . . .မြန်မာ့အားကစားလောက . . . ဘာတွေဖြစ်ခဲ့လဲ။ အပွင့်လင်းဆုံးပြောရရင် ဘောလုံးကလွဲပြီး ကျန်တဲ့ အားကစားတွေနဲ့ ပတ်သက်လို့ လုံးဝမသိသလောက်ပါပဲ။ ဘယ်ပြိုင်ပွဲတွေဘယ်လိုလုပ်ပြီး ဘယ်သူက လက်ရွေးစင်လဲ ဆိုတာ အဲဒီအားကစားနဲ့ နီးစပ်တဲ့အသိုင်းအ၀ိုင်းက လူလက်တစ်ဆုပ်စာလောက်ပဲ သိကြမှာပါ။ ဒီနေ့လို မီဒီယာဆိုတာ အရမ်းလွယ်ပြီး လူတိုင်းဆီက သတင်းတွေအလွယ်တကူထုတ်ယူလို့ရနေတဲ့ ကာလမှာ ကျွန်တော်တို့ မြန်မာ့အားကစားအဖွဲ့ချုပ်တွေက ဘာတွေ လှုပ်ရှားနေလဲ ဘယ်လိုပြိုင်ပွဲတွေလုပ်နေလဲ ဆိုတာ လိုက်စုံစမ်းရင်တောင် အဆင်မပြေလောက်အောင် ပျောက်ကွယ်နေတာ စိတ်မကောင်းစရာပါပဲ။ ဆီးဂိမ်းနီးတဲ့ကာလမှာတော့ မြန်မာအားကစားအဖွဲ့က ကစားသမား (၉၅၂)ယောက်ပါဝင်ယှဉ်ပြိုင်မတဲ့။ အံ့သြမင်သက်မိသွားခဲ့ပါတယ်။ ဆီးဂိမ်းပြိုင်ပွဲကို အိမ်ရှင်အဖြစ်ကျင်းပခဲ့တဲ့ 2013 တုန်းက မြန်မာအားကစားသမားဦးရေ (၉၉၀) ပြီးရင်အများဆုံးပါပဲ။ ပြန်လေ့လာကြည့်သလောက်တော့ (၂၀၁၅၊ ၂၀၁၇) ဆီးဂိမ်းတွေမှာ မြန်မာအားကစားသမားဦးရေက (၄၀၀) မပြည့်ခဲ့ပါဘူး။ အခုက ၉၀၀ကျော် တစ်ထောင်နီးပါးဆိုတော့ တစ်ဆခွဲလောက် တိုးတက်လာတာပါ။ ပြိုင်ပွဲတွေတောင် သေသေချာချာ မကျင်းပနိုင်တဲ့အခြေအနေမှာ ကစားသမားတွေ အဲဒီလောက်ပေါ်ထွက်တယ်ဆိုတဲ့သဘာဝမကျတဲ့ အခြေအနေ ကြီးကို ဂုဏ်ပဲယူရမလား။ အားပဲတက်ရမလားဆိုတာတောင် ဝေခွဲမရခဲ့ပါဘူး။ ပြိုင်ပွဲတွေ အားလုံးပြီးစီးတဲ့အချိန်မှာ ဆုစာရင်းအရ မြန်မာအသင်းက ရွှေ(၄)ငွေ(၁၈) ကြေး (၅၁) ပေါင်း (၇၃) ရခဲ့တဲ့အပေါ်မူတည်ပြီး ဒီအတွေးတွေးဖြစ်ပါတယ်။

တကယ်ဆိုရင် မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ အားကစားကို အသက်မွေးဝမ်းကြောင်းအဖြစ်ရွေးချယ်မယ်ဆိုရင် ဆီးဂိမ်းပြိုင်ပွဲဆိုတာ ယေဘူယျအားဖြင့် ရည်မှန်းချက်ပန်းတိုင်လို့ပြောလို့ရပါတယ်။ ပိုမြင့်မားတဲ့ပြိုင်ပွဲတွေရှိရင်တောင် ပုံမှန်ပြိုင်ခွင့်မရဘူးမဟုတ်လား။ ဒီတော့ ဆီးဂိမ်းတက်ရောက်ခွင့်ရတဲ့ လက်ရွေးစင်ကစားသမားများနေတဲ့ အခြေအနေက သဘာဝကျရဲ့လားလို့မေးစရာဖြစ်လာပါတယ်။ အဲဒီလိုမျိုးအခြေအနေကနေ နောက်တစ်ဆင့်တက်စဉ်းစားတော့ ကစားသမား အရေအတွက်နဲ့ အရည်အသွေးနဲ့အချိုးဖြစ်ပါတယ်။ အနီးဆုံးဆီးဂိမ်းဖြစ်တဲ့ ၂၀၁၇ မလေးရှားတုန်းက ကစားသမားဦးရေက 380 ၀န်းကျင်မှာ ဆုတံဆိပ် (၃၇)ခုရခဲ့တယ်။ အခုကစားသမားဦးရေ 950 ၀န်းကျင်မှာ 73 ခုရတယ်။ အရေအတွက်အရ ဒီနှစ်ဆုတံဆိပ်ပိုများများရတာတော့မှန်ပါတယ်။ ဒါပေမယ့် ကစားသမားနဲ့ ဆုတံဆိပ်အချိုးချမှုအရ နည်းသွားတယ်ဆိုတော့ ဒါဟာ တိုးတက်မှုလို့ပြောလို့မရတဲ့အခြေအနေဖြစ်ပါတယ်။ ဒါဆိုရင် အရေအတွက်များပြီး အရည်အသွေးမပြည့်မီတဲ့သဘော လား။ ဟုတ်တယ်လို့ပဲပြောရမှာပဲ ဘာလို့လဲဆိုတော့ ဆုအရေအတွက်များပေမယ့် အရည်အသွေးအရ အနိမ့်ဆုံးသတ်မှတ်ခံ ထားရတဲ့ကြေးတံဆိပ်အရေအတွက်က ရွှေနဲ့ငွေနှစ်ခုပေါင်းအရေအတွက်ထက် များနေတာတွေ့ရပါတယ်။ ဘာလို့ကြေးတံဆိပ် အများကြီးဖြစ်နေသလဲ။ ရှာကြည့်တော့ ဒီနှစ်မှပါဝင်လာတဲ့ ဖိလစ်ပိုင်ရိုးရာ ကိုယ်ခံအားကစားနည်း အားနစ်ပြိုင်ပွဲက ကြေးတံ ဆိပ် ၁၄ ခုအထိရခဲ့ပါတယ်။ ဒါ့အပြင် စုစုပေါင်းငွေတံဆိပ် ၁၈ခုအနက် (၅)ခုကလည်း အားနစ်ကပဲရတာဖြစ်ပါတယ်။ ရွှေတံဆိပ် စုစုပေါင်း (၄)ခုမှာတောင် အားနစ်က ၁ခုဖြစ်နေပါတယ်။ ပြောချင်တာက အားနစ်အားကစား မကောင်းဘူးလို့မဆိုလိုပါဘူး။ အကဲဖြတ်ဖို့တောင် ဒီအားကစားရဲ့ စည်းမျဉ်းကိုမသိပါဘူး။ ဒီစာရင်းအရထွက်လာတဲ့အချက်ကလေးတစ်ခုပါ။ ဒါကတော့ အားနစ် အားကစားဟာ ရိုးရာအားကစားဖြစ်ပြီး ဒီအတွက် ကြိုတင်ပြင်ဆင်ခွင့်အများကြီးမရှိတဲ့အပြင်နောက်နှစ်တွေမှာလည်း ပါဝင်ဖို့မသေချာတဲ့အခြေအနေဖြစ်လို့ မမျှော်လင့်ဘဲရလိုက်တဲ့ တံဆိပ်တွေပါ။ ဒီလိုမမျှော်လင့်ဘဲ ဆုတံဆိပ်စာရင်းဝင်ဖြည့် ပေးတဲ့နောက်အားကစားတစ်ခုက ဘိလိယက်မျိုးနွယ်ဝင်ဖြစ်တဲ့ 9-BALL Pool ဖြစ်ပါတယ်။ အဲဒီအားကစားနည်းက ရွှေ(၂)ခု ရခဲ့တဲ့ ဘုန်းမြင့်ကျော်ကလည်း ပွဲကြိုကာလမှာ ရွှေမျှော်လင့်ထားတဲ့ကစားသမားမဟုတ်ပြန်ပါဘူး။ ဒီတော့ . . .

ဟုတ်ပါတယ် လူတစ်ထောင်နီးပါးသွားခဲ့တဲ့မြန်မာအားကစားအဖွဲ့ကြီးဟာ ပွဲကြိုမှာမျှော်လင့်ထားခဲ့တဲ့ ရွှေတံဆိပ်တွေထဲ က (၁)ခုပဲရယူနိုင်ခဲ့တယ်ဆိုတာ မြင်သာထင်သာရှိလာပါတယ်။ ထူးဆန်းလို့လား။ ဟုတ်ကဲ့ မဆန်းတော့ပါဘူး။ အားကစား ပြိုင်ပွဲ တွေမှမရှိတာ။ ရှိတဲ့ပြိုင်ပွဲတွေတောင် လူမသိသူမသိနဲ့ ဆိုတော့ ရွှေတစ်ခုရယူပေးတဲ့ ရိုးရာလှေအဖွဲ့ချုပ်၊ Pool ကစား သမား ဘုန်းမြင့်ကျော်နဲ့ အားနစ်က အိနြေ္ဒဖူးတို့ကြောင့်သာ အမြဲထိုင်ခွင့်ရတဲ့ အဆင့်(၇)မှာရှိနေတာ။ ဒါတောင်နောက်ဆုံးနေ့ မှ ကမ္ဘောဒီးယားကိုကျော်နိုင်ခဲ့တာပါ။

ကျွန်တော်တို့လူမျိုးက ကျရှုံးမှုကို တော်တော်ကြောက်ကြပါတယ်။ ဒါကြောင့်လည်း ရှုံးပြီးရင် ဘယ်တော့မှ ဘာကြောင့် ရှုံးလဲ ဘာအားနည်းချက်ရှိပြီး ဘာပြင်ရမလဲ ဆိုတာပြန်ကြည့်ဖို့ဝန်လေးတဲ့သူက ရာခိုင်နှုန်းများပါတယ်။ ဒီဆီးဂိမ်းမှာတော့ ဒီလိုဆက်သွားနေရင် ကျွန်တော်တို့နိုင်ငံရဲ့အားကစားအဆင့်အတန်းဘယ်အထိရောက်သွားမလဲဆိုတာ မြင်သာထင်သာရှိနေ ပါပြီ။ ပြောရရင် ဒီဆီးဂိမ်းမှာ မြန်မာအားကစားအဖွဲ့တွေထဲက မထင်မှတ်ဘဲရလိုက်တဲ့ဆုတွေကလွဲလို့ ကျန်တဲ့အားကစားနည်း စုစုပေါင်း (၃၀)မျိုးလုံး အဆင်မပြေပါဘူး။ ဒါတောင် မနက်ပိုင်းတုန်းက ကလေးတစ်ယောက်က ကျွန်တော့်ဆီကိုလာပြီး ပရိုဘော လုံးသမားဖြစ်ချင်လို့ ကူညီပါတဲ့ လာပြောတယ်။ ဘယ်လိုကူညီရမလဲ။ ကျွန်တော်က ဘာအခွင့်အာဏာမှ မရှိဘာအဆက်အ သွယ်မှမရှိတဲ့လူလေ။ တကယ်ဆိုရင် ကစားချင်တဲ့လူက လိုက်ရှာစရာမလိုအောင် အားကစားအဖွဲ့ချုပ်တွေက စုဆောင်းရမှာပါ။ အခုတော့ ကစားချင်တဲ့လူက လိုက်ရှာတာတောင် ဘယ်ကစရမှန်းမသိတဲ့အခြေအနေတွေပါ။ ကျွန်တော် အခုချရေးနေတာတွေ က ပြင်ဆင်ပြောင်းလဲရေးအတွက် ထောက်ပြတယ်ဆိုပေမယ့် ဘယ်သူမှ အရေးတယူလုပ်ပြင်ကြမှာမဟုတ်တာလဲ သိပါတယ်။ စိတ်ထဲမှာတင်းကြပ်လာလို့ ဖွင့်ထုတ်တဲ့သဘောဖြစ်ပြီးနေသာထိုင်သာတော့ရှိသွားတာပေါ့လေ။ ဒါမျိုးက အခုပထမဆုံး မဟုတ်သလို ကြုံရပေါင်းလဲများပြီဖြစ်တာကြောင့် ခါတိုင်းလိုပဲ “ဒီလိုနေရာမှာမှ အားကစားကို ချစ်တဲ့လူတစ်ယောက်ဖြစ်လာတာ ၀ဋ်ကြွေးကြီးလွန်းတယ်” ဆိုတဲ့ တရားသဘောပဲနှလုံးသွင်းရဦးမှာပဲလေ . . .

မောင်ဖိုးကွန့်
12-12-2019

မှတ်ချက်များ။