စိတ်ဓါတ်တွေ အားလုံးစုစည်းမိကြတဲ့နေ့….

Ljungberg has ‘got no indications’ regarding Arsenal future

မနေ့တုန်းက မြန်မာ့လက်ရွေးစင်အသင်းဟာ အိမ်ကွင်း မန္တလာသီရိမှာ ပြိုင်ဘက်ဖြစ်တဲ့ တာဂျစ်ကစ္စတန်အသင်းကို ၄-၃ နဲ့အနိုင်ရအောင်ကစားခဲ့တယ်။ ဒါကြောင့် ပရိသတ်တွေ ပျော်တယ်။ မြန်မာနိုင်ပြီလို့အော်နိုင်ခဲ့ကြတယ်၊ မအော်ရတာကြာပြီဖြစ်တဲ့ မြန်မာနိုင်ပြီဆိုတာ ကို အားပါးအရအော်ဟစ်ခဲ့ကြတယ်။

ပရိသတ်တွေလည်း တာဝန်ကျေတာထက်ပိုတယ်၊ တစ်ချိန်လုံး မြန်မာ..မြန်မာ..နဲ့အော်နေ လိုက်တာများ ကြက်သီးထစရာ၊ ကစားသမားတွေလည်း တာဝန်ကျေတယ်။ ပြောမယ်ဆိုရင် အားလုံး တာဝန်ကိုယ်စီကျေပွန်ကြတာထက်ပိုခဲ့တယ်။ အပျော်ဆုံးက ပရိသတ်တွေပါပဲ။ ချစ် ခင်အားပေးတဲ့ အသင်း အနိုင်ရလို့အော်ရတဲ့ ဂိုး ဆိုတဲ့ အရသာဟာ ဘာနဲ့မှမလဲနိုင်ပါဘူး။

ဟုတ်ပါတယ်။ ဖလားရလို့အော်တာမဟုတ်ဘူး။ တာဂျစ်ကစ္စတန်ကို အနိုင်ရလို့အော်တာ၊ ရင်ထဲကကို အူလှိုက်သဲလှိုက်နဲ့အော်ခဲ့ကြတာပါ။ မြန်မာအသင်း ကမ္ဘာ့ ဖလားခြေစစ်ပွဲ ကို အာရှဇုန်ထဲကနေပြီး နောက်တစ်ဆင့်များ တက်ခွင့်ရလိုက်မယ်ဆိုရင် ဒီ့ ထက်မက ပိုပြီးတော့ပျော်ရမှာပါ၊ ဒါပေမယ့်လည်း ရှေ့မှာ ရှုံးထားတာတွေကရှိနေတော့ ကျွန်တော်တို့တွေအတွက် အစစအရာရာ တစ်က ပြန်ပြန်စနေရတာနဲ့ အချိန်ကုန်နေခဲ့တော့ တာပဲမဟုတ်လား။

ဒီနေ့ပွဲနိုင်တယ်။ ရင်တုန်ပန်းတုန်နဲ့ ကြည့်နေတဲ့သူတွေ ရင်တမမနဲ့ အော်ကြရ၊ ဟစ်ကြရနဲ့ ပျော်ရတဲ့အနိုင်ကို ဘာနဲ့မှမလဲနိုင်ပါဘူး။ စုပေါင်းတိုက်လို့ရတဲ့အနိုင်ဟာ ဘာပဲဖြစ်ဖြစ် ၊ မြန် မာအသင်းခံစစ်ကြောင်း အမှားပါတာတောင် နိုင်ခဲ့တာပဲမဟုတ်လား၊ ဒါဟာ အားကစားပြိုင်ပွဲ ပါ၊ ဘယ်လိုပဲနိုင်နိုင်၊ နိုင်ဖို့လိုပါတယ်။ ရုပ်ပျက်ဆင်းပျက်ဖြစ်နေပါစေဦးတော့ အနိုင်ရမှသာ ပြိုင်ပွဲတစ်ခုမှာ အသင်းတစ်သင်းက ဂိုးတွေအသာရအောင်သွင်းနိုင်လို့ နိုင်ခဲ့ကြရတယ်မဟုတ် ပါလား။

ဘယ်မှာမဆို အကောင်းဆုံးအရှုံးသမားတွေကို လွယ်လွယ်နဲ့မေ့သွားတတ်ကြတယ်မဟုတ်ပါ လား၊ ဒီတော့ ကျွန်တော်တို့တွေနိုင်တယ်၊ အမှားတွေနဲ့အတူ အောင်မြင်မှုဆိုတဲ့ အနိုင် ၃ မှတ် ကို မစ္စတာဟေးနဲ့ ဦးကြည်လွင်တို့ နည်းပြအဖွဲ့လက်ထဲရောက်လာချိန်မှာ ပထမဆုံး ကမ္ဘာ့ ဖလားခြေစစ်ပွဲ 2022 FIFA World Cup qualification မှာ အနိုင်စရလိုက်ကြပါပြီ။

တိုက်စစ်ကစားတာ ကောင်းမွန်တယ်၊ ချိန်သားကိုက်တွေ အရင်တုန်းက မစ္စတာဟေး စတင် ကိုင်တွယ်တုန်းကအတိုင်းမြင်ရလာပြန်တယ်။ ကျေနပ်တယ်၊ ပွဲစစခြင်း အထလေးနှေးသလိုဖြစ် ပြီး တာထွက်ပိုင်းမှာ တိုက်စစ်ယိုင်ထွက်သလိုမျိုးဖြစ်တာလွဲရင် ကျန်တဲ့အပိုင်းမှာ အဆင်ပြေစေ တယ်။ အောင်သူရဲ့ ၀န်ထုပ်ဝန်ပိုးကို စည်သူအောင်မရှိပေမယ့်လည်း သူမပါပေမယ့်လည်း ကျန်တဲ့သူတွေ ခွဲဝေယူခဲ့နိုင်ပါတယ်။

အားလုံး သူ့အလုပ်သူလုပ်တယ်။ ဒီအထဲမှာတော့ မောင်မောင်လွင်ပေါ့။ သူ့စရိုက်နဲ့ သူကိုက်အောင် လုပ်ပြနိုင်ခဲ့တယ်။ သူဖန်တီးမှုတွေ၊ သူ့ရုန်း အားတွေ အလုပ်ဖြစ်တယ်။ သူ့အလုပ်သူလုပ်တယ်။ သူ့စတိုင်နဲ့သူ ပြိုင်ဘက်ကို ပုံစံမျိုးစုံနဲ့ အိမ်ရှင်အသင်းသားပီပီ မာန်အပြည့်ဟန်အပြည့်နဲ့ ကစားသွားတယ်။ အကောင်းဆုံး ဖန်တီးမှု တွေကို သူက စတယ်။

ဆောလ်မန် ၊မောင်မောင်လွင်၊အောင်သူ၊ လှိုင်းဘိုဘို ၊ ဒေးဗစ်ထန်၊ ကျော်ဇင်လွင်၊ ကျော်ဇင်ထက် အပါအ၀င်၊ မျိုးကိုထွန်း၊ ငြိမ်းချမ်း၊ ရန်နိုင်ဦး၊ အသင်းခေါင်းဆောင် ဇော်မင်းထွန်း တို့ကအစ၊ အရန်ဝင်လာကြတဲ့ သန်းပိုင်တို့ကအဆုံး အားလုံးကောင်းကြတယ်။ သူ့အလုပ် သူ လုပ်ကြတယ်။ ဟုတ်ပါတယ်။ စိတ်ဓါတ်တွေ စုစည်းမိကြတဲ့နေ့ပေါ့။

နီပေါနဲ့ပွဲထက်ပိုကောင်းတဲ့ ဟန်တစ်ခုကိုလည်း မစ္စတာဟေးနဲ့ ဦးကြည်လွင်တို့ ထုတ်ဖော် နိုင်ခဲ့တယ်။ ဒါဟာ စုစည်းမှုပါပဲ၊ စုပေါင်းအားပါပဲ၊ တာဝန်ကိုယ်စီ အကောင်းဆုံးထမ်းဆောင်နိုင် ခဲ့လို့သာ ဒီလိုမျိုး ရလဒ်ကောင်းထွက်လာတာပါ၊ ကျွန်တော်တို့တွေက အိမ်ရှင်ပါ၊ အိမ်ရှင် မာန ရှိထားရမယ်။ သက်ဆိုင်ရာကလည်း အိမ်ရှင်အသာရမယ့်အခွင့်အရေးမျိုး နည်းလမ်းအစုံနဲ့ ဖန်တီးပေးထားတယ်ဆိုတာလည်း ထည့်ပြီးကျေးဇူးတင်ရမယ်။

ဟုတ်ပါတယ်။ အအေးတိုင်းပြည်ကလူတွေကို မြန်မာပြည် ရဲ့ အလယ်ဗဟိုမှာရှိတဲ့ မန္တလေးလို နေရာမှာ ခေါ်ပြီးကစားစေတာမျိုးဟာ ကိုယ်တွေအတွက်တော့ အားသာချက်ဖြစ် စေမယ့် အချက် တွေထဲက တစ်ချက်လို့ပြောဖြစ်ရမယ်နဲ့တူတယ်။ ဒါပါပဲ၊ ခေါင်းတွေ အားလုံးစုလိုက် တယ်။ အကောင်းဆုံးအချက်တွေ ရွေးထုတ်ပြီး သင့်တော်မယ့်အရာတွေကို စီမံလိုက်တယ်၊ အသုံးချလိုက်ကြတယ်။ စုစည်းမှုဟာ အားဖြစ်စေပါတယ်။ မြန်မာဟာ မြန်မာပီသစွာနဲ့ ပြိုင်ဘက်အသင်းကောင်းတစ်သင်းကိုသမိုင်းမှာ ပထမဆုံးအနိုင်ယူပြလိုက်နိုင်ပါပြီ။ ဒါပါပဲ၊ လုပ်ရင်ဖြစ်တယ်။ အလုပ်ဖြစ်အောင် လမ်းကြောင်းမှန်တည့်မတ်ပေးနိုင်မယ့်လူတွေနဲ့ ကစား သမားတွေ သဟဇာတဖြစ်ဖို့လိုတယ်ဆိုတာ သက်သေပြတဲ့ပွဲပါ။

အမှားတွေလား၊ ရှိတာပေါ့၊ ပြိုင်ဘက်ကို ရိသဲ့သဲ့လုပ်တာမျိုးတွေ ဟာ ဟန်ပန်အမူအယာမှာ မရည်ရွယ်ပဲပါလာတာမျိုးကို မြင်ရတဲ့ ပရိသတ်တွေအတွက် မနှစ်မြို့စရာဖြစ်ရစေသလို၊ မလို လားအပ်တဲ့ အမှားသေးသေးလေးတွေကနေပြီး ဂိုးတွေပြန်ပြန်ပေးလိုက်ရတာဟာ နောက်ဆုံး ဒိုင်လူကြီး ပွဲသိမ်းခရာမှုတ်ချိန်အထိ ရင်ခုန်ရတယ်ဆိုတာ ဘယ်သူမှမငြင်းနိုင်ပါဘူးဆိုတာပါပဲ။

ကျွန်တော်တို့တွေနိုင်ခဲ့ကြတယ်။ မှန်ပါတယ်။ နိုင်သင့်နိုင်ထိုက်လို့နိုင်တယ်။ အမှားတွေကြား ထဲက နိုင်တယ်။ အမှားတွေဆိုတာ ဂိုးတွေပြန်ပေးရတဲ့အကြောင်းအချက်တွေပါပဲ။ အဲ့ဒါတွေ ကို ပြန်ပြင်ဆင်ရမယ်။ တိုက်စစ်သွားတာ အားရတယ်၊ သိပ်မှန်ပါတယ်၊ အုံနဲ့ကျင်းနဲ့ ပြိုင်ဘက်ကို ဖိအားပေးကစားနိုင်တာဟာ မစ္စတာ အန်တိုနီးဟေးလက်ထက်မှာ အီရန်နဲ့ပွဲပြီးရင် အကောင်းဆုံးပါပဲ။

မြန်မာဟာ မြန်မာပြန်ဖြစ်ဖို့ လမ်းစရှာနိုင်ပြီလား၊ အိမ်ရှင်အဖြစ် တိုက်ရမယ့် နောက်ထပ်တစ်ပွဲ ကျန်သေးတယ်။ ဒီပွဲက မွန်ဂိုလီယား၊ လက်စားချေရမယ့် တိုက်ပွဲကို အနိုင်တိုက်ရမယ်။ တာဂျစ်ကစ္စတန်ကို ကျွန်တော်တို့ အကောင်းစားဖြတ်ကျော်ခဲ့ပြီးပြီ၊ မွန်ဂိုလီးယားကျန်သေး တယ်။ အိမ်ရှင်ပီပီ တွေ့တဲ့အခါမှာ အကောင်းစား တိုက်စစ်နဲ့ အကောင်းစားပြင်ဆင်ပေးမယ့် ခံစစ်ရဲ့ ဟန်ပန်စနစ်တစ်ခုအောက်မှာ မွန်ဂိုလီးယားကိုအလဲထိုးနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးအပ်ပါတယ်။

မြန်မာဟာ ဓါးအိမ်ထဲက ဓါးကို အခုမှဆွဲထုတ်ပြီး မြနေအောင် သွေးခါစရှိပါသေးတယ်။ အလုပ် တွေဆက်လုပ်ကြပါဦး၊ မရပ်လိုက်ကြပါနဲ့ ဒီအရှိန်လေးကို ထပ်သယ်ပေးသွားပါ၊ ဒီနေ့နိုင်ပွဲ အတွက် ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ပါတယ်လို့ပဲပြောချင်ပါတယ်။

ထွန်းထွန်းဦး(လှိုင်)

မှတ်ချက်များ။