တာဂျစ်ကစ္စတန်နဲ့ရင်ဆိုင်မယ့် မြန်မာ အဆင်သင့်ဖြစ်ပြီလား  . .

Nuno Espirito ‘pleased’ as Diogo Jota’s hat-trick fires Wolves past Besiktas in Europa League

မနက်ဖြန်ဆိုရင်  မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကို တာဂျစ်ကစ္စတန်အသင်းနဲ့ မြန်မာစံတော်ချိန် ညနေ ၅ နာရီ မှာ  ကစားဖို့ရှိ နေတယ်။ ဒီပွဲအတွက်ကို မြန်မာအသင်းဟာ သေချာလည်း ပြင်ဆင်ထားတယ်။ သေချာလည်းလုပ်ထား ပေးတယ်၊ နည်းပြချုပ် လည်းပြောင်းလဲထားတယ်။ ကစားသမားတွေနဲ့ အံကိုက်ဖြစ်မယ်။ ပရိသတ်လည်းကြိုက်မယ်ဆိုတဲ့ လူမျိုး ပြန်ခေါ်ထားတာ အားလုံး အသိပဲ ဖြစ်တယ်။ ပြီးတော့ ဒီတစ် ခါ သူလာတာဟာ သူ့အဖွဲ့မပါတော့ဘူး။ သူတစ်ယောက် တည်းနဲ့ ဒီက နည်းပြအဖွဲ့ကို ပေါင်း ပေးထားတာလည်း အားလုံးသိမယ်ထင်တယ်။

သူဟာ ဘယ်လောက်အထိ စေတနာထားပြီး အသင်းကို တည်ဆောက်တယ်ဆိုတာ လူတိုင်းမြင်ထားသလို၊ အသင်းနဲ့လိုက်ဖက်မယ့် ဟန်တစ်ခုကိုလည်းဆွဲထုတ်ပေးထားတယ်။ ပြီးတော့ လက်ထောက်နည်းပြအဖြစ် ဦးကြည်လွင်လည်း လာရောက်ပူးပေါင်းထားတာဖြစ်လို့ ဘယ်လိုမျိုး မဆို အကောင်းဆုံးဖြစ်စေဖို့အတွက် ရည်ရွယ်ပြီး ရှိခဲ့ဖူးတာတွေ၊ ဖြစ်ခဲ့ဖူးတာတွေ အားလုံး ခ၀ါချကာ ပြန်လည်ပေါင်းထုပ်ခြင်းနဲ့ အကောင်းဆုံးဖြစ်လာစေမယ့် အရာတစ်ခုကို ပြန်ပြီး လမ်းကြောင်းသစ်တစ်ခုအဖြစ် တာဝန်ရှိသူတွေတည်ဆောက်လာကြပြန်တယ်။ ဒီတစ်ခါ နည်းမှန်လမ်းမှန်ဖြစ်မယ်လို့တော့ မြင်မိတယ်။

အကြိုက်တွေလိုက်ထားတာ တစ်ပိုင်းထား၊ ဖြစ်လာနိုင်ချေရှိမယ့်အရာများကို အချိန်တိုအတွင်း တည်ဆောက်ပြီး လက်ကျန်ခြေစစ်ပွဲ ၂ ပွဲကို အိမ်ကွင်းမှာ ရုန်းပြနိုင်ဖို့ မြန်မာအသင်း အနေနဲ့  ပရိသတ်တွေကို ပေးဆပ်နိုင်ဖို့လိုအပ်တယ်ဆိုတာပါပဲ၊ လုပ်နိုင်ပါ့မလား ဆိုတာ အသာထား၊ လုပ်ကို လုပ်နိုင်ဖို့လိုတယ်။

အိမ်ရှင်ဖြစ်ပြီး ဒါကို မှမလုပ်နိုင်ရင်တော့ စဉ်းစားမနေနဲ့ကြပါနဲ့ တော့ ကျွန်တော်တို့တွေခေတ်တစ်ခု ပြန်ရောက်ဖို့ ဘယ်လိုမှဖြစ်ထွန်းလာမှာမဟုတ်တော့ ဘူးလို့ပဲ စိတ်ထဲတွေးသာမှတ်ထားလိုက်ကြပါတော့ခင်ဗျာ၊ မျိုးဆက်သစ်တွေလမ်းကြောင်း မမှန်သေးသမျှ လုပ်ရကိုင်ရတာကျပ်တည်းနေသမျှ၊ ပြီးတော့ ဆရာသမားကောင်းတွေ ခြေခံ ကျတဲ့ ဟိုးအောက်ခြေအဆင့်မှာတည်းက လိုအပ်ချက်တွေအပြည့်နဲ့ရှိနေသေးသမျှတော့ ဒါမျိုး ချည်းသာဖြစ်နေကြဦးလို့ပြောထားလိုက်ချင်တယ်။

အခုကစားမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲ လက်ကျန် ၂ ပွဲမှာ အနေအထား အားဖြင့် ကျွန်တော်တို့ တွေ ရလဒ်နဲ့ ခြေစွမ်းပါရှုံးခဲ့ဦးမယ်ဆိုရင်တော့ အားလုံး ပြိုကွဲသွားပါပြီ။ အောင်မြင်မှုရဖို့ မလွယ်တော့ဘူး။ မစ္စတာဟေးလက်ထဲ မြန်မာအသင်းထိုးထည့်ပေးပြီးပြီ၊ ဖြစ်မလာရင် ဘာမှ မကျန်တော့ဘူး။

လက်ရှိရွေးထားတဲ့ ကစားသမားတွေဆိုတာကလည်း လက်ကုန်ပါပဲ၊ သူတို့ တွေထက်ကောင်းတာဆိုလို့ ဘယ်သူမှကို မရှိတော့သလိုပါ။ အငယ်တွေက လည်း အငယ်တွေ အတိုင်း သွားနေဦးမှာပါ၊ အကြီးတန်းတွေလောက်ကို လိုက်မှီဖို့သူတို့တွေမှာ လိုအပ် ချက်တွေရှိနေပါသေးတယ်။ အားလုံးက ရုန်းကန်နေရတဲ့ အချိန်မျိုးဖြစ်နေတာကြောင့် ပြန်ပြီး ဦးမော့ဖို့ဟာ ခက်နေမြဲ၊ ခက်နေဆဲဆိုတာ ဖြစ်နေဦးမှာပါပဲ။

ဒါကြောင့် စီနီယာကစားသမားတွေနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲလက်ကျန် ၂ ပွဲကို သွားဖို့ရုန်းရမယ့် ခရီးမှာ ထပ်ပြီးအရှက်ကွဲခံလို့မရတော့ဘူး။ အိမ်ရှင်ဆိုတဲ့ စိတ်ဓါတ်ကို ပြရ မယ်၊ ဂျပန်လိုမျိုး ကမ္ဘာ့အဆင့်ရှိတဲ့ အသင်းတွေမဟုတ်တာကြောင့် မြန်မာအနေနဲ့ ပြိုင်ဘက် ၂ သင်းကို အမိအရနဲ့အလဲထိုးဖို့ စီမံနိုင်ခွင့်တွေရှိနေမှာပါ။

နည်းပြအပြောင်းအလဲကြောင့် အယူအဆတွေ၊ နည်းစနစ်တွေ အပြင် ကစားကွက်နဲ့ကစားဟန်ပါပြောင်းလဲဖို့ရှိတယ်ဆိုပေ မယ့်အသစ်တွေလိုမျိုးတော့မဟုတ် ပါဘူး။ မစ္စတာဟေးနဲ့ ဦးကြည်အကြောင်းကို အတွင်းသိ အဆင်းသိတဲ့လူတွေချည်းဖြစ်နေတာ ကြောင့် ကစားသမားနဲ့နည်းပြကြားမှာ နားလည်ချိတ် ဆက်မှုများဟာ ထင်သလို ကွာဟနေ တာ မျိုးမရှိလောက်ဘူး၊ အုပ်ချုပ်သူအဖွဲ့အစည်းကလည်း အားလုံးနဲ့ သိထားပြီးသားသူ တွေဖြစ်နေ တာကြောင့် အခုအစုအဖွဲ့ဟာ လက်ရွေးစင်အသင်း မှာ အကောင်းစား အလန်း စားလို့တောင်ဆိုနိုင်တယ်။

သူ့အတိုင်းအတာနဲ့သူတော့ ပြင်ဆင်မှုတွေကို အချိန်လုပြီး ပြင်ဆင်ပေးထားတယ်။ ကြားမှာ တော့ ခြေစမ်းပွဲ တစ်ပွဲကစားထားတယ်၊ နီပေါကို ဂိုးပြတ်နဲ့နိုင်ထားတယ်။ ဒီလောက်ပါပဲ။ ဒီလောက်ပဲ ပြင်ဆင်ထားတယ်။ ကစားသမားတွေကို ရွေးချယ်စမ်းသပ်ထားတယ်။ အနာတရကြောင့် လူ အချို့ကျန်ရစ်ခဲ့တယ်။

ဒါပေမယ့် မြန်မာကတော့ ပရိသတ်သိတဲ့ လူတွေအပြည့်နဲ့ခရီးဆက်ဖို့ ရှိနေတုန်းပဲ၊ ကျော်ကိုကို မပါလာတာကြောင့် တိုက်စစ်ဟာ အိမ်ကွင်းမှာ ထက်မြက်မှု အရှိန်အဟုန်တော့ လျော့ကျသွားနိုင်သယောင်ရှိပေမယ့်လည်း ကျန်တဲ့သူတွေ ကြောင့်  အစစအရာရာ အဆင်ပြေနိုင်ပါသေးတယ်။

တစ်ခုပါပဲ၊ ဒီပွဲ နှစ်ပွဲမှာ အခြေအနေ အရ ရလဒ်တွေ ဆိုးခဲ့မယ်ဆိုရင်တောင် နည်းပြချုပ် အသစ်ဖြစ်တဲ့ မစ္စတာ အန်တိုနီဟေးကို အပြစ်ဖို့လို့မရဘူး၊ သူပြန်ရောက်လာချိန်မှာ မြန်မာ ဟာ သူစီမံထားခဲ့သလိုမျိုး သူပုံစံချမှတ်ပြီး ပုံစံသွင်းခဲ့သလိုမျိုး မဟုတ်တော့ဘူး။

အားလုံး ဖရို ဖရဲဆန်သွားပြီ၊ တစ်က ပြန်စရတဲ့ နေအထားမျိုးဖြစ်တယ်။ ခြေစစ်ပွဲမှာ ဆေးမတိုးတော့တဲ့  အနေအထားနဲ့ ဇယားအောက်ဆုံးမှာ အခြေအနေဆိုးနဲ့ရင်ဆိုင်နေရရှာတဲ့ မြန်မာ အတွက် တော့ နောက်ထပ်ပြိုင်ပွဲတစ်ခုရှိရာ အတွက်သာ မစ္စတာဟေးရဲ့ အခြေအနေကို မျှော်ဖြစ်ဖို့သာ ရှိတယ်။ လောလောဆယ်တော့  တာဂျစ်ကစ္စတန်နဲ့ကစားမယ့်ပွဲကိုပဲ အရင်ဆုံးကြည့်ကြရမှာပေါ့။

အခုပွဲက မြန်မာကစားသမားကြီးတွေရဲ့ စိတ်ဓါတ်ပါပဲ၊ ဒါကိုပဲ အထူးပြုကြည့်ရမှာဖြစ်တယ်။ အချိန်ကာလကြာမြှင့်စွာ အတူတွဲကစားလာကြပြီး တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်းသိနေတဲ့သူတွေဖြစ်နေတာကြောင့် တစ်သွေးတစ်သားတည်းဖြစ်နေစေမယ့် ဟန်ပန်မျိုးနဲ့ တိုက်စစ်ကို အချိတ်အဆက်မိမိနဲ့ ပုံဖော်နိုင်မယ့် ထိုးစစ်ကို လက်ကျန်နှစ်ပွဲမှာ မြင်ချင်မိတယ်။ လိုအပ်သလိုပြင်ဆင်ပေးထားတဲ့ နည်းပြအဖွဲ့ရဲ့ သွန်သင်မှုတွေကလည်း သူ တို့တွေအတွက် ထိထိမိမိဖြစ်စေမှာဖြစ်လို့ မြန်မာအသင်းကြီးအတွက် အကျိုးဖြစ်ထွန်းစေမယ် လို့ထင်မိတယ်။

ရလဒ်တွေ ဆိုးလို့တော့မရဘူးနော်၊ ပရိသတ်နဲ့ မြန်မာအသင်းကြားမှာ သံယောဇဉ်ကြိုးက တဲတဲလေး လိုပဲကျန်တော့တဲ့ အနေအထားဖြစ်တယ်။ မယုံကြည်သူတွေများလာတဲ့ ကမ္ဘာ မှာ မြန်မာဘောလုံးအသင်းဟာ ပြောစရာမကင်း အပြစ်တင်သတင်းတွေနဲ့ အတူ အောင်မြင်မှု တွေအနား ပြန်မကပ်နိုင်တဲ့ အခြေအနေအမျိုး မတိုးရအောင် စီမံထားကာမှဖြစ်မယ်။ နို့မို့ဆိုရင် တော့ သိတော်မူကြတဲ့အတိုင်း တသက်လုံးပြောလို့မဆုံးနိုင်တော့ဘူး။

သေချာတာကတော့ မနက်ဖြန် ရင်ဆိုင်ရမယ့် တာဂျစ်ကစ္စတန်နဲ့ပွဲကို မြန်မာ အနေနဲ့ အကောင်းဆုံး ရလဒ်တစ်ခုထွက်အောင်လုပ်ပြနိုင်ဖို့ပါပဲ၊ သရေပွဲဆိုတာထက် နိုင်လိုက်မယ် ဆိုရင် မြန်မာအသင်းအတွက် နောက်တစ်ပွဲအတွက်ပါ စိတ်ကျေနပ်စရာကောင်းမယ့် အဖြစ် နဲ့ တိုးဖို့သာရှိနေလိမ့်မယ်ဆိုတာပါပဲ။

ဘယ်လိုပဲ မြန်မာ တာဂျစ်ကစ္စတန်ကို အနိုင်ယူဖို့ အဆင်သင့်ဖြစ်နေပြီလား  …

ထွန်းထွန်းဦး(လှိုင်)

မှတ်ချက်များ။