မကြာခင် ပရိသတ်တွေ ထံရောက်လာမယ့် MNL ရဲ့ လက်ဆောင်မွန်တွေအကြောင်း

Wenger’s offside law change backed by Nuno Espirito Santo

မနေ့တုန်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) Facebook Page နဲ့ မြန်မာနေရှင်နယ်လိဂ် (MNL) Facebook Page ကနေပြီးတော့ တရားဝင် သတင်းထုတ်ပြန်ထားတာလေးတစ်ခု တွေ့မိလို့ Share ဖြစ်ပါသေးတယ်။ အခြားတော့မဟုတ်ဘူး။ ဒါကတော့ မြန်မာနေရှင်နယ်လိဂ် အနေနဲ့ သတင်းအချက်အလက်များကို ပရိသတ်များထံ လျင်မြန်စွာ စီးဆင်းရောက်ရှိနိုင်ရေး အစွမ်းကုန် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ပြီးတော့ ကစားသမားများရဲ့ တစ်ပွဲချင်းစွမ်းဆောင်ရည်အသေးစိတ်ကိုလည်း အချက်အလက်များနဲ့အတူ စောင့်ကြည့် အကဲခတ်နိုင်တဲ့အထိ ဆောင်ရွက်သွားမယ်လို့လည်းသိရပါတယ်။

ဒီကိစ္စကို ၂၀၁၉ ဇွန်လ လောက်မှာတည်းက မြန်မာလိဂ် ဘောလုံး ပြိုင်ပွဲတွင်ဝင်ရောက် ယှဉ်ပြိုင်နေကြတဲ့ ကစားသမားများရဲ့ စွမ်း ဆောင်ရည်ကို စောင့်ကြည့် လေ့ လာနိုင် ဖို့ဆိုပြီး Genius Sports ကုမ္ပဏီနဲ့ မြန်မာလိဂ်မှာရှိတဲ့ တာဝန်ရှိသူများဟာ တွေ့ဆုံပြီးတော့ ဆွေးနွေးဖြစ်ခဲ့ကြတာဖြစ်တယ်။ သတင်းတွေမှာလည်းတွေ့ခဲ့ပြီးဖြစ်လိမ့်မယ်။ သိတဲ့သူတွေ လည်းသိနေပြီးသားဖြစ်တယ်။ အခု အဲ့ဒါကြီးက အကောင်အထည်ပေါ်လာပါတော့မယ်။

လုံးဝကြိုဆိုဖြစ်တယ်။ ရှိသင့်နေတာလည်းကြာနေပြီဖြစ်တယ်။ ရှိလည်းရှိသင့်တယ်။ MNL မှာ ဒါရှိလာမယ်ဆိုရင် တစ်ကယ့်ကို အားလုံးအတွက် အသုံးတည့်ပြီးတော့ အထားအသိုမှန်မှန် နဲ့ အကျိုးရှိမယ်လို့မျှော်လင့်မိတယ်။ ပြီးတော့ MNL နဲ့ ချိတ်ဆက်မယ့် Genius Sports ဆိုတာ ကို လေ့လာမိသလောက် ပြောပြချင်တယ်။

Genius Sports ကုမ္ပဏီ ဆိုတာဟာ အားလုံးသိကြတဲ့အတိုင်း အားကစား ဆိုင်ရာ အချက်အလက်နဲ့ နည်း ပညာပိုင်းဆိုင်ရာနဲ့ ပတ်သက်တာများကို  အကောင်းဆုံးဖြစ်အောင်လို့ အထောက်အပံ့ပေးနေတဲ့  အင်္ဂလန် အခြေစိုက် ကုမ္ပဏီ တစ်ခုပဲဖြစ် ပါတယ်။ ရုံးချုပ်ကို အင်္ဂလန်မှာထိုင်ပြီးတော့ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ နေရာအနှံ့မှာ ကုမ္ပဏီ တွေကိုဖွင့်လှစ်ပေးထားတယ်။ အမေရိကန်၊ လစ်သူယေးနီးယား၊ ဘူဂေးရီးယား၊ အက်စ်တိုးနီးယား၊ ကိုလံဘီယာ၊ ဆွစ်ဇာလန်၊ သြစတြေးလျ၊ အီတလီ၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ဥရုဂွေး၊ ယူကရိန်း၊ တောင်အာဖရိက ၊ ချက်၊ သြစတြီးယား၊ မောလ်တာ၊ ဇင်ဘာဘွေ၊ တို့မှာလည်း Genius Sports ကုမ္ပဏီ တွေရှိတယ်။

ဘာတွေလုပ်ဆောင်ပေးသလဲဆိုတော့ အထက်မှာပြောတဲ့အတိုင်း အားကစား ဆိုင်ရာ အချက်အလက်နဲ့ နည်း ပညာပိုင်းဆိုင်ရာနဲ့ ပတ်သက်တာများကို  အကောင်းဆုံးဖြစ် အောင်လို့ ဆော့ဖ်ဝဲလ်တွေအသုံးပြုပြီးတော့ လိုချင်တာကို အဖြေရှာ ကာ အထောက်အပံ့ပေး နေတဲ့ ကုမ္ပဏီ ဖြစ်တယ်။ ၂၀၁၆ မှာ စတင်တည်ထောင်တယ်။ ၂၀၁၇ မှာ PGA Tour ပြိုင်ပွဲကို လိုအပ်သမျှ အားလုံးအကူအညီပေးဖြစ်သလို နောက်ပိုင်းမှာ အားကစားပြိုင်ပွဲတွေမှန်သမျှကို လုပ်ပေးနိုင်သလောက် အားလုံးလုပ်ပေးလာတာတွေ့ရမှာဖြစ်တယ်။ National Collegiate Athletics Association က အစပြုလို့ နောက်ပိုင်းမှာ နာမည်ကျော် ကားမောင်းပြိုင်ပွဲဖြစ်တဲ့ NASCAR အတွက်ပါ stock-car racing association ရဲ့ အားထားရာ အချက်အလက် မှတ်တမ်းပြုစုတာတွေကို တာဝန်ယူလုပ် ပေးလာတာတွေ့ရမှာဖြစ်တယ်။

လိုချင်တဲ့အချက်အလက်တွေကိုပြော၊ ရအောင်လုပ်ပေးနိုင်တာက သူတို့တွေရဲ့ အားသာချက် ဖြစ်နေတယ်။ မှတ်တမ်း မှတ်ရာနဲ့ အချက်အလက်တွေအတွက် သိပ်အားကိုးလို့ကောင်းတဲ့  သူတွေဖြစ်နေတာကြောင့် MNL ကလည်း လက်တွဲဖြစ်တယ်လို့ဆိုရမယ်။ FIBA လို့ လူတွေသိထားကြတဲ့  ကမ္ဘာ့ basketball အဖွဲ့ချုပ်ဆိုရင် Genius Sports နဲ့ နှစ်ရှည်စာချုပ် အဖြစ် ၁၅ နှစ်တိတိ လက်တွဲဖို့ ၂၀၁၉ ကနေစပြီး စာချုပ်ခဲ့တယ်။

နောက်ပြီးတော့ Football DataCo နဲ့ပါပေါင်းပြီးတော့ global sports betting industryတွေအတွက် မနှစ်တုန်းကအထိ Premier League, English Football League နဲ့ Scottish Professional Football League တို့အတွက်ပါ လက်တွဲခဲ့ပြီး လုပ်ဆောင်ပေးခဲ့ ကြသေးတယ်။ အခုနောက်ဆုံးဆိုရင် German Football Association နဲ့ Superliga Argentina တို့လို နေရာတွေမှာတောင် ပြိုင်ပွဲတွေအတွက် လုပ်ပွဲ အရှုပ်အရှင်းကင်းအောင် အချက် အလက်များနဲ့ အခြားမှတ်တမ်းမှတ်ရာမှာ ကို Genius Sports ထံလွဲပြောင်းပြီး တာဝန်ယူစေ တဲ့အထိ လုပ်ဆောင်ခိုင်းထားတယ်။

အခုဆိုရင်လည်း မြန်မာနေရှင်နယ်လိဂ် ဟာ လက်ရှိမှာကျင်းပနေတဲ့ MPT Myanmar National League 2020 အမှတ်ပေးဘောလုံး ပြိုင်ပွဲ ၊ မြန်မာနေရှင်နယ်လိဂ်−၂၊ ယူ−၂၁၊ ယူ−၁၉ လိဂ်ပြိုင်ပွဲများမှာ  ပရိသတ်တွေ ပိုပြီး စိတ်ပါဝင်စား အားပေးလာစေဖို့နဲ့ မြန်မာ့ ဘောလုံးလောကကြီး အခုထက်ပိုပြီးတိုးတက်လာရေးအတွက် အများအပြား အထောက် အကူပြုနိုင်စေဖို့ကို  ရည်ရွယ်တယ်လို့သိရပါတယ်။

အဲ့ဒါအတွေအပြင်  မြန်မာ့လက်ရွေးစင် အသင်းများ အတွက် ကစားသမား ရွေးချယ်ရာ မှာလည်း  ပိုမိုအထောက်အပံ့ ဖြစ်စေဖို့ အတွက်ပါ ရည်ရွယ်ပြီး   Genius Sports နဲ့ လက် တွဲဖြစ်တယ်လို့သိရပါတယ်။ ပြီးတော့ အဲ့ဒါအပြင်   Star Phone စတဲ့ အဖွဲ့အစည်းများနဲ့ပါ လက်တွဲပြီး Database တည်ဆောက်ရင်း ပြိုင်ပွဲ နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်များ၊ ကစားသမားများရဲ့ တစ်ပွဲချင်းစွမ်းဆောင်ရည်အသေးစိတ်အချက် အလက်များကို ပရိသတ် များ လက်အတွင်း  လျှင်မြန်စွာ ပေးပို့နိုင်ရေး အတွက် ဆောင်ရွက် နေ တယ်လို့ လည်းသိရပါတယ်။

အာရှဘောလုံးအဖွဲ့ချုပ် (AFC) နဲ့ လက်တွဲလုပ်ဆောင်နေတဲ့ နိုင်ငံတကာ အားကစားဆိုင်ရာ အချက်အလက်စုဆောင်းရေး ကုမ္ပဏီ ဖြစ် တဲ့ Genius Sports နဲ့ လက်တွဲပြီး  မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲတစ်ပွဲချင်းအလိုက် နည်းစနစ်ဆိုင်ရာ အသေးစိတ် အချက်အလက် များကို ကောက်ယူပြီး ပွဲရလဒ်များကို အချိန်နဲ့ တပြေးညီ စောင့်ကြည့်ခြင်း၊ ကစားသမားများရဲ့ စွမ်းဆောင်ရည် အသေးစိတ် အချက်အလက် များကို တိုင်းတာ စောင့်ကြည့် အကဲခတ် ဖေါ်ပြပေးခြင်း များကို မြန်မာနေရှင်နယ်လိဂ် Website နဲ့  Applications များမှ လွယ်လင့်တကူ လုပ်ဆောင်နိုင်ရန် ဆောင်ရွက် နေတယ်လို့လည်း သိရပါတယ်။

ဒါတွေဖြစ်လာရင် တစ်ကယ်ကို ကောင်းမွန်တယ်၊ ပရိသတ်တွေကြားမှာ ဒါတွေက ပြိုင်ပွဲနဲ့ပတ် သက်တာတွေသိရဖို့အတွက် လိုအပ်တယ်။ အချိန်နဲ့ အမျှပြိုင်ပွဲနဲ့ပတ်သက်တဲ့ အကြောင်း အရာတွေ၊ အချက်အလက်တွေ၊ မှတ်တမ်းတွေကို ဖော်ပြနိုင်လေလေ ပရိသတ်တွေက အားကိုး အားထားပြုလေလေ၊ စိတ်ဝင်စားမှု မြင့်တက်လေလေဖြစ်နေလိမ့်မယ်။ ဖြစ်သင့်နေတာလည်း ကြာပါပြီ၊ အခုဖြစ်လာတော့မယ်ဆိုတော့ ပရိသတ်များနည်းတူ ၀မ်းသာရတယ်၊

အခုအချိန်မှာတော့ မြန်မာနေရှင်နယ်လိဂ် Website မှာ   တည်ဆောက်ဆဲ အနေအထားကို ရောက်ရှိနေလို့သိရသလို မကြာခင်မှာ ပရိသတ် လက်ထဲကို အရောက်ပို့နိုင်တော့မှာဖြစ်တယ် ဆိုပဲ။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စဟာ မြန်မြန်အကောင်အထည်ဖော်နိုင်လေလေကောင်းလေပါပဲ။

ပြီးတော့ ပရိသတ်တွေအတွက်လိုအပ်နေတဲ့  ပွဲကြိုသတင်းစာရှင်းလင်းပွဲတွေ အကြောင်းတွေ၊ ကစားသမား လူစာရင်း အခင်းအကျင်းတွေအပြင်၊  ကစားသမားတွေရဲ့ ဒဏ်ရာရ စာရင်းများလည်း ဖော်ပြပေးစေချင်တယ်။ အဲ့ဒါအပြင်  တစ်ပွဲခြင်းစီ အလိုက် ပွဲကြို၊ ပွဲပြီး သုံးသပ်ချက်တွေကိုလည်း အချိန်နဲ့ တပြေးညီဖော်ပြပေးစေချင်တယ်။ အခုဖော်ပြပေးနေတဲ့ အရာထက် အချိန်ယူ ပိုမိုဖော်ပြပေးစေချင်မိတယ်။ နောက်ပြီး တစ်ပတ်တာ ကစားထားတဲ့ စုစည်းထားတဲ့ ပွဲတိုလေးတွေ အပြင် ပရိသတ်တွေ အတွက် ပွဲကြို ခန့်မှန်းရလဒ်များ ကိုလည်း စိတ်ဝင်စားဖို့ကောင်းအောင်ပြင်ဆင်ရင်း  ပြိုင်ပွဲတစ်ခု လိုမျိုး လုပ်ပေးစေချင်မိတယ်။

အဲ့ဒါအပြင် Digital Platform တစ်ခုဖြစ်တဲ့ Star Phone နဲ့  လက်တွဲပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် တို့ရဲ့ သတင်းအချက်အလက်များ၊ ပွဲစဉ်များအကြောင်း၊ ကလပ်အသင်း နဲ့ ပါတ်သက်တဲ့ အသေးစိတ် အချက်အလက်များ ကိုပါ အလွယ်တကူ ရယူသိရှိနိုင်ရေး အတွက်လည်း လုပ်ဆောင်ပေးနေတယ်လို့လည်းသိရပါတယ်။ ပြီးတော့  မြန်မာ့ဘောလုံးနဲ့ပတ်သက်တဲ့ သတင်းတွေ၊ ပွဲအချက်အလက်တွေ၊ ကစားသမား တစ်ယောက်ခြင်းစီရဲ့ အကြောင်းအရာတွေ၊ စွမ်းဆောင်ရည်တွေနဲ့ ပတ်သက် တာတွေကို လွယ်လင့်တကူရယူနိုင်မယ်လို့ဆိုထားတယ်။

အထူးသဖြင့် ဒီဟာသာဖြစ်လာမယ်ဆိုရင် ကလပ်အသင်းနဲ့လက်ရွေးစင် အသင်း အသီးသီးရဲ့ နည်းပြချုပ်များ အတွက်ပါ ကစားသမားများ ရွေးချယ်ရာမှာ အတော်လေးကို အထောက်အကူဖြစ်နေစေမှာပါ၊   မြန်မာ့ဘောလုံး သတင်းများကို ရယူနိုင်ရေး အတွက် MNL နဲ့ Blue Ocean တို့ပူးပေါင်း ပြီးတော့  သိပ်မကြာခင်မှာ  Official Launching ပြုလုပ်ကာ Media များနဲ့ ပရိတ်သတ် အားလုံးကို အသိပေး ထုတ်ပြန်ပေးသွားမယ်လို့သိရပါတယ်။

ဘာပဲဖြစ်ဖြစ် ကောင်းသောပြောင်းလဲခြင်းဖြစ်တာကြောင့်ကြိုဆိုဖြစ်ပါတယ်။  ဖြစ်လာရင်လည်း ပရိသတ်တွေ အတွက် လိုအပ်နေတဲ့ ကွက်လပ်လေးတစ်ခုကို အကောင်းဆုံးဖြည့်ဆည်းပေးဖို့ အတွက် MNL ရဲ့ လက်ဆောင်မွန်က အထိရောက်ဆုံးဖြစ်နေမယ်လို့ ယုံကြည်ထားရင်း  ကောင်းသောပြောင်းလဲခြင်းများအတွက် ၀မ်းသာပီတိဖြစ်နေမိပါတော့တယ်။

ထွန်းထွန်းဦး(လှိုင်)

မှတ်ချက်များ။