မနက်ဖြန်ထိုင်းနဲ့ ခြေစမ်းမယ့် မစ္စတာ ပိုပေါဗ်ရဲ့ မြန်မာ ယူ-၂၂

‘Man United still need two or three players’ – Solskjaer

 

ဒီတစ်ခါတော့ သေချာလေ့ကျင့်ပြင်ဆင်ထားတဲ့ မြန်မာယူ-၂၂ အကြောင်းပြောချင် တယ်။ ဘာတွေဖြစ်လာဦးမလဲမသိ၊ အပြင်မှာတော့ ပွဲမ၀င်ခင်ကျင်းပနေတာများ အား ရစရာ တော်တော်လေးကိုကောင်းမွန်လွန်းတယ် ၊ MFF ရဲ့  အကောင်းဆုံး ပံ့ပိုးပေးထားတဲ့အသင်းအဖြစ် အားလုံးသိ ထားကြတာကြောင့် မကြာခင် လက်ရွေးစင် အဆင့်ကို တက်လှမ်းမယ့် ကစားသမားတွေပါနေတဲ့ ဒီအသင်းဟာ အခုလို အခွင့်အရေးမျိုးကို သေချာအသုံးချကာ ဆီးဂိမ်းအကြို ပြင်ဆင်အဖြစ် ထိရောက်မှု အပြည့်အ၀ရှိစေဖို့လုပ်ထားပြီးဖြစ်မယ်လို့မျှော်လင့်ချက်အပြည့်ထားမိတယ်။

ပြီးတော့ ကစားသမားတွေအနေနဲ့လည်း   ပြိုင်ဘက်တွေအပေါ်မှာ လိုအပ်တာထက်ပိုပြီး ခြေစွမ်းပိုင်းများ ကို ခန့်မှန်းသုံးသပ် ထိုးထွင်းသိမြင်နိုင်ကြစေဖို့ ရှိထားကြ၊ ရထားကြပြီးဖြစ်မယ်ထင်တယ်။

မြန်မာယူ-၂၂ ဟာ တောင်ကိုရီးယားကလပ်အပါအ၀င်၊ ထိုင်းကလပ်တွေနဲ့ ခြေစမ်း ထားတယ်။ ပြီးခဲ့တဲ့လ အောက်တိုဘာ ၂၂ ရက်တုန်းက ကာတာသွားထားတယ်၊ လေ့ကျင့်ရေး ခြေစမ်းပွဲ တွေကို ကာတာကလပ်တွေနဲ့ အတူ လေ့ကျင့်ထားတယ်။ အဲ့ဒီမှာ သေချာပြင်ဆင်ထားတယ်။ Training Match တွေအဖြစ်လည်း Kyrgyzstan U-19၊ Al Uwaynah FC  တို့ကို အနိုင်ယူကစားခဲ့ကြသလို၊  NEPAL U-23 နဲ့ သရေကျခဲ့တယ်။ အခုပြန်ရောက်နေပြီ။ ဆက်လက်ပြီးတော့ ခြေစမ်း ပွဲတွေကို ဆက်လက်နွဲဖို့ ပြင်ဆင်ထားတယ်။

လောလောဆယ်တော့ မြန်မာယူ-၂၂ အနေနဲ့ ထိုင်းနိုင်ငံကိုထွက်ခွါပြီးတော့ထိုင်းယူ-၂၂ နဲ့ ဆက်လက်ခြေစမ်းမှာဖြစ်တယ်။ မနေ့တုန်းက ထွက်ခွါသွားပြီဖြစ်လို့ အခုအခါမှာလေ့ကျင့်ရေးတွေ လုပ်နေတယ်။ ခြေစမ်းပွဲက မနက်ဖြန်မှပါ၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ခြေစမ်းပွဲကစားမှာဖြစ်တယ်။ ဟုတ်ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာ ကစားမယ်လို့သိရပါတယ်။

အဲ့ဒီကမှတစ်ဆင့် ထိုင်းနဲ့ခြေစမ်းပွဲပြီးရင် နိုဝင်ဘာ ၁၇ မှာ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ကိုသွားပြီးတော့ ဗီယက်နမ် ယူ-၂၂ အသင်းနဲ့ ဆက်လက်ခြေစမ်းပွဲတွေ ကစားဦးမှာဖြစ်တယ်လို့သိရပါတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာယူ-၂၂ အသင်း ပြင်ဆင် ထားပုံကတော့ မဆိုးလှပါဘူး။ လေ့ကျင့်ခြေစမ်းပွဲ အနေထားကိုကြည့်ရတာ သဘောကျစရာကောင်းတယ်။ ဒါပေမယ့် အရေးကြီးတာ တစ်ချက်က တစ်ကယ့်ပြိုင်ပွဲမှာ မြန်မာဟာ မြန်မာ ပီသနေ ဖို့လိုအပ်တယ်။ ပရိသတ်ကို အကောင်းဆုံးပေးဆပ်နိုင်ဖို့လိုအပ်တယ်ဆိုတာပါပဲ။

အခုဆိုရင် မြန်မာယူ-၂၂ ဟာ ၂၀၁၉ ထဲမှာ AFF U-22 ပွဲကစားထားပြီးသလို အင်ဒိုနီးရှားကို သရေကျခဲ့ပြီ၊ ကမ္ဘောဒီးယားကို ၂-၀ နဲ့ရှုံးထားတယ်။ မလေးရှားကို လည်း ၁-၀ နဲ့အရေးနိမ့်ထားတယ်။ အုပ်စုအဆင့်ကနေပြီးတော့ ပြုတ်တယ်။ AFC U-23  မှာဆိုရင်လည်း တီမောကို ၇-၀ နဲ့နိုင်တယ်။ မကာအိုကိုလည်း ၄-၀ နဲ့နိုင်တယ်။ ဂျပန်ကိုတော့ ၇-၀ နဲ့ ရှုံးတယ်။ အားလုံး အိမ်ကွင်းမှာ ကစားခဲ့ရတာဖြစ်တယ်။ ခြေစစ်ပွဲ မအောင်မြင်ခဲ့ပေမယ့် အတိုင်းအတာတစ်ခုအထိတော့ ခြေစွမ်းကို လက်ခံခဲ့ကြတယ်။

ပြီး တော့ ဇွန်လ ၇ ရက်နေ့မှာ ဟနိုင်းကိုသွားပြီး ခြေစမ်းတော့လည်း ဗီယက်နမ်ကို ကိုယ်တွေက ၂-၀ နဲ့ရှုံးလာတယ်။ အခု ထိုင်းနဲ့ခြေစမ်းမယ်။ ကိုယ်တွေနဲ့ဆုံဖို့ကျန်တာ ဆိုလို့ ထိုင်းရယ်၊ ဖိလစ်ပိုင်ရယ်၊ ဘရူနိုင်းရယ်၊ စင်ကာပူရယ်ပဲ ၂၀၁၉ မှာကျန်တော့ တယ်။ ကျန်တာတွေ အားလုံးနဲ့ဆုံတွေ့ကြပြီးပြီလေ။

ထိုင်းနဲ့ပွဲခြေစမ်းတာဖြစ်လို့ ဘယ်လိုမျိုး ကစားကြမလဲ၊ ထိုင်းကရော ဘယ်လိုမျိုး မြန်မာကို တုံ့ပြန်မလဲ၊ ထိုင်းနဲ့ခြေစမ်းတိုင်းမှာ ကိုယ်တွေဟာ အမြဲတမ်း ဂျင်းအကြီးစား မိမိသွားတယ်၊ ဒီကိုပဲလာတာဖြစ်ဖြစ်၊ ဟိုကိုပဲသွားတာဖြစ်ဖြစ် အမျိုးသားရော၊ အမျိုး သမီးရော ခြေစမ်းလိုက်တာနဲ့ ထိုင်းရဲ့ ပုံမှန်ခြေစွမ်းနဲ့ ကစားသမား အမှန်စာရင်း နဲ့ လာ တာမျိုး သိပ်မတွေ့ရဘူး။ သူတို့တွေအတွက် သူတို့လုပ်သွားကြတာနဲ့ပဲတိုးတိုး နေတာဖြစ်တယ်။ ကိုယ်တွေလည်း ဒါကို အထင်ကြီးစိတ်တွေနဲ့ ရလဒ်တွေအပေါ် မသာယာစေ့ချင်မိဘူး။

ဒီလိုမျိုးအနေအထားကို ကိုယ်တွေက ဟုတ်လှပြီထင်နေရင်း တစ်ကယ့်ပြိုင်ပွဲမှာ ထိုင်းဟာ စူပါ့တကာ စူပါနဲ့လာပြီးတော့ ဆုဖလားတွေ သိမ်းပိုက်ခဲ့တာနည်း တာမှမဟုတ်တာပါ။ ဒီတစ်ခါ သူတို့မြေပေါ်မှာ သွားကစားရမယ်။ ထိုင်းကတော့ အကောင်းဆုံး တုံ့ပြန်မှာပါ၊ အိမ်ရှင်ဖြစ်တယ်၊ အရေးပါတဲ့ အနေအထားနဲ့ မြန်မာယူ-၁၉ ကို တုံ့ပြန်ဖို့ရှိတယ်။ သူတို့တွေက အိမ်ရှင်လေ၊ ဒီတော့ ကိုယ်တွေအတွက် ဘာကိုရည်ရွယ်ပြီး ခြေစမ်းမလဲဆိုတာ ကြည့်ကြရမှာဖြစ်တယ်။ ကိုယ်တွေအတွက် တော့ အကောင်းဆုံး ခြေစမ်းပွဲဖြစ်ဖို့ မျှော်လင့်ထားတယ်။

လောလောဆယ်တော့ အသင်းကိုပြင်ဆင်ပုံအနေအထားအရ ကစားသမား အပြောင်းအလဲ အချို့ရှိသလို ဒဏ်ရာရ ကစားသမားတွေနေရာမှာ အစားထိုးဖြည့်ခေါ် ထားတဲ့ လူတွေလည်းရှိတယ်လို့သိရပါတယ်။ ပြီးတော့ ဆီးဂိမ်းအတွက် အသက်ကျော် ကစားသမား ၂ ဦး ကိုလည်း ပြိုင်ပွဲနားနီးမှ ရွေးချယ်မှာဖြစ်တယ်လို့ဆိုထားတယ်။  အခု အချိန်မှာ  အသက်ကျော်ကစားသမား ၅ ဦး အနေအထားကို စောင့်ကြည့်နေ တုန်းဖြစ် တယ်ဆိုပဲ။

လက်ရှိပဏာမ စာရင်းမှာပါနေတဲ့ လူငယ်ကစားသမားတွေကလည်း အတွေ့အကြုံအားဖြင့်မဆိုးလှတဲ့အနေအထားမှာ ရှိနေတယ်၊ အများစုက လက်ရွေးစင်အဆင့်အထိပါလာခဲ့ကြဖူးသူတွေဖြစ်တယ်။ ဒီတော့ လက်ရွေးစင် ဒုတိယ (ခ) အသင်းလို့တောင်ဆိုနိုင်တယ်။ ဒီအသင်းဟာ မကြာခင်မှာစီနီယာ အဆင့်ကို တက်လှမ်းတော့မှာဖြစ်တယ်။ အခုလည်း ကစားသမား အချို့က တက်လှမ်းကစားနေကြပြီမဟုတ်ပါလား၊ လွင်မိုးအောင် ဆိုရင်  စိုးမိုးကျော်လို မျိုးလက်ရွေးစင် အသင်းကြီးမှာ တစ်နေရာစာ ရနေပြီ။ မြတ်ကောင်းခန့် ၊ထက်ဝေဖြိုး၊ အောင်ကောင်းမာန်၊ ၀င်းမိုးကျော်၊ ဇင်မင်းထွန်း၊ ဆန်းဆက်နိုင်စတဲ့ကစား သမားတွေဟာ လက်ရွေးစင်အဆင့်အထိတက်လှမ်းခဲ့ကြပြီးသားသူတွေဖြစ်တယ်။ ဒီအဆင့်မှာလည်း အားကိုးအားထားရတဲ့သူတွေအဖြစ် ရပ်တည်နေတယ်။

ဘာပဲဖြစ်ဖြစ် နည်းပြချုပ်ဖြစ်တဲ့ မစ္စတာ ပိုပေါ့ဗ်အတွက်တော့ အားရစရာကောင်းတဲ့ အသင်းကို ကိုင်တွယ်ခွင့်ရထားလိုက်တာပဲဖြစ်နေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စိတ်ဝင်စားဖို့ ကောင်းတဲ့အနေအထားတစ်ရပ်မှာ ထိုင်းနဲ့ဆုံတဲ့အခါ ဘယ်လိုမျိုးဖြစ် လာ မလဲ၊ ချိတ်ဆက်တွဲကစားမယ့် ခြေစွမ်းနဲ့ စိတ်ဓါတ်ကို ကြည့်ချင်နေမိတယ်။ အတွေ့အကြုံယူရမယ့် အချိန်မျိုးမဟုတ်တော့ဘူး။ ဒီအချိန်က ပြိုင်ဘက်နဲ့ အားပြိုင် ခြေစမ်းရမယ့်အနေအထားမျိုးဖြစ်နေတယ်။ ဒီတော့ ထိုင်းနဲ့ မနက်ဖြန်ကစားမယ့်ပွဲဟာ မြန်မာယူ-၂၂ အတွက် ဆီးဂိမ်းအကြိုပြင်ဆင်မှု ဘယ်လောက်အထိများ ခရီးပေါက်နေ မလဲဆိုတာ အရေးတယူကြည့်ရမှာဖြစ်နေတယ်ဆိုတာပါပဲ။

ထွန်းထွန်းဦး(လှိုင်)

မှတ်ချက်များ။