လူကြိုက်များနေတဲ့ ရာသီသစ်  MNL မှ စမတ်ကျကျ ကလပ်အသင်း ၀တ်စုံများ

Zack Steffen’s Top 3 Saves of the 2019/20 Bundesliga season so far

ဆန်းသစ်ပြီး ကောင်းသော ပြောင်းလဲခြင်းတွေဆိုရင်ကြိုဆိုဖြစ်တယ်။ ဟုတ်ပါတယ်။ အသုံး တည့်ပြီးတော့ ပြောင်းလဲမှုတွေက ထိရောက်တယ်ဆိုရင် ဘာပဲဖြစ်ဖြစ် ဒါဟာ အောင်မြင်တယ် လို့ ဆိုရမယ်။

ဒီရာသီ MNL မှာ ဘာတွေပြောင်းလဲလာသလဲ၊ ကစားကွက်လား၊ ကစားသမားလား၊ ကွင်း ထဲ ၀င်ကြည့်တဲ့ ပရိသတ်အရေအတွက် လား ၊ နည်းပြတွေရဲ့ နည်းစနစ်လား၊ အွန်လိုင်းတင်တဲ့ ဘောလုံးကလပ်အသင်းတွေရဲ့ သတင်းတင်ဆက်မှုတွေလား၊ စိတ်ဝင်စားဖွယ်ရာ ကောင်းတဲ့ ပြောင်းလဲလာတဲ့ အချက်တွေ မနည်းလှပေမယ့် သိသာတဲ့ အပြောင်းအလဲတွေ နဲ့ပတ်သက်ပြီး ဒီနှစ် MNL ရာသီသစ်ကို ပြန်ကြည့်လိုက်တဲ့ အခါ အချိန် တိုအတွင်းမှာ ပြောစရာအဖြစ်ရှိနေတာက  ပရိသတ်တွေကြားက ကလပ်အသင်းရဲ့ ရာသီသစ် ဘောလုံးဂျာစီတွေပဲဖြစ်တယ်။

လှတယ်၊ သပ်ရပ်တယ်၊ ဘောလုံးပရိသတ်တွေကို မျက်စေ့ကျအောင် စွဲဆောင်ထားတယ်။ မြင်တာနဲ့ မဆိုးဘူးဟ ! ဆိုတာ ထက် ပိုတဲ့ အနေအထားမျိုး ပရိသတ်တွေ ကြားမှာ ပြောဖြစ်တယ် ဆိုတာ ကြားရတယ်။

တစ်ကယ်ပြောတာပါ၊ နှစ်ခါပြန်ကြည့်ရတဲ့ ဘောလုံးကန် ဂျာစီအသစ်တွေရဲ့ Smart ကျမှုက တော့ ဒီရာသီ MNL မှာ အထူးတလည်ပြောဖြစ်တဲ့ ပထမဆုံး ပရိသတ်တွေကြားက လူသိထင် ရှား အပြောင်းအလဲဖြစ်တယ်။

အခုလည်း အပြိုင်အဆိုင်နဲ့ ပရိသတ်တွေကြားထဲမှာ မင်းတို့ဂျာစီထက် ငါတို့ဂျာစီက ပိုလှတယ်၊ ငါတို့က စတိုင်ကျတယ်။ ငါတို့တွေရဲ့ ဂျာစီက စမတ်မိတာကွ ဆိုတာတွေဖြစ်လာကြပါပြီ၊ ဒါဟာ ဒီရာသီမှာ ပရိသတ်တွေကြားထဲ တခုတ်တရနဲ့ အသံထွက် လာတဲ့ ပြောင်းလဲမှု အသစ်။

ဂျာစီနဲ့ပတ်သက်ပြီး ဒီလိုမျိုးဖြစ်လာကြသလို ကလပ်အသင်းတွေကလည်း ကစားသမားတွေ ၀တ်ဆင်ဖို့ ပြောင်းလဲပြင်ဆင်လာတဲ့ ဖက်ရှင် စတိုင် ၀တ်စားဆင်ယင်မှုတွေကို သူ့ထက်ငါ ကောင်းအောင်လို့ ပြုပြင်လာကြတယ်။ ခေတ်က တောင်းဆိုလာတဲ့အပေါ်မှာ ဘောလုံးဖက်ရှင် ရေစီးကြောင်း အပြောင်းအလဲဟာ MNL ကို လူကြိုက်များအောင် ပရိသတ် တွေ ကွင်းထဲ ပြန်လာအောင် လုပ်ဖို့ ဒီအခိုက်အတန့်ဟာ အလှည့်အပြောင်းအကြီးအမား မဟုတ်ပေမယ့် လုပ်ရမယ့်အလုပ်တွေ ပြန်လုပ်ပြီး စိတ်ပါလာတဲ့ အားပေးသူတွေကို ပြန်ဆွဲ ဆောင်ဖို့ အချိန်အခါကောင်းတွေထဲက တစ်ခုဖြစ်နေတယ်။

အထူးသဖြင့် နှစ်စဉ်ပြောင်းလဲလေ့ရှိတဲ့ ဘောလုံးဂျာစီ ဒီဇိုင်းတွေထဲမှာတော့ ဒီနှစ် အပြောင်းအလဲ ဖြစ်တဲ့ကလပ်အသင်းတွေ တော်တော်များများရဲ့ကာလာ ဒီဇိုင်း အနေအထား က ခေတ်မီတယ်ဆိုတာပါပဲ။ အရောင်စပ်တွေ၊ ခရေဇီကာလာတွေနဲ့ ကိုယ်ကျပ် ဒီဇိုင်းတွေ ဖြစ်လာတာဟာ ပရိသတ်တွေကြားမှာတော့ (အထူးသဖြင့် ) လူငယ်တွေကြားမှာ သဘောကျ စရာဖြစ်ရတယ်ဆိုတာပါပဲ။

ဒီနှစ်မှာ ဆိုရင် တန်းတက်ကလပ်အသင်းတွေက အစ MNL မှာ ရှိတဲ့ ကလပ်အသင်းတိုင်း ဟာ ဘောကန်ဂျာစီအသစ်တွေကို မိတ်ဆက် ထုတ်ဖော်ဝတ်ဆင် ကစားခဲ့ကြပြီးဖြစ်တယ်။ အသင်းတိုင်းမဟုတ်တာတောင် အသင်းကြီး အချို့ဟာ သူတို့တွေ ၀တ်ဆင်ကစားမယ့် ၀တ် စုံအသစ်ကို ထုတ်ပြ မိတ်ဆက်ခဲ့ကြတာ အခမ်းအနားနဲ့တကွမြင်ခဲ့ပြီးမှာပါ။ ဘာပဲဖြစ်ဖြစ် ဒါ ကို တော့ကြိုဆိုတယ်။

နိုင်ငံတကာမှာ အသင်းတွေလုပ်လေ့ရှိတဲ့ ဟန်ပန်အတိုင်း ဒီမှာလည်း တက်နိုင်ရင် လုပ်စေချင်တယ်။ ၀တ်စုံ ဒီဇိုင်းပိုင်းမှာလည်း ဖက်ရှင် အမြင်နဲ့ အသွင်ဆန်းလှပလာတယ်။ နာမည်ကြီးအသင်းတွေမှမဟုတ်ပဲ အခြား MNL ကလပ်အသင်းတော်တော်များများပါ အပြိုင် အဆိုင်နဲ့ လိုက်လုပ်လာကြတာတွေ့ရမယ်။

ရှမ်းယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက်နဲ့ ဧရာဝ တီ ယူနိုက်တက်သာမက ရတနာပုံ အပြင် ခါတိုင်းနဲ့မတူပဲနဲ့ ဘောကန်ဂျာစီတွေကို အရောင် စပ်တွေ၊ ကြားကွက် ဒီဇိုင်းတွေအပြင် ပရိသတ်တွေ မျက်စေ့ထဲ အကြိုက်တွေ့စေမယ့် ပုံစံများ နဲ့ခေတ်မီလှပသပ်ရပ်စွာ ၀တ်ဆင်လာကြတဲ့ မကွေးတို့လိုအသင်းတွေ အထိ ရှိလာကြတယ်။

မကွေးဆိုရင် အမဲရောင်အပေါ်မှာ အ၀ါရောင် အစင်းကျားကွက် ဒီဇိုင်းနဲ့ အလှဆုံးဖြစ်အောင် လို့ ပုံစံဖော်ထားတယ်ဆိုတာတွေ့ရမှာဖြစ်တယ်။ ဘောင်ဘီက အမဲ၊ ခြေအိတ်က အ၀ါဆို တော့ ကွင်းထဲမှာထင်းနေတာပဲ။ လုံးဝကို တောက်ပနေခဲ့တာ ဧရာဝတီနဲ့ပွဲမှာ ကြည့်မြင်ရသူ တွေအသိဆုံးဖြစ်မယ်။

ဇွဲကပင်ဆိုရင်လည်း ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင် ဒီဇိုင်းတွေထဲမှာ ကွဲထွက်နေတဲ့ ကရင်ရိုးရာဟန် မပျက်စေပဲ လှပတဲ့ အရောင်ခြယ်သထားတဲ့ အ၀ါရောင်ဝတ်စုံကို ၀တ်ဆင်ကစား နေတယ်ဆိုတာတွေ့ရမယ်။ တစ်ကယ်လည်းလှတယ်။ အရောင်လည်းလွင်တယ်။

ရတနာပုံဆိုရင်လည်း ပွဲထွက်ကစားလာတဲ့အခါ အပေါ်ကနေပြီးထပ်ဝတ်တဲ့ အားကစား သမားဝတ် ဆွယ်တာလက်ရှည်ကို MNL မှာ ပထမဆုံး ၀တ်ဆင်ပြီး ကွင်းထဲဝင်လာတာမျိုးကို လုပ် လာကြတဲ့အထိ တစ်မူထူးခြားစွာ တင်ဆက်ပြင်ဆင်လာကြပါတယ်။ ပြီးတော့ အဝေးကွင်း ဂျာစီ အရောင်ဟာ အိမ်ကွင်းဂျာစီ အပြာရောင်ထက် ပိုလှတယ်လို့ပြောကြတယ်။ အဖြူနဲ့ အနီစပ်ထားဂျာစီဟာ လူပြောများပြီး အကြိုက်တွေ့ကြတယ်။ အောင်သူကိုယ် တိုင်ဝတ်ဆင်ပြသပြီး ရတနာပုံရာသီသစ် အဝေးကွင်းဂျာစီကို ထုတ်ဖော်ပြ သ ထားတော့ အကြိုက်တွေ့ကြပြီပေါ့။

လက်ရှိချန်ပီယံဖြစ်တဲ့ ရှမ်း ယူနိုက်တက် ဆိုရင် ဒီရာသီအတွက် ရွေးချယ်ဝတ်ဆင်ထားတဲ့   အရောင်ဟာ အနီရောင် ဖြစ်တယ်။ အဖြူရောင်ထက် အနီ ရောင် ကိုမှ ခေတ်နဲ့အညီ ဂျာစီ ကြက်သွေးရောင်နဲ့ခဲရောင်ကို သူ့နေရာနဲ့သူအချိုးကျ ကျပေါင်းစပ်ပြီးတော့ ဖက်ရှင်ကျလှပ အောင် ကို သေချာပြင်ဆင် ပေးထားတာဖြစ်တယ်ဆိုတာ တွေ့ရမယ်။ ပြီးတော့ လေ့ကျင့်ရေး ၀တ်စုံတွေက အစ ဂျူဗင်တပ် ရဲ့လေ့ကျင့်ရေးဝတ်စုံလိုမျိုး ပြောက်ကျားကွက်တစ်ဝက် အနီ ၀မ်း ဆက်ဖြစ်တယ်။ အပြင်မှာ ဖက်ရှင်ကျကျ ၀တ်လို့ရတဲ့အထိ ခေတ်စကားနဲ့ပြောရမယ်ဆို ရင် မိတယ်၊ မိုက်တယ်ပေါ့နော်။

ပြီးတော့ ရန်ကုန်ယူနိုက်တက်ပါ၊ ဂျာစီသစ်မိတ်ဆက်ပွဲ အခမ်းအနားကို သေချာပြင် ဆင်ပြီးတော့ ကျင်းပခဲ့တာဖြစ်တယ်။ ဒီနှစ်မှာ ပိုလန်းတယ်၊ ပိုသွက်တယ်၊ ပရိသတ် တွေနှစ်ခြိုက်တယ်၊ အရောင်လွင်တယ်၊ မှတ်မိလွယ်တယ်၊ ထုံးစံအတိုင်း ရန်ကုန်ယူ နိုက်တက် ရဲ့ အမှတ် အသားဖြစ်တဲ့ အစိမ်းနုရောင်နဲ့ ပန်းရောင်ကို နှစ်ရောင်စပ်ပြီး အလှပဆုံး ဖြစ်အောင် လို့လုပ်ထားတယ်။ ဘောင်းဘီ အဖြူုရောင် မှာပန်းရောင် အနား ကွပ်နဲ့ လန်းလွန်းတယ်။ လေ့ကျင့်ရေးဝတ်စုံတွေ၊ အဝေးကွင်းဂျာစီတွေဆိုရင် လည်း ဒီရာသီမှာ ကစားသမားတွေနဲ့လိုက်တယ်။ ပြီးတော့ ဒီရာသီဂျာစီတွေဟာ အပြင်မှာပါ အလှဝတ် လို့ရတာကြောင့် ပရိသတ်တွေကြားထဲမှာ အကြိုက်တွေ့ အားပေးဝယ်ယူဖြစ်ကြတဲ့ အထိ  အရောင်းသွက်တယ်။

ဧရာဝတီယူနိုက်တက် ဆိုရင်လည်း လုံးဝကို အလန်းစား အနီရောင်ဝမ်းဆက် ဆိုတာထက် ကြက်သွေးရောင် ၀မ်းဆက်ဆိုရင် ပိုမှန်မယ်၊ ကစားသမားတွေအတွက် လေ၀င်လေထွက် ကောင်းစေမယ့် လေပေါက်လေးတွေဘေးမှာပါတယ်။ အဝေးကွင်း ဂျာစီလည်းလှတယ်၊ အပြင်အဆင်တွေလည်း အခြားကလပ်တွေလိုမျိုး သန့်တယ်၊ ခန့်တယ်။

ဘာပဲဖြစ်ဖြစ် ပရိသတ်တွေအတွက်တော့ MNL ကလပ်အသင်းတွေ ပြောင်းလဲလာကြတဲ့ ဘောကန်ဂျာစီ အပြောင်းအလဲတွေ ကြောင့် ဖက်ရှင်ကျနပြီး အပြိုင်ဆိုင်ဖြစ်လာတဲ့အပေါ်မှာ ထုတ်ပြောယူရတဲ့အထိ သဘောတွေ့လာပြီ။ ပြီးတော့  စတိုင်ကျ၊ စမတ်ကျတဲ့ ၀တ်စားဆင်ယင်မှုတွေ အပေါ် နိုင်ငံခြား အသင်းတွေလိုမျိုး ဖြစ်လာကြတဲ့ပြောင်းလဲမှုတွေကို လည်း လက်ခံလာကြတယ်။

ဒီလိုပဲ ၀တ်စားဆင်ယင်မှုတွေ ပြောင်းလဲလာကြသလို ကစားသမားတွေရဲ့ ကစားဟန်နဲ့ အသင်းလိုက် ကစားပုံတွေ၊ စိတ်ဓါတ်နဲ့ ခံယူချက်တွေပါ အခုထက်ပိုပြီးတော့  တိုးတက်ပြောင်းလဲလာမယ်ဆိုရင် ဘယ်လောက်တောင်များ ကောင်းကြမလဲနော်။ နောက်တစ်ခုက အိမ်ကွင်းတွေရှိအောင် ပြုလုပ်ရင်း အမာခံပရိသတ်တွေ ရဲ့ အားကို ခြေကုပ်ယူကာ ရှေ့ဆက်တိုးတက်ဖို့အတွက်  အသင်းတိုင်းဟာ အခုအချိန်မှာ စတင်ပြီး ပြောင်းလဲမှုများကို လုပ်ဆောင်ရမယ့်အချိန်အခါကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါ တစ်ပါတည်း ကိုထည့်ပြောဖြစ်တယ်။

ထွန်းထွန်းဦး(လှိုင်)

မှတ်ချက်များ။