မြန်မာ ခံစစ်  ခေတ်ဆန်ပါစေ …

Ljungberg has ‘got no indications’ regarding Arsenal future

မြန်မာ အသင်း ကစားတဲ့ပွဲတွေကို သင်ဟာ တောက်လျှောက် ကြည့်ဖြစ်တယ်ဆိုရင် နောက်ဆုံး ကစားခဲ့တဲ့ ပွဲမှာ မြန်မာအသင်း တိုက်စစ်ကို အိမ်ကွင်းမှာ 2018 AFF Championship GS တုန်းက ဗီယက်နမ်နဲ့ ၀-၀ သရေပွဲဖြစ်တုန်း ကလိုမျိုး ၊ ယူ-၂၃တုန်းက အီရန်နဲ့ ကစားခဲ့ တုန်းကလိုမျိုး အကြိုက်တွေ့မိမယ်ထင်တယ်။

ပြီးတော့ မြန်မာအသင်းခံစစ်၊ စိတ် ထင့်ပြီးတော့ကြည့်နေခဲ့ရတဲ့ အချိန်တွေဟာ နောက်ဆုံး တာဂျစ်ကစ္စတန်နဲ့ပွဲအထိ အကြိုက် တွေ့လိမ့်မယ်လို့ မထင်မိဘူး၊ ဟုတ်တယ်ဟုတ်၊ တိုက်စစ် ကောင်းသလောက် ခံစစ် ပိုင်းက ဆန့်ကျင်ဖက် အနေအထားဖြစ်နေခဲ့တယ်မဟုတ်လား။ ခံစစ် က လုံးဝကို ခေတ်မဆန်ခဲ့သလို၊ ဂိုးတွေပေးခဲ့ရတယ်မဟုတ်ပါလား။

ဟုတ်ပါတယ်။ မြန်မာအသင်း ခံစစ် အနေအထားကို ကြည့်လိုက်တော့ ဒီဘက် ၂၀၁၉ အတွင်း မှာ အင်ဒိုနီးရှားနဲ့ဂျပန်ကို ၂ ဂိုး၊ စင်ကာပူနဲ့ မွန်ဂိုလီးယား ကို တစ်ဂိုး၊ တာဂျစ် ကစ္စတန်ကို ၃ ဂိုး၊  တရုတ်ကို ၄ ဂိုး၊ ကာဂျစ်စတန်ကို ၇ ဂိုးအထိ ပြန်ပေးထားရတယ်။

အခုခြေစစ်ပွဲမှာတင်ပဲ မြန်မာအသင်းပေးဂိုးက ၁၃  ဂိုးအထိ တိတိကိုရှိနေတယ်။ ဒါဟာ ဂျပန် အသင်းသွင်းဂိုးနဲ့ သွားတူနေပါတယ်။ မြန်မာအနေနဲ့ သွင်းဂိုး ၄ ဂိုးသာ တာဂျစ်ကစ္စတန်နဲ့ပွဲ မှာ ပြန်ရထားတာဖြစ်ပြီး ၃ ဂိုးတောင် ပြန်ပေးထားရတယ်။

ရင်တမမနဲ့ ကြည့်နေရတဲ့ပွဲလိုမျိုးဖြစ်နေတယ်။ ဂိုးပြတ်နိုင်တယ်။ ပြီးတော့ ဂိုးပြန်ပေးရတယ်၊ ကိုယ်တွေတိုက်စစ်ကသာ ကာဂျစ်နဲ့ပွဲမှာ  ခေတ်ဆန်ပြီး သွက်လက်လွန်း အားကြီးပြီး ချိတ်ဆက်နိုင်မှု အပိုင်းမှာ ပြိုင်ဘက်ထက် ပိုတိကျနေတာရယ်၊  တစ်ဖက် တိုက်စစ်ဟာ လိုအပ်တာထက် ဂိုးလိုချင်စိတ်များကာ လောနေခဲ့တာ ကြောင့် ကိုယ်တွေ အနေနဲ့ ခုသာခံသာရှိခဲ့တာပါ။

ဒါတောင် ၃ ဂိုးအထိ ပြန်ပေးရတယ်ဆိုတော့ စဉ်းစားစရာဖြစ်လာပြီ၊ မြန်မာအသင်း ခံစစ် အမှား ဟာ လူပြောများပါတယ်။  နိုင်ခဲ့လို့သာ အမှားကို အနိုင်ဂိုးတွေ နဲ့ ဖာထေးနိုင်ခဲ့ပြီး နားလည်ပေး နိုင်ခဲ့တယ်ဆိုရင်လည်းမမှားဘူး။ ဟုတ်တယ်။ မြန်မာအသင်း ခံစစ်ကတော့ အခုအချိန်အထိ မထင်မှတ်တဲ့အနေအထားနဲ့ ဂိုးတွေ ပြန်ပြန်ပေးနေရဆဲပါပဲ။

တစ်ကယ်လို့သာ ကိုယ်တွေ အဖွင့်ဂိုး သူများသွင်းတာ ခံရခဲ့မယ်ဆိုရင် အခုလိုမျိုးနိုင်ပွဲရတဲ့ အထိ တောင် မမှန်းနိုင်တော့သလောက်ပါပဲ။ ပေးလိုက်ရတဲ့  ၃ ဂိုး စလုံး ဗဟို ခံစစ်သမား တွေ ရဲ့ ချိတ်ဆက်နည်းလည်မှုအပိုင်းရဲ့အားနည်းချက်ကနေပြီး ပေးလိုက်ရတာတွေချည်းပါပဲ။ ဂိုးပေးလိုက်တဲ့ အချိန်တွေမှာ မထင်မှတ်တာတွေနဲ့ကြုံရလို့ ဖရိုဖရဲဖြစ်ရပေမယ့် ကျန်တဲ့အချိန်တွေမှာတော့ စုစည်းမှုနဲ့ဖျက်တောက်တာတွေကောင်းတယ်။ တားဆီးကာကွယ် တာတွေထိမိတယ်။

တောင်ပံခံစစ်အစွန်လူတွေ ကစားတာလည်း အားပါတယ်၊ တိုက်စစ်အထိလိုက်ပါ ပံ့ပိုးနိုင်တယ်။ ကျော်ဇင်လွင်လို့ သူ့နေရာမဟုတ်ပဲနဲ့လည်း အမှား ကင်းအောင်လိုက်ပြီး ကျရာတာဝန်ကို ထမ်းဆောင်နိုင်ခဲ့တယ်။ ပထမဆုံး ပင်နယ်တီ က တော့ အငြင်းပွားစရာပါ။ ကျန်တဲ့ ၂ လုံးစလုံး ခေါင်းတိုက် ဂိုးတွေချည်းဖြစ်တယ်။

မြန်မာကစားသမားတွေ မပါးနပ်သလို တစ်ဖက်က ခေါင်းတိုက်ခွင့်ကို ကိုယ်တွေက ပေးလိုက်ရတာ နစ်နာတယ်၊ အာရုံ တစ်ချက်အလွှင့်မှာ ဒုတိယဂိုးကို ခေါင်းတိုက်သွင်းသွား တာခွင့်ပြုလိုက်ရတယ်။ ကိုယ်တွေ ခံစစ်မှူးတွေရဲ့ လူကပ်အားနည်းမှုလည်းပါတယ်။ ဖြစ်တတ် တဲ့သဘောဆိုပေမယ့် မကြာခဏ နိုင်ငံတကာပွဲတွေမှာ မြင်နေခဲ့ရတာ ပြောစရာ တစ်ခု လိုဖြစ်နေတယ်။

မြန်မာဗဟို ခံစစ်သမားတွေ အကောင်းဆုံး အဖြစ် အမြင့်ဘောတွေကို ရှင်းထုတ်တာ ကောင်းတယ်၊ဒါပေမယ့် အလစ်အငိုက်မိမိသွားရင် စနစ်တကျ နေရာယူနိုင်တာမျိုးမရှိပဲ တစ်ဖက် တိုက်စစ် သမားတွေရဲ့ထိုးနှက်မှုကို အမြဲခံနေရတုန်းပါ၊ ငြိမ်းချမ်း နဲ့ ဇောလင်းထွန်းတို့နှစ်ယောက် ကြား မှာ တိုင်ပင်လွဲချော်မှုတွေက ကာဂျစ်တိုက်စစ်သမားတွေရဲ့ ခေါင်းတိုက်ချက်တွေကို အခွင့် အရေး ပေးသလိုမျိုးဖြစ်ဖြစ်သွားစေတယ်။ ဘယ်သူမှ အမှားမကင်းပါဘူး။ ဒါပေမယ့် ကျွန်တော် တို့ခံစစ်တန်း အမှားအယွင်းက မလေးရှားနဲ့ အင်ဒိုနီးရှားကို ရှုံးခဲ့တုန်းကလိုမျိုး အဖြစ်မျိုး ဆန် နေတုန်းပါပဲ။

ကွင်းလယ်ပိုင်း မှာ ပြောနေကြအတိုင်း ခံစစ်တန်းအရှေ့က လူတွေ ဒီ့ထက် ပိုကောင်းဖို့လိုပါ တယ်။ လှိုင်းဘိုဘိုတစ်ယောက်တည်းနဲ့မရဘူး။ ကိုယ့်ထက်မြင့်တဲ့အသင်းကို ကစားရာမှာ  လုပ်အားနှုန်း နှစ်ဆလောက်တင်ထားရတဲ့အတွက် ပင်ပန်းမှုပိုတာ နားလည်တယ်။ ဒါပေမယ့်  တိုင်ပင်လွဲချော်တာမျိုးတွေက တော်တော်လေးကို ကြောက်စရာကောင်းတယ်။ အဲ့ဒီ နားလည် မှုလွဲချော်ရာကနေပဲ ဂိုးတွေ ပေးလိုက်ရတယ်။

ပထမခေါင်းတိုက်ဂိုး၊ ကာဂျစ်ကစားသမားတရစပ်ဆွဲလာပြီး ဖြတ်ကန် တာကို ကျော်ဇင်ထက် ကာကွယ်လို့ ကော်နာဖြစ်တယ်၊ သူတို့ချက်ခြင်းပဲ ကော်နာတိုက်ရိုက်မတင်ပဲနဲ့ ဘေးကလူကို ပေးလိုက်တယ်။ အဲ့ဒီအချိန်က စက္ကန့်ပိုင်းသာကြာတယ်။ မြန်မာအသင်း နေရာတောင် စနစ်တကျမယူရသေးဘူး၊ အချင်းချင်း ဟိုအော်၊ ဒီအော် လုပ် နေတဲ့ အချိန်မှာပဲ၊ ကာဂျစ်က လူပေးပြီး ဖြတ်တင်ဘောကို မြန်မာအသင်း ရဲ့ညာခြမ်းကနေ တိုက်ရိုက် မတင်ပေးလိုက်တယ်။

ကာဂျစ် ကစားသမား ၅ ယောက် ၊ ကိုယ်တွေက ၄ ယောက် ၊ ဖြစ်ချင်တော့ ကိုယ်တွေက အသင့်ကို လုံးဝမဖြစ်သေးဘူး၊ အဲ့အချိန်ကို အလစ်အငိုက်ကို အသုံးချသွားတာပါ။ ကိုယ်တွေအတွက် သင်ခန်းစာတစ်ခု ယူရပြန်ပေါ့။

အသင့်မဖြစ်တဲ့ သင်ခန်းစာများထဲက နံပါတ်ဘယ်လောက်မှန်းမသိတဲ့ သင်ခန်းစာ အသစ်၊ ကိုယ်တွေ ခံစစ်က ခေတ်မှမဆန်တာကိုး၊ အမြဲတမ်းအလစ်ချောင်းတတ်တဲ့ သူတွေနဲ့ဆံရင် ခံ ဖက်ကချည်းပဲ၊ တော်သေးတာပေါ့။ ဒါတောင် ဒီခြေပဂိုး မပေးရခင်မှာ ကိုယ်တွေက ၃-၁နဲ့နိုင်စားထားနိုင်လို့ခံသာ ခဲ့ပေတာပါ။ နိုမို့ဆိုမတွေးဝံ့ဘူး။

အဲ့ဒီနောက်ပိုင်းက စလို့ ကာဂျစ် က တိုက်စစ်ကို လိုအပ်တာထက်ပိုပြီးတော့တင်တော့တာ ပါပဲ။ သူတို့တင်လေ ကိုယ်တွေကလည်းကြိုက်လေပါပဲ၊ သူတပြန် ကိုယ်တပြန်နဲ့ဆော်တာ များ တိုက်စစ်သိပ်မြိုင်တာပဲ၊ မမြင်ရတာကြာလို့လားမသိဘူး။ ကြိုက်လိုက်ကြတာလေ၊ တစ်ဖက် ကမ်းကိုလွန်ပါလေရောလား၊ မောင်မောင်လွင်သွင်းဂိုးလည်းထပ်ရသွားရော ဘာပြော ကောင်းမလဲ၊ မြန်မာပရိသတ်တွေ၊ လက်သီး၊ လက်မောင်းတန်းပြီး ခုန်ပေါက်လိုက်ကြတာများ  မြန်မာနည်းပြအဖွဲ့တွေတောင်မနေနိုင်ကြတဲ့အထိပဲဆိုပါတော့။

၎-၂ ဆိုတာ နည်းတဲ့ အနေအထားမှမဟုတ်တာပါ၊ ဒါပေမယ့် သိပ်မကြာပါဘူး။ ကာဂျစ် တရစပ် တိုက်စစ်ပြန်ဖွင့်တာ ကန်ချက်တွေမမှန်တာရယ်၊ လောနေတဲ့စိတ်တွေ အစိုးမရတာရယ်ကြောင့် ပဲ ဂိုးသွင်းခွင့်တွေကံခေခဲ့ကြတယ်။ ကျော်ဇင်ထက်ကလည်း တစ်ဖက် က ကန်သမျှကို စွမ်းနိုင်သလောက်တော့ သူဟာအနာခံကာကွယ်နေခဲ့တာ လည်းထည့်ပြောဖြစ်တယ်။

မြန်မာအသင်းခံစစ်ကတော့ ကာဂျစ်ရဲ့ တိုက်စစ်ကို တော်တော်လေးလိုက်ထိန်းနေရတယ်၊ ခံစစ်သမားတွေကြားထဲကနေပြီး တစ်လုံးကောင်း ထိုးထည့်ပေးတဲ့ဘောလုံးတွေကို အရှိန်နဲ့ ကာဂျစ် တိုက်စစ်သမားတွေ ထိုးဖောက်ထွက်ပြီး လူပြန်ပေးကန်ခိုင်းတာမျိုး ကို အလုံးတိုင်း နီးပါး မြန်မာအသင်းခံစစ်ပေးပေးနေရတယ်။ ဒါမျိုးကို မွန်ဂိုလီးယားနဲ့ပွဲမှာ မပေးရမိဖို့လိုတယ်။  အထူးသဖြင့် အဖွင့်ဂိုးတွေကို လုံးဝမပေးမိဖို့ပါပဲ။

အဲ့ဒီနောက်ပိုင်း မြန်မာတိုက်စစ်အပိုင်တွေရတာ ၄ လုံးလောက်အထိ ရှိတယ်။ ခက်တာက ဂိုးထပ်မသွင်းနိုင်တော့တာပါပဲ။ ဒါက တိုက်စစ်အနေအထားပါ၊ ဘယ်လိုမျိုးပဲဖြစ်ဖြစ် တိုက်စစ် ဟာ လိုအပ်သလို ဂိုးတွေရထားပြီးဖြစ်ပေမယ့် အစားဝင်လာကြတဲ့သူတွေဟာ ထပ်မံ ဂိုးရဖို့ကြိုးစားကြပေမယ့်ကပ်လွဲ၊ ထိလွဲတွေအောက်မှာ ပရိသတ်မချိတင်ကဲဖြစ်ရစေတယ်။ ပြောဆိုကြတာခံရတယ်။ မြန်မာရဲ့ ဂိုးသွင်းမသေချာတဲ့စံနှုန်းတစ်ခုကို မြန်မြင်ရသလိုမျိုး ပြန်ခံ စားမိပြန်တယ်ဟုတ်။ ထားပါ၊ အဲ့ဒီအခိုက်အတန့်တွေက ရင်ခုန်ရချိန်တွေပေါ့။

၇၅ မိနစ်နဲ့ မိနစ် ၅၀ မှာတော့ ဒုတိယခြေပဂိုး ခေါင်းတိုက်သွင်းတာခံရတယ်။ မြန်မာအသင်း ဘယ်ခြမ်းကနေပြီး ဂိုးရှေ့ကိုပြန်ချပေးတဲ့ဘောလုံးဟာ မြန်မာခံစစ်တန်း ၄ ယောက် နဲ့အပြိုင် ကာဂျစ် တိုက်စစ်သမား ၄ ယောက် အတူပြေးပြီး ဂိုးရဖို့ အတွက် ကြိုးစားကြတယ်။ ဖြစ်ချင် တော့ ဘောလုံးက ငြိမ်းချမ်းနဲ့ကာဂျစ် ကစားသမားတစ်ယောက်ရှေ့ကနေ ထောက်ကျပြီးမှ ဘေးကအပြိုင်ပြေးလာတဲ့ ဇော်မင်းထွန်းနဲ့ကာဂျစ်ကစားသမားက ရှေ့ကနေပြီး ဦးအောင် ခေါင်းတိုက်ပြီး ခြေပဂိုး သွင်းခဲ့တာဖြစ်တယ်။

ဒီဂိုးဖြစ်လာစေမယ့် ပထမဆုံး အစတည်လာခဲ့ခြင်းကတော့ ခံစစ်တန်းအရှေ့က ကွင်းလယ် အဖျက် ကစားတဲ့သူတွေရဲ့ လူကပ်ခြင်းမရှိတဲ့ အနေအထားကနေပြီး ဖြစ်တည်လာတဲ့ အချက် ပါပဲ။ ကာဂျစ်ရဲ့ ကျောနံပါတ် ၂ ဟာ ဘောလုံး ကိုဂိုးရှေ့ကန်တင်ချိန်မှာ မြန်မာ လူကပ်မယ့် သူမရှိဘူး၊ သူ့ဘေးမှာ လှိုင်းဘိုဘို ဘေးက လိုက်ရံပြီး ကိုယ့်လူတွေ နေရာယူဖို့ ညွှန်ကြားနေ ခဲ့တာပဲရှိတယ်။ ဘောလုံးက ကိုယ်တွေ ဂိုးရှေ့ကို တက်သွားချိန်မှာ ဘာမှကို မတတ်နိုင်ခဲ့ပဲ ရှိ နေခဲ့တယ်။

ကျော်ဇင်ထက်လည်း ဘာမှကိုမလုပ်နိုင်လိုက်ပဲနဲ့ ခေါင်းတိုက်နှစ်ဂိုးခွင့်ပြုပေးလိုက်ရတယ်။ ထားပါ၊ ဒါတွေပြီးခဲ့ပြီ၊ ဒါပေမယ့် မွန်ဂိုလီးယားနဲ့ပွဲမှာတော့ ဒါမျိုးအဖြစ်ခံလို့မရဘူး ၊  အိမ်ရှင်ပီပီ နိုင်ပွဲလေးတွေနဲ့ ခရီးဆက်တာမျိုးကို အားလုံးက လိုချင်နေကြပြီလေ။ ဒီတော့ ရှေ့လျှောက်မှာလည်း နောက်ကျကျန်ရစ်တဲ့ ခံစစ်မဟုတ်ပဲ၊ နားလည်မှုအပြည့်နဲ့ ခေတ်ဆန်တဲ့ ခံစစ်ကောင်းတစ်ခု ကို မြင်ချင်မိတာအမှန်ပါပဲ။

ထွန်းထွန်းဦး(လှိုင်)

မှတ်ချက်များ။