လူငယ်လေးတစ်ဦးရဲ့ မန်ယူကျောနံပါတ် ၇ အိပ်မက်

Man Utd’s James beaten by Arsenal’s Leno in 433 FIFA 2020 tournament

သတင်းတွေ အရတော့ ဆန်ချိုဟာ မန်ယူကို ပေါင် သန်း ၁၀၀ နဲ့ရောက်တော့မယ်တဲ့၊ နီးစပ်နေပြီဆိုကြတယ်။  ထားပါ၊ မနေ့တုန်းက သတင်းတွေမှာတော့ ဆန်ချိုကိုပေါင် သန်း ၁၂၀ နဲ့ ခေါ်ဖို့ရှိတယ်လို့လည်း ပြောကြတယ်။ ဈေးတွေကတော့ အခုအချိန်မှာ အမျိုးမျိုးထွက်နေမှာပါပဲ။ ဒါပေမယ့် ဆန်ချိုကို ကြိုက်ဈေးနဲ့ မန်ယူခေါ်ဖြစ်မယ်ဆိုရင် သူ့အတွက် ကျောနံပါတ်က နံပါတ် ၇ အဆင့်သင့်ဖြစ် နေလိမ့်မယ်။

ကျောနံပါတ် ၇ ဆိုတာကလည်း မန်ယူမှာ အထင်ကရနံပါတ်ဖြစ်တယ်။ ပြီးတော့ အဲ့ဒီနံပါတ် က ဘောလုံးသမားတွေထဲမှာ သူများထက် ထူးကဲတဲ့ ခြေစွမ်း၊ ဒါမှမဟုတ် ကစားဟန်ရှိတဲ့သူတွေ ကျော်ကြားတဲ့သူတွေ ၊ အသင်းကို ဦးဆောင်နိုင်တဲ့ သူတွေ ကို ပေးအပ်လေ့ရှိတဲ့ ကိန်း ဂဏန်း တစ်ခုဖြစ်တယ်။ ဒီတော့ အင်္ဂလန်သား ဘောလုံးသမားငယ်လေး ဆန်ချိုအနေနဲ့ သူသာမန်ယူ ကိုရောက်လာမယ်။ ကျောနံပါတ် ၇ ကို ၀တ်ဆင်ခွင့်ရမယ်ဆိုရင် ထုံးစံအတိုင်း မန်ယူမှာကျော် ကြားခဲ့တဲ့ ဒေးဗစ်ဘက်ခမ်းရဲ့ အစဉ်အလာအတိုင်း ကမ္ဘာကျော်တဲ့ဘောလုံးသမားဖြစ်လာဖို့ အခွင့်အရေးရမတဲ့လား။

Covid-19 ကိစ္စ ကို သပ်သပ်ထားပါဗျာ၊ စိတ်ကူးယဉ်တာလည်းမဟုတ်ပါဘူး။ အခုတစ်လော ဆန်ချို အကြောင်းက လူပြောများလွန်းနေတာကြောင့် သူနဲ့ပတ်သက်ပြီး ဆက်လက်ရေးသား ဖြစ်တာပါ။ သတင်းတွေမှာလည်း သူ့အကြောင်းတွေပဲ ပလူပျံနေတာဆိုတော့ ခေတ်ကို သူက ဖြတ်သန်းနေတဲ့ သတင်းလူသားအဖြစ် ရှိနေခဲ့တယ်။

မန်ယူကလည်း သူရောက်ရင် ကျောနံပါတ် ၇ ပေးဖို့ အသင့်ရှိနေတယ်ဆိုတဲ့ ဘောင်မ၀င်တဲ့ သတင်းတွေက နားနဲ့မဆန့်အောင်ကြားနေရတယ်။ ဘာပဲဖြစ်ဖြစ် ဒါဟာ မန်ယူကို အားပေးတဲ့ သူတွေအတွက် မင်္ဂလာသတင်းတစ်ခုဖြစ်တယ်ပေါ့နော်၊ လူသစ်တွေထဲမှာ ခြေစွာတဲ့ ဘရူနိုကို လည်းရထားတယ်။ ပြီးတော့ဆန်းချိုကိုလည်း ခေါ်ဖြစ်မယ်ဆိုရင် ဘယ်လိုမျိုး မဆို မန်ယူအနာ ဂတ်က လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာဖို့သာရှိနေမှာကြိမ်းသေနေပါလိမ့်မယ်။

ဒီနွေမှာတော့ ဒေါ့တ်မန်ကနေပြီး လူငယ်ခြေတက်ကြယ်ပွင့်လေး ပြောင်းရွှေ့ကြေး ကြီးကြီး နဲ့ ရောက်လာဖြစ်ရင်တော့ ပွဲသိမ်းပြီဆိုတဲ့ အသံတွေ နေရာတိုင်းမှာ ကျယ်လောင်နေပြီဖြစ်တယ်။ မန်ယူမှာ ၇ တွေဆိုတာကလည်း ဒီနောက်ပိုင်းမှာ ထင်သလို မတောက်ပဖြစ်တော့တာကြာပြီ ပေါ့။

ကန်တိုနာ၊ ဘက်ခမ်းနဲ့ စီရော်နာဒိုတို့နောက်ပိုင်းမှာ ဘယ်သူကများ ခြေစွမ်းပြပြီး မန်ယူ အတွက်  အကောင်းစား ကစားပေးနိုင်ခဲ့လို့လဲ၊ ဒီနံပါတ် ကို ၀တ်ဆင်ခဲ့သမျှ ကစားသမားတွေ အားလုံး အဆင်ပြေအောင်လို့ မန်ယူအတွက် မရုန်းနိုင်ခဲ့ကြဘူး။

ခေတ်နဲ့လည်းဆိုင်တယ်ပေါ့နော်၊ မန်ယူ ပြန်တည်ဆောက်နေတဲ့ ကာလမှာလိုမျိုးဖြစ်နေတာ့ အားလုံးလည်း ဒီကျောနံပါတ် အပေါ် ဖိအားဝင်ပြီး ကျိန်စာသင့်သလိုမျိုး ဖြစ်နေခဲ့တော့တာပါပဲ။ ဒီကိစ္စနောက်မှ သပ်သပ် ထပ်ပြီးတော့ပြောပါ့မယ်။ မန်ယူမှာ ဒီကျောနံပါတ် ၇ ဟာ ဆိုရင် ကစားသမားတွေ မက်ကြတဲ့ ဂဏန်းတစ်ခုဖြစ်တယ်။ ပြီးတော့ ဒီနံပါတ် ပေးမယ်၊ လာကစား မလား လို့ လည်း စွဲဆောင်လို့ရတဲ့  အနေအထားတစ်ခုဖြစ်ခဲ့တာလည်းရှေ့မှာမြင်ခဲ့ရပြီဖြစ်ပါ လိမ့်မယ်။

မန်ယူမှာ ကျော်ကြားခဲ့တဲ့ ဘက်ခမ်း၊ ရော်နာဒို၊ ကန်တိုနာ၊ ဘရိုင်ယန်ရော့်ဘ်ဆင်၊ ဂျော့ရှ်ဘက်စ်တို့လိုမျိုး ကစားသမားတွေ အတိုင်း ဆန်ချိုကို မျှော်လင့်နိုင်မလားဆိုပြီး ပြောသံ တွေလည်းကြားနေရတယ်။ မန်ယူကတော့ ဒီကျောနံပါတ်ကို အသုံးချပြီး ဆန်ချိုကိုခေါ်ယူဦးမှာ ပါ။ ဒေါ့တ်မန်မှာလည်း သူကြိုက်တာဝတ်ဆင်ရတာကလည်း ကျောနံပါတ် ၇ လေ၊ အင်္ဂလန်လက်ရွေးစင် တစ်လျှောက်မှာလည်း သူဝတ်ဆင်နေရတဲ့ ဂဏန်းက ကျောနံပါတ် ၇ ဖြစ်နေတယ်။ ဒီတော့ Lucky 7  မက်တဲ့ ကစားသမား အတွက် မန်ယူလို ကလပ် ကခေါ်ယူနေချိန်မှာ နာမည်ကျော် ကျောနံပါတ် ၇ ဟာ သူ့အတွက် တော့ ရွှေရောင်လို ၀င်းဝင်းလက်ပြီး မက်စရာလိုဖြစ်နေလိမ့်မယ်။

ဆန်ချို အတွက်တော့ လစာ၊ ကျောနံပါတ် ၊ ဘောနပ်စ် အပြင် အစစအရာရာ အလိုလိုက်မယ့် အရာတွေ မနည်းလှပါဘူး။ တစ်ခုပါပဲ။ သူဟာ မန်စီးတီး က ထွက်လာတဲ့သူဆိုတော့ မန်ယူကို စိတ်ထဲက ကြိတ်ပြီး မုန်းမနေဖို့ပါပဲ၊ ဒါပေမယ့် သူဟာ ပရိုပီသရင် ပရိုစိတ်မွေးနိုင်မယ်ဆိုရင် ငယ်ငယ်ရွယ်ရွယ်နဲ့ ရှိရင်းစွဲထက် ပိုမိုတိုးတက်မယ့်သူ အဖြစ် ရှိနေလိမ့်မယ်။

လောလောဆယ် မန်ယူမှာ ကျောနံပါတ် ၇ က ဆန်းချက်ဇ်ယူထားတဲ့ နံပါတ်ဖြစ်တယ်။ သူမရှိဘူး။ အင်တာကို အငှားချခံထားရတယ်။ ဒီတော့ သူပြန်လာမလား၊ သူ့လို လစာများတဲ့ သူကို မန်ယူ ဆက်ထားမလား၊ ပေါ့ဂ်ဘာကိုတောင် ထုတ်ဖို့ပြင်နေတာဆိုတော့ သူမရှိတဲ့အခါ  သူ့ကျောနံပါတ်ကို ဆန်ချိုလာရင် မန်ယူပေးဖို့ အသင့်ဖြစ်နေလိမ့်မယ်ထင်တယ်။

အခုအချိန်မှာ မန်ယူအပြင် မန်စီးတီး၊ လီဗာပူးနဲ့ ချယ်လ်ဆီးကပါ မန်ယူနဲ့အပြိုင်လိုက်လုနေ တာပါ၊ လွတ်တဲ့ငါးကြီးနေတဲ့ မန်စီးတီး အတွက်တော့ ဘယ်လိုမျိုး မန်ယူနဲ့အပြိုင်လုကြမလဲ ဆိုတာ စိတ်ဝင်စားဖို့ကောင်းတယ်။ မန်ယူကလည်း မန်စီးတီးဆီပါမသွားဖို့ ဖာဂူဆန်ရဲ့ အကူ အညီတွေယူပြီး လူငယ်လေးတစ်ယောက် အိပ်မက်တွေကို မြှင့်တင်ပေးဖို့ရှိနေမှာပါ။

ဆိုးရှားကတော့ ဒီကလေးကို အကြိုက်တွေ့နေတာကြာပြီ၊ ခေါ်ယူချင်နေတာလည်း မန်ယူ ပရိသတ်တွေလိုပါပဲ။ လာမယ့်နှစ် အိုးထရက်ဖို့ဒ်ကိုရောက်အောင် အပါခေါ်နိုင်မယ်ဆိုရင် တော့ မန်ယူ အတွက် ကွင်းလယ်မှာ လူအင်အားအပြည့်ဖြည့်ပြီးသားဖြစ်မယ်။ လူငယ်တွေ အားနဲ့ဆိုရင် မန်ယူအနေနဲ့ အချိန်တော်တော်ကြာတဲ့အထိ ခရီးဆက်နိုင်မယ်လို့မျှြော်ဖစ်ကြ ပါတယ်။

တစ်ကယ်လို့သာ ဆန်ချိုရောက်မယ်။ မန်ယူရဲ့ နာမည်ကျော် ကျောနံပါတ် ၇ ကိုပေးမယ် ၊ သူလည်း ခြေစွာမယ် ဆိုရင် ဆန်ချိုလိုမျိုး လူငယ်ခြေတက်ကစားသမား အတွက်တော့ မန်ယူမှာ သူ့ခေတ်ကို ထူထောင်နိုင်ခဲ့လိမ့်မယ်လို့မြင်မိတယ်။  ပြီးတော့ ကျိန်စာသင့်နေတဲ့ မန်ယူရဲ့ ကျောနံပါတ် ၇ ဇာတ်လမ်းကိုပါ တစ်ပါတည်း အဆုံးသပ်ပေးခဲ့နိုင်လိမ့်မယ်ဆိုတာပါ ပဲ။

ဒါပေမယ့် သူမန်ယူရောက်လာရင် ဒေါ့တ်မန်မှာလိုမျိုးမဟုတ်တဲ့ ဟန်တစ်ခုနဲ့ အစကနေပြီး ပြန်ရုန်းရမယ့် ဘ၀သစ်တစ်ခုကို ကာဂါဝါလိုမျိုး ပြန်စရဖို့ရှိနေလိမ့်မယ်။ အဲ့ဒီ အခက်အခဲ ကို သူလွယ်လွယ်ဖြတ်သန်းနိုင်ဖို့သာလိုပါတယ်။

တောင်ပိုင်းလန်ဒန်ကမ်ဘာဝဲလ်မှာ မွေးပြီးကြီးလာတဲ့ အင်္ဂလန်သား လူငယ်လေး တစ်ယောက် ရဲ့ အနာဂတ် တွေဟာ မန်ချက်စတာမှာ ရှင်သန်ဖို့ အတွက် အသင့်ဖြစ်နေမလားဆိုတာ အချိန်ယူစောင့်ကြည့်ကြသေးတာပေါ့ဗျာ။

ထွန်းထွန်းဦး(လှိုင်)

မှတ်ချက်များ။