အောင်မှတ်တန်းပေးမယ် မစ္စတာဟေး

Ljungberg has ‘got no indications’ regarding Arsenal future


မြန်မာ ၄-၃ တာဂျစ်ကစ္စတန်

ဝမ်းသာပါတယ်။ ဂုဏ်ယူပါတယ်။ ချီးကျူးမိပါတယ်။ ဒါကျွန်တော့်စိတ်ထဲမှာ လှိုက်လှိုက်လှဲလှဲဖြစ်လာတဲ့ ခံစားချက်ကို ဝေမျှတာပါ။ ဒီဘောလုံးပွဲလေးတစ်ပွဲနိုင်တာ “ချီးကျုးစောလွန်းတယ်” “ဆက်စောင့်ကြည့်ဘာဦး” “မင်းတို့မီဒီယာတွေက …….” စသည်ဖြင့် ကျွန်တော့်စာအောက်မှာ လာပြီး Comment ပေးကြမယ့် သူတွေလာကြပါလိမ့်မယ်။ ကျွန်တော်ဘာပြောချင်တာလဲ ဆိုတာသေချာမသိဘဲ ဒီစာမှာရေးထားတဲ့ဆိုလိုရင်းရည်ရွယ်ချက်ကိုမသိဘဲ ၀ါသနာအရ “ဆဲ” ကြမယ့်သူတွေပါပဲ။ (သူတို့အနေ နဲ့ စာကိုဖတ်ဖို့လဲ စိတ်မကူး ရည်ရွယ်ချက်နဲ့ အခြေအနေကိုလဲမသိဘဲ ဆဲဆိုနေကြတာဆိုတော့ ၀ါသနာအရလို့ပဲပြောရမှာပေါ့) ကျွန်တော် အဲဒါတွေကိုတော့ ခေါင်းထဲထည့်ထားမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ဆဲနေတဲ့အကြောင်းအရာတွေရဲ့ ဖြေရှင်းချက်က ဒီစာထဲမှာပါဝင်နေမှာမို့လို့ဖြစ်ပါတယ်။
ဘောလုံးပွဲတစ်ပွဲရဲ့ရလဒ်အပေါ်မူတည်ပြီး ကျွန်တော်ဝေဖန်တယ် အပြစ်ပြောတယ်ဆိုတဲ့ကိစ္စတွေကို မလုပ်ဖြစ်ခဲ့တာ ကြာပါပြီ။ ဘာလို့လဲဆိုတော့ ကိုယ့်နိုင်ငံရဲ့ အခြေအနေအဆင့်အတန်းက အောင်မြင်မှုရလည်း ရတဲ့ရလဒ်ဟာ အရည်အသွေး ကြောင့်မဟုတ်ဘဲ ကံတရားကြောင့်တစ်ပွဲထိုးပဲဖြစ်နေတာဖြစ်လို့ပါပဲ။ ဒါဟာ တည်မြဲတဲ့အောင်မြင်မှုမဟုတ်တာ သိမြင်နေလို့ ပါပဲ။ ဒါပေမယ့် အခု ကျွန်တော်တို့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ တာဂျစ်ကစ္စတန်ကို ၄-၃ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ပွဲအတွက်တော့ ချီးကျုးဖို့လိုပါတယ်။ နည်းပြနဲ့ လက်ထောက်နည်းပြအဖွဲ့၊ စီမံအုပ်ချုပ်မှုအဖွဲ့၊ ကစားသမားတွေအားလုံး၊ ပရိသတ်တွေအားလုံး နဲ့ မီဒီယာအဖွဲ့တွေအားလုံး တက်ညီလက်ညီ အားထုတ်မှုကိုမြင်ခဲ့ရတဲ့အတွက် အားလုံးက ဒီအောင်မြင်မှုမှာ ချီးကျူးခံထိုက်သူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါတွေအားလုံးအတွက် အခြေခံအကျဆုံးစွမ်းဆောင်နိုင်ခဲ့တာကတော့ နည်းပြ “မစ္စတာ အန်တိုနီဟေး” ပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲ။ ကျွန်တော်တစ်ခုချင်းရှင်းပါမယ်။
ပထမဆုံး အန်တိုနီဟေးလုပ်နိုင်ခဲ့တဲ့ အရာက Motivation ဆိုတဲ့ ပွဲအပေါ်အာရုံစူးစိုက်မှုဖြစ်ပါတယ်။ မြန်မာအသင်းဟာ ရှေ့ မှာကစားခဲ့တဲ့ ပွဲတွေ အားလုံးမှာ ဂျပန်နဲ့ပွဲတစ်ပွဲကိုပဲ အာရုံစိုက်မှုအပြည့်နဲ့ ကစားနိုင်ခဲ့ပြီး ကျန်တဲ့ပွဲတွေမှာ နိုင်လိုစိတ်ကင်းမဲ့ နေတဲ့ကစားပုံ ဘောလုံးအသင်းထဲမှာတောင် တစ်ယောက်အပေါ်တစ်ယောက် ယုံကြည်မှုမရှိဘဲ ပူးပေါင်းဆောင်ရွက်မှု ပျောက်နေတဲ့ပုံစံ ထင်ထင်ရှားရှားမြင်ခဲ့ရပါတယ်။ ဥပမာတစ်ခုအနေနဲ့ပြောရရင် ကိုယ့်ထက် ဘောလုံးအဆင့်အတန်း နိမ့်တယ် ဆိုတဲ့ မွန်ဂိုနဲ့ ကစားခဲ့တဲ့အဝေးကွင်းပွဲ။ ဘောလုံးမှာ ကိုယ့်ထက်နိမ့်တဲ့အသင်းကို အခန့်မသင့်ရင်ရှုံးတတ်တယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် မြန်မာအသင်းအနေနဲ့ မွန်ဂိုနဲ့ကစားခဲ့တဲ့ပွဲမှာ ပြိုင်ဖက်ထက် ‘ညံ့’လို့ရှုံးသွားတာပါ။ ဟုတ်ပါတယ်။ ကျွန်တော်တို့မြန်မာအသင်းပထမအကျော့ မွန်ဂိုနဲ့ပွဲမှာ ဂိုးရဖို့ ခြိမ်းခြောက်မှု ဘယ်နှခါရှိခဲ့ပါသလဲ။ ဘယ်နှခါနီးစပ်ခဲ့ပါသလဲ။ ကိုယ်ကရော ဘယ်နှခါ အခြိမ်းခြောက်ခံခဲ့ရပါသလဲ။ မကွာခြားတဲ့ပမာဏပါ။ အဲဒီမှာ သူတို့တစ်ဂိုးရတယ်။ ကိုယ်မရဘူး။ ဒါကိုကြည့်ရင် ‘ညံ့တယ်’ ဆိုတဲ့အခြေအနေကလွဲရင် ကျန်တဲ့အကြောင်းပြချက်အားလုံးက ဆင်ခြေ ဖြစ်ပါတယ်။ ဒီနေ့ တာဂျစ်နဲ့ ပွဲမှာရော ဂိုးပေါက်ကို ဘယ်နှစ်ခါ ခြိမ်းခြောက်နိုင်ခဲ့သလဲ။ ဘယ်နှခါ အ့ခြိမ်းခြောက်ခံရလဲ။ ကျွန်တော် ဒီပွဲနှစ်ပွဲမှာ ဖြစ်ခဲ့တဲ့ အချက်အလက်တွေ တွဲပြီးဖော်ပြပေးထားပါတယ်။ ဒါက အဖြေပါပဲ။ ပါဝင်ကစားခဲ့တဲ့ လူတွေအများစုက ဒီလူပါပဲ။ အဲဒီအနေ အထားမှာကွာခြားသွားတဲ့ရလဒ်က နည်းပြရဲ့ စွမ်းဆောင်မှုပါပဲ။
နောက်တစ်ချက်က မစ္စတာအန်တိုနီဟေးရဲ့ “နည်းစနစ်နဲ့ သူ့ရဲ့ ဘောလုံးအပေါ်ခံယူချက်” ဖြစ်ပါတယ်။ မစ္စတာဟေး မြန်မာအသင်းကို ပထမအကြိမ်ကိုင်တုန်းက သဘောကျခဲ့တဲ့ သူတွေထဲမှာ ကျွန်တော်ပါတယ်လို့ ၀န်ခံပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ သူ့အရည်အသွေးက ပြီးပြည့်စုံတယ်လို့ မဆိုလိုပါဘူး။ ဟုတ်တယ်။ အားနည်းချက်တွေ တော်တော် များများရှိခဲ့ပါတယ်။ ကစားသမားတွေရဲ့ အရည်အသွေးကိုပြည့်စုံအောင်နားမလည်မှု၊ ပြိုင်ပွဲအတွက် ရေရှည်ပြင်ဆင်မှု Tournament Plan၊ ပွဲတွင်းမှာ နည်းစနစ်အပြောင်းအလဲလုပ်မှု စတဲ့အပိုင်းတွေက တော်တော်အားနည်းခဲ့တာပါ။ (အသေးစိတ် တော့စာရှည်မှာစိုးလို့မရေးတော့ပါဘူး)။ ဒါပေမယ့် ဒုတိယအကြိမ် မြန်မာနည်းပြဖြစ်လာချိန်မှာတော့ အဲဒီအားနည်းချက်တွေကို တော်တော်လေး ပြင်ဆင်နိုင်ခဲ့တာ သိသိသာသာမြင်ခဲ့ရပါတယ်။ ပထမတစ်ကြိမ်တုန်းကထက် ပွဲထွက်လူစာရင်းထုတ်ပုံ မှန်ကန်ခဲ့တာ၊ ပြိုင်ဖက်ရဲ့ အားသာချက်အားနည်းချက်ကို ကြိုတင်ရှာဖွေပြီး အကောင်းဆုံးကစားကွက်ကို ချမှတ်ခဲ့တာ။ ပွဲကစား နေတဲ့အချိန်အတွင်းမှာ ပွဲရလဒ်ကို သက်ရောက်မှုရှိစေခဲ့တဲ့ လူစားလဲမှုတွေလုပ်ခဲ့တာ အံ့အားသင့်ရလောက်အောင် ကောင်းမွန်ခဲ့ တယ်လို့ပြောပါမယ်။
ပွဲထွက်လူစာရင်းကိုကြည့်တဲ့အချိန်မှာ ကျွန်တော်တော်တော်စိတ်ပျက်ခဲ့တာပါ။ အလွန်အကျွံတိုက်စစ်အသားပေးတဲ့ လူပြိန်းကြိုက် 4-3-3 ကစားပုံဖြစ်လို့ပါ။ ကိုယ့်အသင်းက CM နဲ့ DM ဆိုတဲ့ ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်ခံစစ်ပိုင်းတော်တော် အားနည်းပါတယ်။ ဒီပွဲမှာ လှိုင်းဘိုဘို+ရန်နိုင်ဦး+ မျိုးကိုထွန်း ဆိုတဲ့အတွဲအဖက်က တိုက်စစ်ကိုဦးတည်တဲ့ပုံစံဖြစ်နေပါတယ်။ ရင်ဆိုင်ရမယ့်အသင်းက ကိုယ့်ထက် Power ပိုသာတဲ့အသင်း ဖြစ်နေတော့ “သွားပြန်ပြီထင်တယ်” လို့တောင်တွေးမိခဲ့တာပါ။ ကျွန်တော်တွေးထားတာမှန်သလို သူတွက်တာက ပိုတောင်မှန်နေပါတယ်။ တစ်ဖက်အသင်းကိုရင်ဆိုင်တဲ့နေရာမှာ ကိုယ့်အသင်း ရဲ့ ကွင်းလယ်အဖျက် အားနည်းမှုမထင်ရှားအောင် တိုက်စစ်ကို အမြန်သွားတဲ့ပုံစံနဲ့ကစားခဲ့ပြီး ကွင်းလယ်တိုက်စစ် ချိတ်ဆက်တဲ့ Transition ကို တောင်ပံခံစစ်တွေဖြစ်တဲ့ ကျော်ဇင်လွင်+ဒေးဗစ်ဒန်းတို့ဆီက စစေခဲ့တာဖြစ်ပါတယ်။ တစ်ဖက်အသင်းက ကွင်းလယ်အားကောင်းပေမယ့် ခံစစ်မှာ လေးလံတဲ့အချက်ကို ကြိုလေ့လာပြီး ဒီလိုကစားစေတာ ဖြစ်ဖို့များပါတယ်။ ဒါကြောင့်လဲ ဂိုးစောစောရခဲ့တာဖြစ်သလို ကိုယ် attacking လုပ်တိုင်းမှာ တစ်ဖက်ကစားကွက်ကို ဖရိုဖရဲဖြစ်စေခဲ့တာဖြစ်ပါတယ်။ နောက် လူစားလဲမှု။ ဒီကစားပုံမှာ Attacking အတွက် အဓိကကစားသမားက “အောင်သူ” ဖြစ်ပေမယ့် သူ့ကို ဂိုးသွင်းဖို့ထက် Playmaking လုပ်ဖို့ရည်ရွယ်ပုံရပါတယ်။ မော်ဒန်နည်းစနစ်မှာ False 10 ဆိုတဲ့ Function ဖြစ်ပါတယ်။ ပထမပိုင်း (၂-၁)နဲ့ အပြီးမှာ တစ်ဖက်နည်းပြက ဒါကို ရိပ်မိပြီး အောင်သူနဲ့ မောင်မောင်လွင်ကို ထိန်းဖို့ဒုတိယပိုင်းမှာ ပြင်လာပါတယ်။ ဒီနှစ်ယောက် ကစားရကြပ်သွားရင် ဂိုးထပ်ရဖို့မလွယ်ပါဘူး။ အဲဒီမှာ မစ္စတာဟေးက တစ်ဖက်အသင်းရဲ့ခံစစ်ကို လူစားလဲပုံနဲ့ လှည့်စားပြီး ကွက်လပ်တွေဖန်တီးခဲ့ပါတယ်။
ပထမဆုံး ရှေ့တန်း (၃)ယောက်က ဆွမ်လန်မန်အစား တင်ဝင်းအောင်ကို ထည့်လိုက်ပါတယ်။ အဲဒီအချိန်မှာ မိနစ် (၆၀)မပြည့်သေးဘဲ ကစားပုံက (၄-၃-၃)က (၄-၅-၁) ဖြစ်သွားပါတယ်။ မောင်မော်လွင် အောင်သူ က မူလ အတိုင်းရှိနေဆဲပါပဲ။ နောက် (၅)မိနစ်လောက်မှာတော့ မျိုးကိုထွန်းအစားသန်းပိုင်ဝင်လာပါတယ်။ အဲဒီမှာ ကစားကွက်က (၄-၂-၃-၁) ပြောင်းသွားပါပြီ သန်းပိုင်က အောင်သူ ကစားနေတဲ့ No 9 Role ရောက်ပြီး အောင်သူက No 10 Role ဖြစ်သွားပါတယ်။ မူလ ၄-၃-၃ မှာ No 10 Role မရှိခဲ့တာကြောင့် အောင်သူက ကွက်လပ်ထဲရောက်ပြီး လွတ်သွားသလို သန်းပိုင်ကလည်း Power အပြည့်သုံးပြီး ပြိုင်ဖက် CB နှစ်ယောက် ရပ်နေလို့မရအောင် မွှေပါတော့တယ်။ ဒါ့အပြင် လူစားဝင်လာတဲ့တင်ဝင်းအောင်က လည်း အတွေ့အကြုံရင့်ကစားသမားပီပီ လှိုင်းဘိုဘို ကျလာချိန်မှာ DM Role ကို တည်တည်ငြိမ်ငြိမ်ထိန်းပြီးကစားသွားခဲ့တာပါ။ ဒီအပြောင်းအလဲနဲ့ နည်းဗျူဟာကိုကြည့်ရင် အန်တိုနီဟေးရဲ့ ဦးနှောက်ကို မြင်နိုင်ပါတယ်။ ဒီပွဲမတိုင်ခင်မှာ အောင်သူနဲ့ အင်တာဗျူးတက်လာတော့ “ကျွန်တော်တို့အသင့်ဖြစ်နေပါပြီ” ဆိုတာကြားရတယ်။ ကျွန်တော် ဒီစကားကို စိတ်ဝင်စားတယ်။ ရှေ့ပွဲတွေမှာတော်တော်ခြေစွမ်းဆိုးဝါးနေတဲ့အသင်းက ကစားသမားတစ်ယောက်က ကိုယ့်ထက် ခြေစွမ်းအမြင့်သတ်မှတ်ခံရတဲ့အသင်းနဲ့ကစားဖို့ အသင့်ဖြစ်နေပြီဆိုတာ တော်ရုံယုံကြည်မှုနဲ့ မပြောပါဘူး။ အထူး သဖြင့် အောင်သူလို ပြည်ပလိဂ်အတွေ့အကြုံရှိတဲ့သူတစ်ယောက်က သူမယုံကြည်ဘဲ အသင့်ဖြစ်နေပြီဆိုတဲ့ အရာကို ထုတ်မ ပြောပါဘူး။ အဲဒါကြောင့် ဒီပွဲကို တော်တော်လေးပြင်ဆင်အာရုံစိုက်ကြည့်ဖြစ်ခဲ့တာဖြစ်ပြီး ဒီပြိုင်ပွဲမှာ ကြည့်ခဲ့ရတဲ့ မြန်မာ အသင်းနဲ့ လုံးဝမတူတဲ့ မြန်မာအသင်းကိုမြင်ခဲ့ရတယ်။ ပြောရရင် မစ္စတာဟေးဟာ ကျွန်တော်တို့ ရနိုင်ဖို့ရှိတဲ့အထဲက အများဆုံး ကို ရယူပေးခဲ့တာလို့ပြောနိုင်ပါတယ်။
ဒီအသင်းက ဟိုးအောက်ဆုံးကနေ ဟိုးအပေါ်ဆုံးရောက်သွားပြီလို့ပြောရလောက်အောင် မစ္စတာအန်တိုနီဟေးက စူပါမန်းမဟုတ်ဘူး။ မြန်မာကစားသမားတွေက ပါဝါရိန်းဂျားတွေမဟုတ်ဘူးဆိုတာသိပါတယ်။ ဒီအသင်းမှာလည်း အားနည်းချက်လေးတွေရှိနေသေးတာ အားလုံးလည်းအသိ။ ဒါပေမယ့် ဒီအခြေအနေအရ ဒါတွေကို တဖြည်း ဖြည်းကုစားလို့ရနိုင်တာ ယုံကြည်လို့ရပါတယ်။ ပြီးခဲ့တဲ့ ဆူဇူကီးမတိုင်ခင်တုန်းက(အဲဒီတုန်းက အန်တိုနီဟေးက မြန်မာအသင်းနည်းပြဖြစ်ပါတယ်) ဗီယက်နမ်မီဒီ ယာတစ်ခုက ကျွန်တော့်ကိုအင်တာဗျူးတော့ထူးခြားတဲ့မေးခွန်းတစ်ခုပါဝင်ပါတယ်။ “မင်းတို့မြန်မာအသင်းက ပြည်ပနည်းပြ ခန့်ရင်ဘာလို့ ဂျာမန်တွေပဲခန့်တာလဲတဲ့” ။ ဒါနဲ့ပတ်သက်ပြီးစဉ်းစားတော့ ကျွန်တော်တို့နိုင်ငံမှာခန့်ခဲ့တဲ့ ပြည်ပနည်းပြ အယောက် (၂၀)နီးပါးရှိပြီး ဂျာမန်နည်းပြ (၃)ယောက်ပဲပါပါတယ်။ ပထမ မစ္စတာဝါနာ (92 ဆီးဂိမ်းငွေတံဆိပ်)နောက် မစ္စတာဂတ် (2005 ယူ-၂၀ ကမ္ဘာ့ဖလား)နဲ့ အန်တိုနီဟေး တို့ပါပဲ။ ဟုတ်ပါတယ် ဂျာမန်နည်းပြတွေလက်အောက်မှာ မြန်မာအသင်းတိုးတက်တာ ပြည်ပနိုင်ငံတွေကတောင် သတိထားမိကြပါတယ်။ ကျွန်တော်လည်းပြန်ဖြေလိုက်ပါတယ်။ ဂျာမန်တွေက မြန်မာဘောလုံးသမား တွေရဲ့ဘောလုံးအရည်အသွေးနဲ့ခံယူချက်ကို နားလည်လို့ဖြစ်နိုင်တယ်လို့ပါပဲ။ အခုမစ္စတာဟေးရဲ့ တစ်ကျော့ပြန် လက်ရွေးစင် နည်းပြခရီးက အခုမှအစပဲရှိပါသေးတယ်။ ဒါပေမယ့် ဒီတိုတောင်းတဲ့အချိန်ကာလအတွင်းမှာ သူလုပ်ဆောင်နိုင်ခဲ့တဲ့ ရလဒ်တွေက အမှတ်ပြည့်တို့ ဂုဏ်ထူးထွက်တယ်တို့လောက် မြှောက်ပင့်ချီးကျူးတာတွေနဲ့ မထိုက်တန်သေးရင်တောင် “အောင်မှတ်နဲ့တော့ ထိုက်တန်ပါတယ်” ဆိုတဲ့မှတ်ချက်ကျေကျေနပ်နပ်ပေးပါကြောင်း . . .
မောင်ဖိုးကွန့်
14-11-2019

မှတ်ချက်များ။