ကျေးဇူးတင်ပါတယ် .. မြန်မာ ..

Ljungberg has ‘got no indications’ regarding Arsenal future

ကျေးဇူးတင်ပါတယ် မြန်မာ..

ရှေ့ဆက်လက်တွဲပြီး ပရိသတ်နဲ့အတူ တိုက်ပွဲဝင်ကြ မယ်..

ဘာဖြစ်ဖြစ် လောလောဆယ်အနေအထားအရတော့ မြန်မာဟာ တာထွက်မကောင်းခဲ့ပေမယ့် နည်းပြချုပ်အသစ် မစ္စတာဟေးလက်ထဲမှာတော့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၂ ပွဲကိုတော့ အိမ်ကွင်း မှာကစားပြီး ၆ မှတ်အပြည့်အရယူပြလိုက်ပါပြီ၊ ဘာပဲပြောပြော ပရိသတ်ရဲ့ ယုံကြည်အားကိုး မှုကို အပြည့်အ၀ရလိုက်ပြီဖြစ်တယ်။

ဒီ့အတွက် ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ဖြစ်တယ်။ အထူးသဖြင့် ပရိသတ်တွေ  ကိုပေါ့။ မြန်မာအသင်းအတွက် အရေးကြီးတဲ့ အားပေးမှုတွေ ကို ခြေစစ်ပွဲ ၂ ပွဲစလုံး မှာ တခုတ် တရနဲ့ ကွင်းထဲအထိ အရောက်လာပြီး အားပေးဖြစ်တဲ့ သူတွေကြောင့် ဒီလိုမျိုး အရေးပါတဲ့ နိုင် ပွဲတွေ ကို မြန်မာအသင်းဖန်တီးရယူနိုင်ခဲ့တယ်ဆိုရင်လည်းမမှားဘူး။

မနေ့တုန်းက မြန်မာပရိသတ်နဲ့ မြန်မာအသင်း အပေးအယူမျှခဲ့ကြတယ်။ ဘယ်လောက်အထိ တောင်မှလည်းဆိုရင် ဒေးဗစ်ထန်က ပရိသတ်ကို အားပေးဖို့ ၊ ချီးမြှောက်ဖို့ ညာသံပေးတဲ့ အသံ တွေအတွက် ကွင်းထဲကနေပြီး တောင်းဆိုလိုက်ချိန်မှာ မြန်မာ ပရိသတ်တွေရဲ့ တစ်ခဲနက် အော်ပြီး မြန်မာ မြန်မာ ဆိုတဲ့ အသံနက်နက်ကြီးက မန္တလာသီရိကွင်းကြီး ပေါက်ကွဲ ထွက်မတက်နဲ့ အသံတွေက ဟိန်းဟိန်းထခဲ့တယ်မဟုတ်ပါလား။

မြန်မာအသင်းရဲ့ သွင်းဂိုးတွေ ၂ ပွဲမှာ ၅ လုံးရတယ်။ ပေးဂိုး ၃ ဂိုးရှိတယ်။ မစ္စတာဟေး အတွက် ပထမဆုံး သူ့လက်ထက်မှာ တစ်ကျော့ပြန် မြန်မာကို စတင်ကိုင်တွယ်ချိန်မှာ Clean Sheet ပွဲစဉ်အဖြစ် ပထမဆုံးမြန်မာနဲ့အတူ စတင်ရတဲ့ နိုင်ငံတကာပွဲလို့ပြောရင် ရနိုင်မယ်နဲ့တူတယ်။ ဘာပဲဖြစ်ဖြစ် မစ္စတာဟေးအပါအ၀င်၊ နည်းပြအဖွဲ့ဝင်တွေအားလုံးကိုလည်း ကျေးဇူးအထူးတင် ပါတယ်။ မြန်မာနိုင်ပြီ လို့ ပြန်အော်ဟစ်ခွင့်နဲ့အတူ အိမ်အပြန် မျက်နှာပန်းလှတဲ့ အသံတွေ ၊ မြန်မာကစားတာ မဆိုးဘူးဆိုတဲ့ အသံတွေအောက်မှာ ကစားသမားတွေ ပေးဆပ်ရတာ တန်ဖိုးရှိမယ်ထင်တယ်။

ဆုကြေးကိစ္စလား၊ ဖြစ်သင့်ပါတယ်။ မက်လုံးဟာ တစ်သက်လုံးအတွက်မဟုတ်ပေမယ့် ပြိုင်ပွဲတစ်ခုမှာ တော့တွန်းအားအဖြစ်တော့ လောင်စာဖြစ်နေစေတယ်။ အသုံးချတဲ့ ပုံစံအပေါ် မှာ မူတည်ပြီးတော့ ကောင်းခြင်း ဆိုးခြင်းတွေ ကွာဟသွားပါလိမ့်မယ်။ ကြိုးစားမှုများအတွက် ထိုက်တန်တဲ့ဆုလာဘ်ကတော့ ရှိနေသင့်တယ်။ ကောင်းတယ်၊ မကောင်းဘူးဆိုတာ သတ်မှတ် သူတွေနဲ့သာဆိုင်တယ်။

အောင်မြင်ခြင်းအတွက်တော့ ထိုက်တန်တဲ့ဆုလာဘ် ခံစားခွင့်တော့ရှိသင့်တယ်။ ဒီလိုပါပဲ၊ ဆုပေးရင် ဒဏ်ပေးရမယ်ဆိုတာမျိုးလည်း အကြိုက်တွေ့မိတယ်။ ဒဏ်ပေးတဲ့ အခါမှာလည်း မျက်နှာတွေက အပြုံးမပျက်ပါစေနဲ့၊ ဒါပါပဲ၊ ရိုလာကိုစတာစီးသလိုမျိုးပေါ့၊ ရင်ထိန့်သဲဖို ဆန်ဆန်လေးတွေလည်း ဒီအထဲမှာရှိနေဦးမှပါ။ အိမ်ရှင်ဆိုတာ မနေ့ကလိုမျိုးပွဲကို ခေါ်တယ်။ ကာဂျစ်နဲ့ပွဲတုန်းက ခြေစွမ်းတွေကို ခေါ်တယ်။ ဒါမှ အိမ်ရှင်အစစ်တွေဖြစ်တယ်။

အမှားများတာ ကိစ္စမရှိဘူး။ ဆရာက ပြင်ပြီး သင်ပေးလိမ့်မယ်။ ထပ်မတော့မမှားကျနဲ့ပေါ့၊ သင်ပေးသူကောင်းကောင်းရှိနေတဲ့အချိန်မှာ ပြင်ဆင်ပြီး မာနဘေးချ သင်ယူရမှာက ကစားသမား တွေကိစ္စပါ၊ ပြီးတော့ အသင်းလိုက်စည်းလုံးမှုနဲ့ စိတ်ဓါတ်၊ ဒီအပိုင်းမကြာခဏ ပြောဖူးတယ်။ တစ်ယောက်နဲ့တစ်ယောက်သေးသေးတင်မခံနိုင်ရင် စည်းလုံးမှုပျက်မှာပဲ၊ ပွဲမ၀င်ခင်အပြင်က ကျင်းပတဲ့ ခြေစမ်းပွဲတွေမှာ ၊ လေ့ကျင့်ရေးတွေမှာ သူ့အကြိုက်၊ ကိုယ့်အကြိုက် အကဲခတ်၊ လေ့လာ၊ ပွင့်ပွင့်လင်းလင်း ချပြ ဆွေးနွေးနိုင်တယ်။ လုပ်လည်းလုပ် ကြမှာပါ၊ ရှေ့ပွဲတွေထက် မနေ့တုန်းကပွဲမှာ ထိမိစွာ ချိတ်ဆက်နိုင်တာမျိုး ၊ လူမကြည့်ပဲ နောက် လူတက်လာမယ်ဆိုတာ သိလို့ပေးလိုက်တာမျိုးတွေကိုတွေ့ရတယ်။

မနေ့တုန်းကပွဲမှာ ကွင်းအနေအထားကလည်း ကစားသမားတွေ ကစားရတာ ချောနေတယ်။ အဆင်ပြေမှု သိပ်မရှိသလိုမျိုး ခံစားရစေတယ်။ မြန်မာရော မွန်ဂိုရေး ကွင်း အနေအထားအရခပ်ချောချောဖြစ်နေတဲ့ အပိုင်းမှာ အထိန်းအသိမ်းတွေ၊ ပြေးလွှားပြီး ဟန်ချက်ပြန်ထိန်းတာတွေမှာ သိပ်ပြီး မကောင်းသလိုဖြစ်နေတယ်။ ထားပါ။ ဒါကတစ်ပိုင်း။

မြန်မာကစားသမားတွေ အနေနဲ့ကွင်းထဲမှာ ကစားတော့ အလွဲလေးတွေတော့ရှိနေတုန်းပေါ့၊ တိုင်ပင်မကိုက်ပဲ ဘောလုံးထိုးပေးတာများတာတွေ၊ နားလည်မှု လွဲပြီး လူပေးမှားတာတွေ၊ အပေးမှားတာတွေအပြင် စိတ်လောပြီး ဘောလုံးဆွဲ ထုတ်တာများသွားတာတွေ အပြင် ကန်ချက်တွေ လွဲချော်တာလည်းမြင်နေရတုန်းပဲ၊ အထူးသဖြင့် တစ်ကိုယ်ကောင်းစိတ်တွေ  အကြောင်းထက် စုစည်းမှုပိုင်းမှာ အခုထက်ပိုပြီး စည်းလုံးတာမျိုး မြင်ချင်မိတယ်။ ပိုလည်းကောင်းလာဖို့ရှိနေတယ်။

မစ္စတာဟေးနဲ့ ဦးကြည်လွင်တို့ဦးဆောင်လာတဲ့ မြန်မာ့လက်ရွေးစင်အသင်းမှာတော့ တိုက် စစ် ထက်သန်ပြီး ဂိုးတွေသွင်းနိုင်တာတွေ၊ ပြီးတော့ ဒုတိယပွဲမှာ ခံစစ်ပိုင်း အမှားအယွင်း ပထမ ပွဲထက်နည်းအောင် ဂရုစိုက် ထိန်းချုပ်သွားတာတွေ မြင်ရမှာဖြစ်လိုသုံသွားတဲ့ ဗျူဟာအခင်း အကျင်းတွေလည်း မဆိုးလှပါဘူး။ ကစားသမားတွေအားလုံး တစ်ယောက်ခြင်းစီ ကိုယ့်အလုပ် ကိုယ် ထိမိအောင်လုပ်ခဲ့ကြတယ်။

စိတ်ဓါတ်တွေ အပြင် ကစားပုံတွေလည်း တိုးတက်လာတယ်။ တစ်ယောက်ခြင်းပြောနေစရာ ကိုမလိုတာပါ၊ လိုက်ဖြည့်ပေးတာတွေ၊ ကွက်လပ်တွေ ပေါ်နေရင် ရင်းပြီးတော့ အ၀ါကတ်အထိ ခံပြီး ဖျက်ထုတ်တာတွေမြင်လာရတယ်။ ဒါကြောင့်လည်း မနေ့တုန်းက ပွဲမှာ ပထမပိုင်း နဲ့ဒုတိယပိုင်း အနေအထား တစ်ခြားစီဖြစ်သွားတာပါတယ်။

လှိုင်းဘိုဘိုတို့ ငြိမ်းချမ်း တို့  ရန်နိုင်ဦးတို့ ပထမပိုင်းမှာတင် အ၀ါတွေထိထားလို့ ဒုတိယပိုင်းမှာ ထင်သလို စိတ်တိုင်း ကျဖျက်ထုတ်နိုင်တာမျိုး လျော့သွားချိန်မှာ မွန်ဂိုလီးယားရဲ့ ထိုးစစ်ဗျူဟာအပြောင်းအလဲက ကြောက်စရာပါ၊ သူတို့တိုးအား၊ ရုန်းအားတွေက မြန်မာကစားသမားတွေ ၃ ယောက်လောက် ကို အနာခံတိုးပြီး လိုချင်တာကို ယူဖို့ ချောင်းတာများ ဒုတိယပိုင်း မှာ ပွဲသိမ်းခါနီးလာလော ကြောက်စရာကောင်း လာလေလေပါ။

ဒါပေမယ့် မြန်မာကစားသမားတွေ ပါးပါးနပ်နပ်နဲ့အနာခံပြီးဖျက်ထုတ်နိုင်တယ်။ တစ်ခုပဲ၊ ဂိုးရ လိုဇောတွေများနေတယ်။ ချိတ်ဆက်မှုတိုင်းက တိကျမှုလွဲနေတယ်။ ရပြန်တော့လည်း ဂိုးသွင်း ခွင့်က မထိမိပြန်ဘူး။ ဒါပေမယ့် အဲ့ဒါတွေမတိုင်ခင် ပထမပိုင်း ၁၇ မိနစ်မှာတင် လှိုင်းဘိုဘိုက မြန်မာအသင်းအတွက် အရေးပါတဲ့ ဂိုးကို အကောင်းဆုံးသွင်းပေးထားနိုင်လို့ ၁-၀ နဲ့ ပွဲကိုဦး ဆောင်ထားတယ်မဟုတ်ပါလား။

နောက်ဆုံးတော့မြန်မာဟာ အလွဲတွေဖြစ်တည်နေတာတောင် လိုချင်တာကို အရယူပြလိုက် နိုင် ပါတယ်။ အိမ်ကွင်းမှာတော့ မြန်မာဟာ အခြေအနေကောင်းသွားပြီ၊ လက်ကျန် ၃ ပွဲရှိသေး တယ်။ ၂၀၂၀ မှာ ဒီဇာတ်လမ်း ဆက်ခင်းမယ်။ လောလောဆယ်တော့ ဒီလောက်နဲ့နားထား တယ်။ ခြေစစ်ပွဲမှာ အခြေအနေကောင်းဖို့ လိုသေးတယ်။ မြန်မာက အခုအချိန်မှာ အဆင့် ၄ ခုန်တက်သွားပြီ၊ ဂျပန်၊ (အဝေး)၊ ကာဂျစ်စတန်(အိမ်)၊ တာဂျစ်ကစ္စတန်(အဝေး) ကစားဖို့တွေ ကျန်နေသေးတယ်။

ကိုယ်တွေက တာထွက်မကောင်းခဲ့ဘူး။ ပေးဂိုးတွေများခဲ့တယ်။ ဒီဒဏ်တွေခံစားနေရတုန်းပဲ၊ နောက်ကလိုက်ရတယ်ဆိုတာ မလွယ်ပါဘူး။ ဒါပေမယ့် ကိုယ့်အလုပ်ကိုယ် မှန်မှန်လေးလုပ် သွားဖို့လိုသလို အနိုင် ဒါမှမဟုတ်သရေပွဲတွေကိုရဖို့ လက်ကျန် ၃ ပွဲမှာ ယူနိုင်တဲ့အမှတ်တွေ ယူဖို့ချောင်းရမယ်။

မြန်မာဟာ အကောင်းဆုံး စာရင်းဝင် မဟုတ်တော့ပေမယ့် စိတ်ဓါတ်နဲ့ စည်းလုံးမှုဟာ ဒီ အုပ်စုတွင်းမှာတော့ ဖျက်မြင်းထက်မြင့်တဲ့ကော်ကောင် အဖြစ် ရပ်တည်နိုင် ဖို့ လုပ်ရမယ်။ အိမ်ကွင်း ပွဲစဉ်တစ်ပွဲလည်းပါနေသေးတာကြောင့် ဘာပဲဖြစ်ဖြစ်မျှော်လင့်ချက်က လေး ရှိနေချိန်မှာ ကိုယ်တွေအတွက် လုပ်သင့်လုပ်ထိုက်တာတွေ၊ လုပ်နိုင်တာထက်ပိုတဲ့ အရာ များနဲ့အတူ ဖြစ်လာသမျှကို ရင်ဆိုင်လိုက်ဖို့ပဲရှိပါတော့တယ်ဆိုတာပါပဲ။

ကျေးဇူးတင်ပါတယ် မြန်မာ..

ရှေ့ဆက်လက်တွဲပြီး ပရိသတ်နဲ့အတူ တိုက်ပွဲဝင်ကြ မယ်..

ထွန်းထွန်းဦး(လှိုင်)

 

မှတ်ချက်များ။