ကျန်ရစ်ခဲ့လေသော နှလုံးသားများ…

Ljungberg has ‘got no indications’ regarding Arsenal future

ကိုယ်တွေလား ..

မေးမနေပါနဲ့ ကျန်ရစ်ခဲ့တာပေါ့။

သူများတွေ နောက်တစ်ဆင့်တက်သွားချိန်မှာ ကိုယ်တွေက ထုံးစံအတိုင်း ကျန်ရစ်ခဲ့လေ သော နှလုံးသားများပမာ…

ငေးမောနေရုံကလွဲလို့ ဘာမှကို မတတ်နိုင်ခဲ့..။

နောက်ဆုံးပွဲ စင်ကာပူကို ၈-၀ နဲ့နိုင်တယ်လေ…

ဒီလိုပါပဲ၊ ဗုံလုံတစ်လှည့်၊ ငါးဖျံတစ်လှည့်…

တိုးတိုးလေးပြောဖြစ်တဲ့ စိတ်ဖြေသိမ့်တဲ့စကားပါ..

ခက်တာက ကိုယ်တွေအလှည့်ဆိုရင် ခံဘက်ကချည်းပဲ၊ ဒီဘက်ခေတ်မှာ ဒို့မြန်မာနိုင်ပြီ ဆိုတဲ့ အသံတွေက လေထဲမှာ တေးသံသာပြန့်လွင့်လာတာမျိုး တော်တော်လေးကို ရှားပါးလာပါပြီ၊  ပြောမယ်ဆိုရင် ဒီနောက်ပိုင်းမှာ ပိုဆိုးတယ်။ မကြားရသလောက်ပါပဲ။  ဘယ်တော့များမှ ဒီအသံမျိုး ပြန်ကြားရမလဲ၊ အချိန်ကြာကြာ နားသောတ ဆင်ရမလဲဆို တာ သိချင်လာမိပြန်တယ်။ မျှော်မိပြန်တယ်။ ၀မ်းလည်းနည်းမိပြန်တယ်။ ဒေါသလည်း ထွက်မိလာသလို၊ မချိတင်ကဲတွေလည်းဖြစ်ရစေတယ်။ ကိုယ်တွေအလှည့်ကျမှ ဒါမျိုးတွေတဲ့လား။

အတိတ်ကိုပြန်သွားလို့ရမယ်ဆိုရင် မြန်မာ့ဘောလုံးလောက ရွှေခေတ်ဦးကို ပြန်သွား ကြည့်ချင်မိတယ်။ အဲ့ဒီတုန်းကဘောလုံးသမားတွေ ဘယ်လိုမျိုးလေ့ကျင့်တယ်၊ သင်ယူ တယ်၊ ကြိုးစားတယ်ဆိုတာ နိုင်ငံတော် အတွက် ပေးဆပ်တယ်ဆိုတာ သိချင်လို့ လေ့ လာချင်လို့ပါ၊ သူတို့တွေရဲ့ခံယူချက်တွေကိုလည်း မြင်ချင်စမ်းလှပါတယ်။

ပြီးတော့ငွေခေတ်က ဘောလုံးသမားကြီးတွေ၊ အစစအရာရာ ကုန်းတွင်းပိတ်နေတဲ့ ခေတ်မှာ မျက်စေ့ပိတ်၊ နားပိတ်ထားတဲ့အချိန်မှာ သူတို့တွေကြိုးစားကြပုံတွေ အတုယူ ချင်စရာကောင်းတယ်။ သူတို့နည်း သူတို့ဟန်တွေနဲ့ တိုးတက်လမ်းကိုဖွေရှာကြတယ်။ ပြည်ပထွက်ကစားကြတယ်။ အဆင်ပြေသလိုနေ၊ အဆင်ပြေသလို နဲ့ကစားပြီး နိုင်ငံတော် အတွက်ဆိုရင် ဘယ်အချိန်ပဲလာလာ အကောင်းဆုံးဖြစ်အောင်လို့ ကစားခဲ့ ကြတယ်။

ပြီးတော့ စိုးမြတ်မင်း၊ မင်းသူ၊ မျိုးမင်းထွန်း၊ ရန်ပိုင်၊ထွန်းထွန်းဝင်း၊ ဇော်လင်းထွန်း တို့ခေတ်ကြည့်ဦးမလား၊ ရာဇာဝင်းသိန်းတို့ခေတ်အထိ သူ့အတိုင်းအတာနဲ့ သူကောင်းနေတုန်းပဲ။ သွားနေကြတုန်းပဲ၊ ဒီဘက်နောက်ပိုင်းရောက်တော့မှ မြန်မာ့ဘောလုံး မျှော်လင့်ချင်စရာ အကောင်းဆုံးဆိုတာတွေ မတွေ့ရတော့ဘူး။ နိုင်နေ ကြ အသင်းတွေကိုလည်း ကိုယ်တွေက အမှတ်မထင်ရှုံးတာမျိုးမဟုတ်တော့ပဲ ခြေရည် တူတွေဖြစ်လာတယ်၊ ရှုံးချင်သလိုလိုကနေပြီး နောက်ဆုံး ရှုံးပါရှုံးလာကြတယ်။

အောင်သူတို့၊ မောင်မောင်လွင်တို့ တစ်ခေတ်ဖြစ်လာပြီး သိပ်မကြာဘူး။ လက်ရွေးစင် အဆင့်မှာ ကိုယ်တွေနဲ့ သက်တမ်းတူ၊ အရွယ်တူ ကစားသမားတွေ အပြိုင်ဖွံ့ဖြိုးလာကြ ပြီး အခုအချိန်မှာ တီမောလိုအသင်းကတောင် ကိုယ်တွေထက် သာလွန်ချင်နေပြီ၊ ကမ္ဘောဒီးယား တိုးပြိး ရှေ့ကိုထိုးထွက်ချင်နေပြီ၊ လာအိုဆိုရင် ဗီယက်နမ်တို့လိုမျိုး ခြေရာ လိုက်နင်းဖို့ မရမက ပြင်ဆင်နေပြီ၊ လုပ်သလိုမဖြစ်တော့ ဖြစ်သလိုလုပ်ရဖို့ သူတို့တွေ မလေးရှားနည်းတူ၊ အင်ဒိုနီးရှားနည်းတူတွေလိုက်လုပ်လာကြပြီ၊ ထိုင်းတောင် ဘာမှမဟုတ်တော့သလိုမျိုးနဲ့ ပြိုင်ဘက်အင်အားကြီးအသင်းအပေါ်မှာ ခံစားချက်တွေ ပြောင်းလာကြပြီ။

(ကုန်ကုန်ပြောမယ်ခင်ဗျာ၊ အခုအချိန်မှာ AFF Awards 2019 ရဲ့ အကောင်းဆုံး ဆုတွေဆိုတာ တောင် ကျွန်တော်တို့မြန်မာအသင်းမှ ကစားသမားတွေ၊ နည်းပြတွေ၊ ဒိုင်တွေ စသည် ဖြင့် ဘာဆုမှကို မချိတ်နိုင်ကြတော့ဘူး။ ဘာလဲ ကျွန်တော်တို့ မြန်မာက ဘောလုံး အားကစားမှာ ကျန်ရစ်ဖြစ်ပြီတဲ့လား။)

ကျွန်တော်တို့ မြန်မာကရောခင်ဗျာ၊ ဘာတွေပြောင်းလဲသွားကြပြီလဲ၊ အဖြေတွေက တော့ အဆင့်ဆင့်ပြိုင်ပွဲဝင်နေတဲ့ပွဲတွေမှာ ရလဒ်တွေက သက်သေခံနေတယ်။ သိသာစွာနဲ့ပြောင်းလဲတာမျိုး မမြင်ရသေးဘူး။ ဟုတ်တော့မလိုလိုနဲ့ အဖျားရှုးနေတာ မျိုးများနေတယ်လို့ ပရိသတ်တွေက ဝေဖန်တယ်၊ ဟုတ်နေတာပဲလေ၊ ခြေစမ်းပွဲတွေ ကစားတယ်။နိုင်တယ်။ ဆုချိတ်တယ်၊ တစ်ကယ့်ပွဲတွေကျတော့ ဘာမှကို မဟုတ်တော့ ဘူး။ အစဉ်အလာလိုမျိုးဖြစ်နေပြီ။

အခု လူငယ် လေးတွေပွဲကြည့်တယ်။ ယူ-၁၉ အသင်းကစားသွားတာတွေ တိုးတက်လာ တာ အမှန်ပါပဲ၊   တစ်ခုရှိတာက ဘာကြောင့်များ ပထမပိုင်းမှာ အကောင်းဆုံး တာထွက် ကစားနိုင်တယ်ဆိုတာမျိုး မရှိတာလဲ၊ ခြေစစ်ပွဲ ၃ ပွဲစလုံးမှာ မြန်မာအသင်းရဲ့ ဟန်တစ် ခုက ဒုတိယပိုင်းမှာ ပိုပိုပြီးတော့ ကောင်းလာကြတယ်ဆိုတာပါပဲ။ ဒါကိုတော့ ငြင်းမရပါ ဘူး။ တစ်ဖက်က ကစားအားချတဲ့အချိန်မှာ ကိုယ်တွေက ပိုကောင်းနေခဲ့သလား ဆိုတော့လည်းမဟုတ်ပြန်ပါဘူး။ ပြန်ကြည့်မယ်ဆိုရင် တရုတ်၊ တောင်ကိုရီးယားအပြင် စင်ကာပူနဲ့ပွဲတွေမှာ မြန်မာဟာ ဒုတိယပိုင်း ပြန်စတာနဲ့တော်တော်လေးကို ကစားအား ကောင်းသလို ရုန်းထွက်တာတွေ တော်တော်လေးကိုကောင်းခဲ့တယ်။

အာရှ နှစ်သင်းနဲ့ကစားတော့ အခွင့်အရေးတွေ အပိုင်နီးပါးရတယ်။ ၂ ကြိမ် ၊ ၃ ကြိမ် မကဘူး၊ ဒါပေမယ့် ဂိုးအဖြစ်မပြောင်းနိုင်ခဲ့ဘူး၊ မျှခြေ ကွာတာလက်ခံတယ်၊ ဒါပေမယ့် အငယ်လေးတွေ အခွင့်အရေးကောင်းကို ခြေစွမ်းသာအောင်လုပ်နိုင်ပါရက်နဲ့ အဆုံးမှာ မသေချာကြဘူး။ ဒါပေမယ့် စင်ကာပူနဲ့ပွဲကျတော့ ပထမပိုင်းတော်တော်လေးကို အဆုံးသပ်မသေချာသလောက် ဒုတိယပိုင်းမှာ ကစားတာတွေ ကောင်းမွန်လာတယ်။ ထိထိမိမိနဲ့ ဂိုးရရေးကို ဖန်တီးစွမ်းဆောင်နိုင်လာကြတယ်။

ထားပါ၊ အရှေ့တောင်အာရှအသင်းအချင်းချင်းတွေ့တယ်၊ မျှော်လင့်ချက်တွေ မရှိတော့ တဲ့အချိန်မှာ ကစားတဲ့ အနေအထားဟာ ပုံစံယွင်းနိုင်တယ်။ စင်ကာပူ ဂိုးသမားလည်း ညံ့တာပါတယ်။ ဒါပေမယ့် မြန်မာလူငယ်တွေ ဒုတိယပိုင်းထိုးစစ်တွေကောင်းလွန်းခဲ့တာ တော့ ၀န်ခံတယ်။ ဒါမျိုး ခြေစွမ်း ဒိုင်လူကြီး ပွဲသိမ်းခရာမှုတ်တဲ့အထိ ကစားအားမချပဲ နဲ့ ဂိုးတွေကို ရနိုင်သလောက် တိုက်ယူသွားတယ်။

ဒီလိုမျိုး အနေအထားကို လာအို၊ ကမ္ဘောဒီးယား၊ မလေးရှား၊ ဗီယက်နမ်တို့လို လူငယ် အသင်းတွေနဲ့ ဆုံတွေ့ပြီးတော့ ကစားစေချင်မိသေးတယ်။ ကိုယ်တွေနဲ့ခြေလာစမ်း ထားတဲ့ လာအိုလိုအသင်းတောင်ခြေစစ်ပွဲအောင်သွားပြီ၊ ကိုယ်တွေက ကျန်ရစ်ခဲ့တယ် ဆိုတော့ စဉ်းစားစရာပါ၊ အုပ်စုချောင်တယ်၊ ကျပ်တယ် ဆိုတာ တစ်ပိုင်းပေါ့နော်။

ဘာပဲဖြစ်ဖြစ် ကိုယ်တွေကတော့ နောင်လာမယ့် ပွဲတွေမှာ ဒီ့ထက်ကောင်းအောင် ပြင် ဆင်မှပဲရတော့မယ်။ အခုထက်ပိုပြီးတော့ နှစ်ဆမက ပြင်ဆင်မှရမယ်။ ဒီအတိုင်းသွား နေတာထက် ပိုပြီးတော့ ရှေ့ကို သွားနိုင်မှဖြစ်မယ်။  အပေါ်ကို ရောက်မှ အခြေခံပြန် စရတယ်ဆိုတာမျိုးကို မဖြစ်သင့်တော့ဘူး။ မရှိသင့်တော့ဘူး။ ဒါမျိုးလည်း ဆွဲမတင်လာ သင့်တော့ဘူးလို့ပြောချင်တယ်။

အရှေ့တောင်အာရှအသင်းတွေကြားထဲမှာ မြန်မာအနေနဲ့ အာရှနဲ့တွေ့တုန်းကလိုမျိုး မဖြစ်ရစေဖို့ ဂရုစိုက်ရမယ်။ အခုတော့ သူများတွေ နောက်ထပ်တစ်ဆင့်တက်ပြီး အောင်မြင်သွားတာကို ထိုင်ကြည့်အားပေး လက်ခုပ်တီးရုံပေါ့။ ဘာပဲဖြစ်ဖြစ် ကိုယ်တွေ အတွက် မှားတွေရှိနေတဲ့ကြားထဲကနေပြီး နောက်ဆုံး စင်ကာပူနဲ့ပွဲမှာ ဂိုးပြတ်သွင်းကာ အနိုင်ယူပေးသွားတာလေးကိုပဲ ကျေနပ်စွာကျေးဇူးတင်ဖြစ်တယ်။ မြင်ချင်တာ ရဖို့ အတွက် မြန်မာယူ-၁၉ က အရင်ဆုံး အရှုံးခံလိုက်ရတဲ့ ၂ ပွဲကိုတော့ သဘောမကျမိဘူး ပေါ့ခင်ဗျာ။

နောင်လာမယ့်ပွဲတွေ အတွက် ပြန်အားမွေးရင် လိုအပ်ချက်တွေကို အထိမိဆုံးပြင်ဆင်နိုင်ဖို့ မျှော်လင့်ရင်းနဲ့ မြန်မာယူ-၁၉ ရဲ့ ဒုတိယပိုင်း အားအင်တွေ ရှေ့ကို အကောင်းဆုံး ဆထက်ထမ်းပိုး တိုးတက်စေကြောင်း ဆုမွန်ကောင်းတောင်းအပ် လိုက်ပါတယ်။

ထွန်းထွန်းဦး(လှိုင်)

မှတ်ချက်များ။