မေ့မထားသင့်တဲ့ ပီတိနောက် က ပြင်ဆင်မှု

Highlights – Borussia Dortmund vs 1. FC Köln

 

ဆီးဂိမ်းဘောလုံးပြိုင်ပွဲကြီးကတော့ ပြီးဆုံးသွားပါပြီ၊ မြန်မာဘောလုံးအသင်း ၂ သင်း တတိယ ဆု ကြေးတံဆိပ် ၂ ခု အရယူနိုင်ခဲ့တယ်။ ဆုရလို့ ၀မ်းသာရတယ်။ ကာလ၀င်လို့ ကျေနပ်ကြရ တယ်။ အဲ့ဒီကျေနပ်မှုက ရွှေတံဆိပ်၊ ငွေတံဆိပ်ရလို့ကျေနပ်ရတဲ့ ပီတိ လိုမျိုးမဟုတ်ပေမယ့် ကိုယ်နဲ့ထိုက်လို့ ရတဲ့ဆုလို့ ပြောရင် မှန်ပါလိမ့်မယ်။

သူများတွေတောင် မရတဲ့ဆု၊ ကိုယ်တွေရတယ်ဆိုတော့ ကျေနပ်ရမှာပေါ့နော်။ ဒါပေမယ့် တတိယဆုဆိုတာ ထက်မြင့်တဲ့လမ်းတွေကို မြန်မာအသင်းတွေ အနေနဲ့ အရယူဖို့ မှန်းထား စေချင်သေးတယ်။ ဟုတ်ပါတယ်။ ဗီယက်နမ်တောင် ဆီးဂိမ်းမှာ ရွှေတံဆိပ်တွေ အသီးသီးနဲ့ ပထမဆု အရယူပြသွားကြတာ အားလုံးအမြင်ပဲမဟုတ်လား၊ အမျိုးသားရော၊ အမျိုးသမီး အသင်းပါ အားလုံးရွှေတွေချည်းပဲ။ ဗီယက်နမ်အဖို့တော့ ရည်မှန်းချက်တွေ ပြည့်တယ်ပဲ ဆိုရ မယ်။ နည်းပြချုပ်နဲ့ ကစားသမားတွေ အားလုံး အတူ လက်တွဲပြီး တိုက်ပွဲဝင်ပြခဲ့ကြတာ ခရီးဆုံး ပန်းတိုင်ကို အဆင့် ၁ နဲ့ ၀င်ရောက်ခဲ့ကြတယ် မဟုတ်ပါလား။

ကျွန်တော်တို့လည်း တစ်ချိန်မှာ ဗီယက်နမ်လိုမျိုး အဆင့်ကောင်းကောင်းတစ်ခုကိုရောက်ဖို့ လုပ်ရမယ်။ အခုလည်းလုပ်နေကြတယ်။ အချိန်ပေးထားတယ်။ ပြင်ဆင်တယ်။ ရသလောက် ကို ပြင်ဆင်နေတယ်။ အခုအနေအထား ကြားကာလဖြစ်နေတယ်။ ပေးထားတဲ့ အတိုင်းအတာ အတွင်းမှာ တည်ဆောက်ရေး ကာလတစ်ခုကျော်လွန်သွားချိန်မှာ ဖြစ်လာမလား၊ မလာဘူးလားဆိုတာ ကြည့်ရဦးမယ်။ လောလောဆယ်တော့ ဆီးဂိမ်းမှာ မြန်မာ ယူ-၂၂ ရော၊ အမျိုးသမီးအသင်းရော တတိယဆုရတယ်ဆိုတော့ မဆိုးဘူးလို့ပဲ ပြောရမှာဖြစ်နေတယ်။

ဒါပေမယ့် ကိုယ့်အကြောင်း ကိုယ်တွေသာသိဆိုသလို ၊ ကျေနပ်စရာအများကြီးတော့ မကောင်း ခဲ့တာ အမှန်ပါပဲ။ ကျွန်တော်တို့တွေမှာ လိုအပ်ချက်တွေရှိခဲ့တယ်။ ပြင်ဆင်ပေးနေရင်းနဲ့ ကွင်း တွင်းအနေအထားမှာ လိုအပ်ချက်တွေက သူများတွေနဲ့ယှဉ်ပြိုင်တဲ့အခါမှာ ကွက်ကွက် ကွင်းကွင်းနဲ့ ကိုပေါ်လာတာပဲမဟုတ်ပါလား။

နည်းပြချုပ်တစ်ယောက်ရဲ့ နည်းပြဗျူဟာကို ကျွန်တော်တို့တွေ နားမလည်နိုင်ကြသေးတာ အမှန်ပါပဲ၊ သူပဲသိလိမ့်မယ်။ ကစားသမားတွေကို အကောင်းဆုံးဖြစ်အောင်လို့ ကစားခိုင်းတဲ့ အနေအထားနဲ့ သုံးစွဲခဲ့တဲ့ ဗျူဟာတွေကိုပေါ့၊ အမျိုးသားယူ-၂၂ အသင်း ကို အဓိက ထားပြော ချင်တယ်။ လက်ရွေးစင်အဆင့်ကို တက်လှမ်းကြမယ့်သူတွေ ကိုကြည့်ရမြင်ရတာ ပြိုင်ဘက်တွေ ကြားမှာ ကိုယ်ဟန်အနေအထား တည်ဆောက်မှု အပိုင်းမှာ ပြိုင်ဘက်တွေထက် လျော့ကျနေတယ်။ ဘောလုံးပညာမှာ သူတင်ကိုယ်တင် မက ကိုယ်တွေက သာတယ်ဆိုတာ မှန်တယ်။ ဒါပေမယ့် ကာယကြံ့ခိုင်မှုအပိုင်းမှာ ကျွန်တော်တို့က သွားနေတဲ့ ခေတ်တစ်ခု နောက်ကို မရောက်နေသလိုပါပဲ။

ဟုတ်ပါတယ်။ အားမရမိတာကို ပြောဖြစ်တယ်ဆိုပါတော့။ လက်ရွေးစင်အဆင့်ကို တက်လှမ်း ကြမယ့် ကစားသမားတွေ အနေနဲ့ အများကြီးမဟုတ်တာတောင် လိုအပ်သလောက်တော့ လုပ်ထားကြမယ်ဆိုတာ သေချာတယ်။ ဒါပေမယ့် အဲ့ဒီထက် ပိုပြီးတော့ ပြင်ဆင်ထားစေချင်မိ တယ်။ Power Game တွေကြီးစိုးလာတဲ့ အချိန်မှာ ကိုယ်တွေ ကျန်နေရစ်လို့မရဘူး၊ ကြံ့ခိုင်မှု အသားပေးလာတဲ့ အနေအထားမှာ ကိုယ်တွေက သူများနောက်ကလိုက်နေရတာမျိုးကို မမြင် ချင်မိဘူး။

မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်စတဲ့အသင်းတွေအပြင် အခြား ပြိုင်ဘက်တွေ တော်တော်များများဟာ ပါဝါနဲ့ကြံ့ခိုင်မှု အသားပေး ဟန်တွေအပြင် ခံနိုင် စွမ်းရည်တွေကိုပါ ခေတ်နဲ့အညီ လိုက်မြှင့်လာကြပြီ၊ ပိုလည်းလုပ်လာကြသလို၊ ကစား သမားတွေ ကိုယ်တိုင်ကလည်း အဲ့ဒါကိုလိုအပ်တယ်ထင်လို့ ကိုယ်တိုင်ကိုယ်ကျ ပြင်ဆင် လာကြပြီ။

ခေတ်ကိုက အားကစားသမားမှ ကြံ့ခိုင်ရေးလုပ်ရတယ်၊ လုပ်ရမယ်ဆိုတဲ့ခေတ်မဟုတ်ပါဘူး။ သာမာန်လူတွေလည်း ကျန်းမာရေးလိုက်စားပြီး အစားအသောက်အနေအထိုင်တွေက အစ ဒီ အပိုင်းတွေမှာ လိုက်ပြီး ပြင်ဆင်လာကြပါပြီ၊ အားကစားသမားတွေဆိုရင် ပိုပြီးတော့တောင်မှ လုပ်သင့်တာပေါ့။ ပြင်ဆင်သင့်တာပေါ့နော်။ ကိုယ်လုပ်ရင် ကိုယ်ရမယ်၊ ကိုယ်လုပ်သမျှက ကိုယ့် အတွက်ချည်းပါပဲ၊ အခုဆိုရင် ပြိုင်ပွဲဝင်ခဲ့ကြတဲ့ ကစားသမားတွေအနေနဲ့ ပြိုင်ဘက်တွေ ကြားမှာ ဘာတွေလိုအပ်ခဲ့သလဲ၊ ဘာတွေများ ကျန်ရစ်ခဲ့သလဲဆိုတာ လက်တွေ့သိမြင်ကြ လောက်ပြီထင်တယ်။

နောင်လာမယ့် ပွဲတွေကလည်း ရှိနေသေးတော့ အချိန်ပြန်ရတဲ့အခါမှာ ပါဝါနဲ့တိုးတာတွေ၊ တိုက်တာတွေ၊ တွန်းတာတွေက အစ ကြံ့ခိုင်မှုနဲ့ သက်လုံအပိုင်း ပိုမြင့်တက်လာစေဖို့ကို ကိုယ့်ညီတွေ အနေနဲ့ အခုထက်ပိုပြီးတော့ လေ့ကျင့်ပြင်ဆင်စေချင်မိတာ ရင်ထဲက စေတနာ ပါ။ ပြိုင်ပွဲတွေမှာ ဒါမျိုးဖြစ်တိုင်း ကိုယ်တွေကစားသမားတွေအပေါ် ပြိုင်ဘက်တွေက ၂ ယောက် ကြား၊ ၃ ယောက်ကြားက တိုးဝင်ဖြတ်ကျော်၊ ထိုးဖောက်ဝင်ရောက်သွားခွင့်တွေ ပေါ်လာတိုင်း  ကိုယ့်လူတွေ ထိထိမိမိ မလုပ်နိုင်တဲ့ အပေါ် စိတ်မကောင်းဖြစ်ပြီး အားမလိုအားမရ စိတ်တွေနဲ့  မကျေနပ်မိတာ အမှန်ပဲ။

အနီးကပ် အတိုပေး၊ တွဲလုံးနဲ့ခင်းပြီး တစ်ဖက်နောက်တန်းကို ထိုးဖောက်တဲ့ ဟန်က ကိုယ်တွေ အတွက် အလိုက်ဖက်ဆုံးဖြစ်ခဲ့ပေမယ့် အံဝင်မှုတွေရှိခဲ့သလို၊ လွဲချော်မှုများခဲ့တဲ့အပိုင်းတွေ လည်း ကစားတဲ့ပွဲတွေ မှာ ရှိခဲ့ပေမယ့်လည်း  အဲ့ဒီ ပုံစံဟာ မစ္စတာ ပိုပေါ့ဗ်ချမှတ်ပေး ထားခြင်းဟာ မြန်မာယူ-၂၂ အတွက်တော့ အကောင်းဆုံးပါပဲ။ လိုက်ဖက်တယ်။ ကိုယ်တွေ ကစားသမားတွေအတွက် လက်ရှိနေအထားဟာ အားလုံးနဲ့အဆင်ပြေတယ်။

အဲ့ဒီဟန်ပန်ကို ထပ်မံအဆင့်မြှင့်ဖို့ပဲလိုတယ်။ ပိုကောင်းအောင် ကစားသမားတွေလိုက်လုပ်နိုင် ဖို့ပဲ လိုတယ်။ ပါဝါဂိမ်းကို သူများနည်းတူတင်ကစားနိုင်မယ်။ ကြံ့ခိုင်မှုနဲ့ သက်လုံးပိုင်း တိုးတက်မှုတွေ သိသာလာမယ်။  တစ်ယောက်အထာတစ်ယောက် ပိုပြီး သိအောင်၊ အပေးအပို့တွေ၊ လမ်းကြောင်းပြန်ဖွင့်ပေးတာတွေက အစ အမှားနည်းအောင်လို့ နောင်လာမယ့်ပြိုင်ပွဲတွေမှာ လုပ်ထားနိုင်လိမ့်မယ်လို့မျှော်လင့်မိတယ်။ လုပ်နိုင်မယ်ဆိုရင် အတော်လေးကို ကောင်းသွားမှာသေချာတယ်။ သူများထက် သာအောင် အသာစီးနဲ့ ဖိုက်နိုင်မယ့် အခွင့်အလမ်းတွေ တိုးတက်လာမှာမြင်နေတယ်။

ပြိုင်ပွဲတွေမှာ ဖြတ်တင်ဘောတွေ နဲ့တစ်ဖက်ကို တိုက်စစ်ဆင်တာနည်းတယ်။ ဒါပေမယ့် အသုံးချတော့ လည်း ဂိုးရတာပဲမဟုတ်လား၊ တတိယ လုပွဲမှာ မြန်မာဟာ ပြိုင်ဘက် ဂိုးပေါက်ကို ၂-၁ ဖြစ်နေ ခဲ့တဲ့ ကာလတစ်လျှောက်မှာ အကောင်းဆုံး ထိုးဖောက်ပြီး တစ်ယောက်ခြင်း အပိုင်ကန်ခွင့်အ လုံးတွေ ၃ ကြိမ် ၄ ကြိမ်မကရခဲ့တာပဲလေ။ အဆုံးသပ်တွေ မတိကျခဲ့လို့သာ နောက်ဆုံး ပင်နယ်တီ အဆုံးအဖြတ်အထိရောက်ခဲ့ရတာမဟုတ်လား။

ကိုယ်တွေသာ အပိုင်အခွင့်အရေး တွေ ကို အထိမိဆုံးအသုံးချနိုင်ခဲ့မယ်ဆိုရင် နောက်ဆုံး ပင်နယ်တီအထိ ရင်ခုန်နေစရာကို မလို တာပါ၊ ၂-၂ ဖြစ်ပြီး နောက်ပိုင်းဆိုရင်လည်း မြန်မာ အသင်းခံစစ်ကို တစ်ဖက်က ဖိဖိစီးစီးနဲ့ ပြန် ထိုးဖောက်တာတွေက ကြောက်ခမန်း လိလိဖြစ် နေစေတာပါ။

ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့တွေအနေနဲ့ တတိယဆုတော့ ထိုက်တန်စွာနဲ့ရလိုက်ကြပါပြီ၊ ကံ ၊ ဥာဏ်၊ ၀ီရိယအကျိုးဟာ ဆုတစ်ခုကို ချိတ်စေခဲ့ပြီဖြစ်တယ်။ ဆက်လက်ကျိုးစားပေးကြဖို့ တိုက်တွန်းချင်တယ်။ ရှေ့လျှောက်လည်း ဒီအတိုင်း၊ ဒီနည်းပြနဲ့ ဒီကစားသမား အစုအဖွဲ့တွေ ဟာ အလုပ်ဖြစ်လာမယ်။ ပိုကောင်းလာမယ်လို့မျှော်ဖြစ်တယ်။

အားနည်းချက်တွေပြင်ရမယ်။ ကစားသမားတွေ အနေနဲ့လည်း ပိုကောင်းလာအောင် လို့ လုပ် ရမယ်။ လက်ရွေးစင် အဆင့်အထိ မတက်လှမ်းကြခင်မှာပဲဖြစ်ဖြစ် တက်လှမ်းသွားကြပြီးချိန်မှာ ပဲဖြစ်ဖြစ် ကိုယ်အရည်အသွေး ပိုမိုတိုးတက်လာစေဖို့အတွက် ဘောလုံးလောကထဲကျင်လည် နေသမျှ ကာလပတ်လုံး ကလပ်မှာရော၊ နိုင်ငံအသင်းမှာပါ ဒီထက်မက ပိုကောင်းပြီး ကျော်ကြားလာကြစေဖို့ ငယ်ရွယ်ချိန် ကလေးတွေမှာ ညီငယ်တွေကို ပြင်ဆင်ထားဖို့၊ ပိုကြိုးစား ပေးကြဖို့ အကြံပေးတိုက်တွန်းရင်း အဆုံးသပ်လိုက်ပါရစေ။

ထွန်းထွန်းဦး(လှိုင်)

မှတ်ချက်များ။