ခွင့်သာတုန်းမှ မရုန်းချင်လျှင် . . .

Ljungberg has ‘got no indications’ regarding Arsenal future

တာဂျစ်ကစ္စတန်ကို ကို ၄-၃ နဲ့နိုင်တဲ့ မန္တလေးမြို့ကအောင်ပွဲအပြီးမှာတော့ ကျွန်တော်တို့ Social Media ကြီးပေါ်မှာ ဘောလုံးတွေနဲ့ ဖုံးလွှမ်းသွားပါတယ်။ ပျော်ကြတာကိုး။ အခုလို တူတူတန်တန်မနိုင်တာ ဘယ်လောက်ကြာ နေပြီလဲ ဆိုတာတောင် သတိမထားမိလောက်အောင် ကြာနေပြီကိုး။ တချို့က ဒီပွဲလေးတစ်ပွဲနိုင်တာ ကမ္ဘာ့ဖလားရသလောက် ပျော်နေ ကြတယ်ဆိုပြီး ငေါ့ကြရွဲ့ကြလေရဲ့။ မှန်ပါတယ်။ ဒါကမ္ဘာ့ဖလား ရတာမဟုတ်ပါဘူး။ ကမ္ဘာ့ဖလားမပြောနဲ့ ခြေစစ်ပွဲအောင်တာ တောင်မဟုတ်ပါဘူး။ ခြေစစ်ပွဲနောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ချက်ရှိသွားတာတောင်မဟုတ်ဘူး။ ကုန်ကုန်ပြောရရင် ပထမဆုံး အမှတ်စရတာ အခုမှပါ။ ဒါပေမယ့် ပျော်ပါတယ်။ ပရိသတ်တွေက ကမ္ဘာ့ဖလားကစားရမှ ပွဲတိုင်းနိုင်နေမှ အားပေးရ မယ့်သူတွေမဟုတ်ဘူး။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ကိုယ်စားပြုထားတဲ့ ဘောလုံးအသင်းဖြစ်တာကြောင့် ရလဒ်ကို ခဏထား ဘယ်လိုအသင်းမျိုးကိုဖြစ်ဖြစ်နိုင်တယ်ဆိုပျော်ကြတာပါပဲ။ ကျွန်တော်လည်း ပျော်တာပေါ့။ ကျွန်တော်ပျော်တာ တခြားလူနဲ့ အမြင်ကွဲချင်ကွဲပါလိမ့်မယ်။ ပိန်းပိတ်မှောင်နေတဲ့အချိန်မှာ အလင်းပွင့်လေးတစ်ပွင့်ကို မြင်ရတဲ့ခံစားချက်မျိုးနဲ့ပျော်တာဖြစ်လို့ပါ။

ဟုတ်ပါတယ်။ ဒီမတိုင်ခင် ဆောင်းပါးတစ်ပုဒ်မှာ “ကမ္ဘာမှာဘောလုံးနဲ့ပတ်သက်လို့ အားလုံးကရှေ့ကိုသွားနေကြတာ။ နောက်ပြန်လိမ့်နေတာ ကိုယ်တွေတစ်နိုင်ငံပဲလား” လို့တွေးခဲ့တဲ့အထိ စိတ်ဓာတ်ကျနေတာကို ထည့်ရေးခဲ့ဖူးပါတယ်။ စီနီယာ အသင်း၊ သက်တမ်းအလိုက်အသင်း၊ အမျိုးသား၊ အမျိုးသမီး . . .ဘယ်လိုအသင်းမျိုးမဆို ကျွန်တော် တတ်အားသရွေ့လိုက် ကြည့်လိုက်အားပေးခဲ့တာပါ။ ဒါပေမယ့် မျှော်လင့်စရာကောင်းလောက်တဲ့လောက်လောက်လားလားခြေစွမ်း၊ အားကိုးချင်စရာ ကောင်းတဲ့ အကွက်စေ့စေ့ စီမံခန့်ခွဲမှု၊ မြင့်မားပြီး ကောင်းမွန်တဲ့ အားကစားစိတ်ဓာတ် ဘယ်လိုနေရာမျိုးမှာမှ မတွေ့ခဲ့ရဘူး။ အခုနိုင်ပွဲမှာတော့ ပြီးပြည့်စုံတဲ့ အခြေအနေမဟုတ်ရင်တောင် ပြီးပြည့်စုံတဲ့ နေရာကို သွားတဲ့လမ်းပေါ် ခြေလှမ်း စချနိုင်တယ်လို့ မျှော်လင့်ချက်ရေးရေးလေးမြင်ရလို့ ပျော်တဲ့အပျော်ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ မျှော်လင့်ချက်မှ မပီမသ မှုန်ဝါး ၀ါးမျှော်လင့်ချက်ပါ။

ကာဂျစ်ကစ္စတန်ကို နိုင်တဲ့ပွဲ ကဘာမျှော်လင့်ချက်တွေ့ရလို့လဲ။ မျှော်လင့်ချက်တွေ ဘာတွေထားရအောင် ဘယ်လောက် ထူးခြားလို့လဲ။ နိုင်ပွဲရိုးရိုးထက် ဘာများပိုလို့လဲ။ စတဲ့မေးခွန်းတွေရှိလာပါတယ်။ မှန်ပါတယ်။ ခြေစွမ်း၊ စိတ်ဓာတ်၊ နည်းဗျူဟာ စတဲ့အပိုင်းအားလုံးမှာ “သင့်” ဆိုတဲ့အခြေအနေကိုကျော်ရုံလေးပါပဲ။ ကံတရားရော၊ တစ်ဖက်အသင်းက ကိုယ့်အသင်း အပေါ် လျှော့တွက်မှုရောကြောင့် ဒီရလဒ်ထွက်ခဲ့တယ်ဆိုတာသိပါတယ်။ ဒါပေမယ့် နည်းပြနှစ်ယောက်ကြားက အပြောင်းအလဲ က ကြီးမားလွန်းတာရယ်။ ကြိုးစားအားထုတ်မှု ရှိရင် ကစားသမားတွေရဲ့အခြေအနေက အရမ်းမနိမ့်ကျဘူးဆိုတာရယ်သိလိုက်ရ တာကြောင့်ဖြစ်ပါတယ်။

ဒီမှာပြောစရာရှိတာက ဒါမျိုးတွေ မကြုံခဲ့ဖူးဘူးလား။ မဟုတ်ပါဘူး။ ကြုံခဲ့ဖူးတာပေါ့။ အခုလိုလည်း မျှော်လင့်ခဲ့ ဖူးတာပေါ့။ ဒါပေမယ့် အဆုံးသတ်တဲ့အခါမှာ အမြဲဒုံရင်းက ဒုံရင်းပြန်ဖြစ်ဖြစ်သွားတာနဲ့ချည်း တွေ့ခဲ့ရဖူးတာပေါ့။ ဒါကိုလည်း အမှတ်မရှိပျော်နေတဲ့လူတွေက ဘယ်လိုလူတွေလည်း။ ကျွန်တော်တို့တွေပါပဲ။ ဟုတ်ပါတယ် ဒီတစ်ခါလည်း မျှော်လင့်ချက် ရှိတယ်ဆိုတဲ့အခြေအနေနဲ့အတူ ဒါတွေအားလုံးက အခြေအနေတစ်ခုအပေါ်မူတည်ပြီး ပြိုလဲသွားနိုင်တယ်ဆိုတာလည်း ကြိုတွေး ထားလို့ရပါတယ်။ ဒါပေမယ့် မျှော်လင့်ခွင့်ရှိသလောက် မျှော်လင့်နေရဖို့က ကျွန်တော်တို့တာဝန်ပဲလေ။ နောက်ပြီး ဒီလိုမျှော်လင့် တယ်ဆိုတာ တခြားဘာအရောင်အဆင်းအကျိုးအမြတ်ကိုမှ ရယူလိုစိတ်မရှိတာလည်း အမှန်ပဲဆိုတာ သိကြပါလိမ့်မယ်။ ဒီလို ဘောလုံးအဆင့်အတန်းတိုးတက်လာရင် အကျိုးအမြတ်ခံစားရမယ့်သူတွေက ဘောလုံးနဲ့ပတ်သက်တဲ့ ပတ်ဝန်းကျင်က လူတွေပဲဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကတော့ ပျော်တယ်ဆိုတာနဲ့တင် လုံလောက်ကျေနပ်ပါပြီ။

ကဲ . . .ထားတော့။ အခုကာဂျစ်ကစ္စတန်ကို နိုင်ပြီးဘာတွေဆက်လုပ်ရမလဲ။ ဒီစာအစမှာကျွန်တော်ပြောခဲ့ပါတယ်။ ဒီနိုင်ပွဲက ရလဒ်အရဆိုရင် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာမှ ဘာအကျိုးအမြတ်မှ မထူးသေးတဲ့နိုင်ပွဲပါ။ လမ်းမှန်ပေါ် စပြီးခြေချနိုင်တဲ့ နိုင်ပွဲပါ။ ဒီတော့ ဘာလုပ်ရမလဲ ဒီလမ်းအတိုင်းဆက်လျှောက်ရမှာပေါ့။ လာမယ့် ရက်ပိုင်းဆိုရင် မွန်ဂိုလီးယားကို အိမ်ကွင်းမှာ ဧည့်ခံရမယ်။ အဲဒါပြီးရင် နောက် (၃)ပွဲကစားရဦးမယ်။ ခြေစစ်ပွဲအောင်ဖို့လား။ နိုးပါ။ ကျွန်တော်တို့ တိုးတက်မှုမရှိသေးဘဲ ခြေ စစ်ပွဲအောင်လည်း နောက်တစ်ဆင့်ဆို အလှူကြီးပေးရတာကလွဲပြီး ဘာမှမထူးပါဘူး။ ဒီပွဲမှာကျွန်တော်တို့ရလဒ်ကို ဘယ်လို ပြောင်းပြန်လှန်နိုင်ခဲ့သလဲ။ ဘယ်လိုစိတ်ဓာတ်တွေ၊ ဘယ်လိုစီမံခန့်ခွဲမှုတွေ၊ ဘယ်လိုလေ့ကျင့်မှုတွေလုပ်ခဲ့သလဲ။ ဒါတွေကို ပွဲပြီးမီးသေ မဟုတ်ဘဲ ဆက်ယူဆောင်ပြီး ဖြည်းဖြည်းချင်းရှေ့ဆက်သွားရမှာပါ။ အရေးကြီးတာက ကျွန်တော်တို့ လွပ်လပ်ရေးဖခင်ကြီး “ဗိုလ်ချုပ်” ရဲ့မိန့်ခွန်းထဲကလို ပန်းတိုင်မရောက်ခင် တက်ထောင်တဲ့အလေ့တွေ၊ ပြိုင်ဖက်ကို အထင်သေး ပြီး မလေးမစားကစားတဲ့ပုံစံတွေ ပြန်မဖြစ်စေချင်ဘူး။ အထူးသဖြင့် အခုလို အရှိန်စရတဲ့အခြေအနေလေးမှာ ဒါမျိုးကိစ္စတွေ မဖြစ်အောင် မွန်ဂိုလီးယားနဲ့ပွဲကို စိတ်ရောကိုယ်ပါ နှစ်မြှပ်ကြိုးစားစေချင်တယ်။

ဘာလို့လဲဆိုတော့ ကိုယ်တွေရဲ့ ကစားသမားအများစုက ကိုယ့်ထက်နိမ့်ပါးတယ်လို့သတ်မှတ်ရင် အားထုတ်မှုလျော့တာ တွေ ပေါ့ပေါ့ဆဆ ကစားတာတွေ မကြာခဏဖြစ်လို့ပါပဲ။ ဖီဖာကသတ်မှတ်တဲ့ ကမ္ဘာ့အဆင့်ဆိုတာ ခဏမေ့ထားပါ။ ကိုယ့်ထက် အဆင့်သာတဲ့အသင်းကိုနိုင်ထားတာရော ကိုယ့်ထက်အဆင့်နိမ့်တဲ့အသင်းနဲ့ ကစားရမှာကိုရော စိတ်ထဲမှာ ဖျောက်ထားပါ။ ကိုယ့်အသင်းကို သူ့မြေမှာ အနိုင်ယူထားတဲ့အသင်း ကိုယ်တွေမဖြစ်မနေအနိုင်ယူဖို့လိုတယ်ဆိုတာလေး ခေါင်းထဲထည့် ထားပေးကြပါ။

တကယ်တော့ အခုနည်းပြကြီး အန်တိုနီဟေးပြန်ရောက်လာတာရော အားလုံးစုစုစည်းစည်းနဲ့ ကာဂျစ်ကစ္စတန်ကိုနိုင်ခဲ့ တာရောက ကျွန်တော်တို့ဘောလုံးရဲ့ အဆင့်အတန်းကို ပြန်ပြီးတက်လှမ်းဖို့အခွင့်အရေးတစ်ခုဖြစ်ပါတယ်။ ဟာသစာရေးဆရာ ကြီးတစ်ယောက်ရဲ့ ၀ထ္ထုတစ်ပုဒ်မှာ ကျွန်တော်တို့ High School တုန်းက သင်ခဲ့ရတဲ့ “ခွင့်သာခိုက်မှ မလိုက်ချင်လျှင် ”ကဗျာထဲ ကပါဒ တစ်ခုကို ကာရန်အမျိုးမျိုး ပြောင်းပြီးရေးခဲ့တာ ပြန်အမှတ်ရပါတယ်။ အခုပြန်စဉ်းစားတော့ “ခွင့်သာတုန်းမှ မရုန်းချင်လျှင် ငတုံးနင့်အပြင် ဘယ်သူရှိမလဲ” ဆိုတာပဲမှတ်မိတော့တယ်ဗျ။ ကဲ . . . အခု အခွင့်သာချိန်ပါ။ ရုန်းလိုက်ကြပါဦးစို့။ အစောဆုံးရုန်းကြ ရမယ့် မွန်ဂိုနဲ့ပွဲကို တစ်တိုင်းပြည်လုံးက အားပေးနေမှာပါ။ ခွင့်သာတုန်းမှ မရုန်းရင်တော့ . . .

မောင်ဖိုးကွန့်
15-11-2019

မှတ်ချက်များ။