ပရိယာယ် ဆိုတာ . . .

Brisbane enter top six as late own goal sinks Mariners

ပြီးခဲ့တဲ့ နှစ်ရက်သုံးရက်လောက်က ဆီးဂိမ်းသတင်းတွေထဲမှာ ကျွန်တော်စိတ်ဝင်စားမိတဲ့သတင်းတစ်ပုဒ်ရှိပါတယ်။ အဲဒီအချိန်တုန်းကဆီးဂိမ်းသတင်းတွေအားလုံးက စိတ်ဝင်စားစရာကောင်းတာမှန်ပေမယ့် အများသောအားဖြင့် ကိုယ့်နိုင်ငံ ကိုယ်စားပြုအားကစားနည်းနဲ့ ရလဒ်တွေ၊ ပွဲရလဒ်ရဲ့ နောက်ဆက်တွဲအခြေအနေတွေအကြောင်းသတင်းတွေကိုပဲ ဖတ်ဖြစ် တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီတစ်ခါကျွန်တော်စိတ်ဝင်စားမိတဲ့သတင်းက ကျွန်တော်တို့နိုင်ငံရဲ့ အားကစားနဲ့မဆိုင်တဲ့သတင်း တစ်ပုဒ်ဖြစ်နေတာကြောင့် ထူးခြားတယ်လိုပြောတာပါ။ သတင်းဦးတည်တဲ့အဖြစ်အပျက်က ဆီးဂိမ်းရဲ့ အမျိုးသားဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲရဲ့ နောက်ဆက်တွဲသတင်းဖြစ်ပြီး ပရိသတ်တွေရဲ့ ပြောစကားအပေါ်မူတည်ပြီး သတင်းတည်ဆောက်ထားတာပါ။ သတင်းခေါင်းစဉ်က “ဆီးဂိမ်းဗိုလ်လုပွဲမှာ ဗီယက်နမ်ကစားသမားတွေက ‘ညစ်’တဲ့နည်းစနစ်သုံးခဲ့တဲ့အပေါ် အင်ဒိုပရိသတ်တွေ ဝေဖန်” တဲ့ဗျ . . .

ဒီလိုပါ ဆီးဂိမ်းဗိုလ်လုပွဲကြည့်လိုက်ကြတဲ့သူတွေ ဆိုရင် ဒီအဖြစ်ကို သိလိုက်ကြမှာပါ။ ဗီယက်နမ်အသင်းရဲ့ ကစားသမား ဒွန်ဗန်ဟျူး(နံပါတ် ၅) ရဲ့ ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုကြောင့် အင်ဒိုအဓိကကွင်းလယ်ကစားသမား အီဗန်ဒိုင်မက်ဇ်(နံပါတ် ၆) ကို ပထမပိုင်း မှာကတည်းက လူစားလဲခဲ့ရတဲ့အဖြစ်ပါ။ အင်ဒိုပရိသတ်တွေကတော့ အီဗန်ဒိုင်မက်ဇ် ဟာ သူတို့အသင်းရဲ့ အဓိကကစားသမားဖြစ်ပြီး ဗီယက်နမ်ဖက်က ညစ်ပတ်တဲ့နည်းစနစ်သုံးပြီး အသာစီးရယူခဲ့လို့ သူတို့ရှုံးရ တယ်ဆိုတဲ့ အပြစ်တင်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ လူမှုကွန်ယက်စာမျက်နှာတွေဖြစ်တဲ့ Facebook နဲ့ Twitter မှာ ဒါကို အခြေခံ ပြီး ဗီယက်နမ်နဲ့ အင်ဒိုပရိသတ်တွေ အပြန်အလှန်စကားနိုင်လုပွဲက တော်တော်ပြင်းထန်ခဲ့ပါတယ်။ အဖြစ်အပျက်ရဲ့ အမှန်အမှား ဆိုတာက ဆုံးဖြတ်ဖို့တိကျခိုင်လုံတဲ့ အခြေအနေမှာမရှိနေတာကြောင့် အဲဒီစာတွေလိုက်ဖတ်ရင်း တော်တော်ရယ်ခဲ့ရတယ်။ တော်တော်လည်းပျော်ခဲ့တယ်လို့ပြောရမှာပါပဲ။

မြန်မာနဲ့ အင်ဒိုတို့ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်မတိုင်ခင်မှာ “အဆိပ်အပြင်းဆုံး၊ အန္တရာယ်အများဆုံး . . . ပြိုင်ဖက်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်ကို ရေးဖြစ်ခဲ့ပါတယ်။ အဓိက အကြောင်းအရာကတော့ အင်ဒိုနီးရှားနဲ့ မြန်မာ အသင်းတို့ ဒီပြိုင်ပွဲမရောက်ခင်က နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှုတွေမှာ မြန်မာအသင်းတွေအနေနဲ့ ခြေစွမ်းပိုင်းကိုယ်အသာရခဲ့တဲ့ အခြေအနေတွေမှာတောင် ဆိုးဆိုးရွားရွားရှုံးခဲ့ဖူးတာတွေကို ပြန်တင်ပြထားတာပါ။ အဲဒီလိုရှုံးနိမ့်မှုတွေမှာ ‘အင်ဒိုနီးရှားဟာ မြန်မာတွေရဲ့ စိတ်ထိန်းချုပ်နိုင်စွမ်းအားနည်းမှုကို အမြဲ ပစ်မှတ်ထားပြီး ကစားတတ်တယ်’ ဆိုတာကို အချက်အလက်တချို့နဲ့တွဲပြီးဖော်ပြခဲ့တာပါ။ ရည်ရွယ်ချက်က ဆီမီးဖိုင်နယ်မှာ အင်ဒိုကဒီလို နည်းပရိယာယ်နဲ့ မြန်မာအသင်း ကိုအသာရဖို့လုပ်လာလိမ့်မယ်ဆိုတာ သတိပေးထားတာဖြစ်ပါတယ်။ လက်တွေ့မှာလည်း အင်ဒိုကစားသမားတွေဟာ အရေး အကြီးဆုံး အဆုံးအဖြတ်အချိန်မှာ မြန်မာကစားသမားတွေ စိတ်တိုဒေါသထွက်စေမယ့် အပြုအမူတွေ မျိုးစုံသုံးပြီး မြန်မာကွင်း လယ်ကစားသမား အောင်နိုင်ဝင်း တိုက်ရိုက်အနီကတ်နဲ့ ထုတ်ခံခဲ့ရတာဖြစ်ပါတယ်။ အဲဒီအဖြစ်အပျက် ကိုကြိုတွေးထားပေမယ့် ကစားသမားတွေသိအောင် မလုပ်နိုင်ခဲ့တာကြောင့် ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်တင်ခဲ့သလို အင်ဒိုကစားသမား တွေကိုလည်း တော်တော်ကို စိတ်ဆိုးခဲ့ပါတယ်။ ဒါပေမယ့် ရှုံးတဲ့အချိန်မှာမှ ဘာကြောင့် ညာကြောင့်ဆိုပြီး အကြောင်းပြချက် ပေးတာဟာ အရှုံးကို လက်မခံတဲ့အခြေအနေဖြစ်တာကြောင့် ဘာမှမပြောသာဘဲ အောင့်သက်သက်နဲ့ ငြိမ်နေခဲ့ ရပါတယ်။

ကဲ . . . ဗိုလ်လုပွဲရောက်တော့ အင်ဒိုတို့ ၀ဋ်ပြန်လည်တော့တာပါပဲ။ သူတို့အသင်းက ဒီကစားသမားကို အခြေခံပြီး တည်ဆောက်ထားတယ်(Comment တွေမှာတော့အဲလိုပြောတာပဲ)။ အဲဒါကို ဗီယက်နမ်ကသိလို့ ဒီကစားသမား နာသွားအောင် လူချပြီး ကစားလို့ သူတို့ရှုံးရပါတယ်။ ဆိုတဲ့ဆင်ခြေတွေကိုတွေ့တော့ ကျွန်တော်ပျော်ပြီး လိုက်ဖတ်ဖြစ်တာပါ။ ဟုတ်တယ်လေ ဆီမီးမှာတုန်းက ကိုယ်တွေကို သူတို့ကလုပ်သွားတုန်းက ဘာသံမှမထွက်ဘူး။ သူတို့ခံရတော့ ပြိုင်ဖက်က ညစ်တယ်တဲ့။ စိတ်ပုတ်တဲ့လူလို့ပြောချင်ပြောပါစေတော့ အင်ဒိုပရိသတ်တွေ ဒေါသပေါက်ကွဲနေတဲ့ comment တွေကို ဖတ်ရင်း တော်တော် အချိန်ကုန်ခဲ့ရတယ်ဆိုတာ ၀န်ခံပါတယ်။

ဒါက ကျွန်တော့်ပုဂ္ဂလိက ခံစားချက်။ ဒါကိုထားတော့ ဒီအခြေအနေကို ပြန်စဉ်းစားရအောင်ဗျ။ ဒီလိုပါ ဘောလုံးပြိုင်ပွဲ တစ်ခုမှာ အနိုင်ရဖို့အရေးကြီးလာပြီဆိုရင်တော့ သူသူကိုယ်ကိုယ် ကိုယ့်ပြိုင်ဖက်က ဘာအားနည်းသလဲ။ ကိုယ်ကဘာအားသာ လဲ။ ပြိုင်ဖက်ကို အသာရဖို့ ဘယ်လိုပရိယာယ်သုံးမလဲဆိုတာ ရှာဖွေပြီး ပွဲမှာသုံးမယ့် Plan ကိုရှာဖွေတာ နည်းပြတာဝန်ပါ။ ကျွန်တော်တို့ မြန်မာကစားသမားတွေက စိတ်ဆိုးလွယ်ဒေါသထွက်လွယ်တာ အိမ်နီးချင်းနိုင်ငံက ဘောလုံးအသင်းတွေ သိတော့ ဒါကိုဦးတည်ချက်ထားကစားကြတယ်။ အထူးသဖြင့် နိုင်ဖို့အရေးကြီးတဲ့အခြေအနေဆိုရင်ပေါ့။ ဒီနှစ်ဆီးဂိမ်းမှာဆို အသင်းတော်တော်များများက မြန်မာနဲ့တွေ့ရင် ဆွကစားတဲ့ပုံစံမျိုးသုံးပြီး ခပ်ကြမ်းကြမ်းကစားခဲ့ပြီး တခြားပြိုင်ဖက်တွေနဲ့ ဆို အဲဒီပုံစံပျောက်သွားတာ သိသိသာသာကို မြင်ခဲ့ရပါတယ်။ ကျွန်တော်တို့မြန်မာအသင်းကရော သူများတွေရဲ့အားသာချက်အပေါ် ဘာတွေ အခွင့်အရေးယူနိုင်ခဲ့သလဲ။ ကျွန်တော်မြန်မာနဲ့ပတ်သက်တဲ့ဘောလုံးပွဲတွေကို ကြည့်လာခဲ့သမျှအချိန်တွေတိုင်းမှာ မြန်မာအသင်းတွေက ပရိယာယ် သုံးပြီးတစ်ဖက်ကို အသာရခဲ့တာ တစ်ခါမှမတွေ့ဖူးခဲ့ပါဘူး။ ပြောရရင် ကိုယ်ကချည်းခံရတာ ပါပဲ။ အဲဒါကြောင့်လည်း မြန်မာအသင်းအရေးကြီးတဲ့ပွဲဆို နီပြီ အဆုံးအဖြတ်ပွဲဆို ၂ယောက်လား ၃ယောက်လားပဲ။ ဒါက ဖြစ်ရိုးဖြစ်စဉ်လိုတောင်ဖြစ်ခဲ့ပြီမဟုတ်လား။

ကျွန်တော်အင်ဒိုနဲ့ပွဲအတွက်ရေးခဲ့တဲ့စာမှာတောင် ရေးခဲ့ပါသေးတယ်။ “တစ်ခါနှစ်ခါခံရတာက လုပ်သူအပြစ်ဆိုရင် တောင်အမြဲတမ်းဒီပုံစံနဲ့ခံနေရပြီဆိုရင် ဒါဟာ တုံးအမှုပဲ” ဆိုတဲ့သဘောတရားပါ။ ဘာလို့ဒီလိုချည်းဖြစ်နေရသလဲဆိုတာ တကယ်ကိုနားမလည်နိုင်ပါဘူး။ အပေါ်မှာရေးခဲ့တဲ့ ဗီယက်နမ် အင်ဒို ဖြစ်ခဲ့တဲ့ပြဿနာမှာဆို လူတစ်ယောက်ရဲ့ သဘောသဘာ ၀ပေါ်လွင်ပါတယ်။ ကိုယ်ကသူများကို လုပ်တော့ “ပရိယာယ်သုံးပြီးနိုင်တာ” တဲ့။ သူများက ကိုယ့်ကို အဲဒီလိုအသာစီးယူ သွားတော့ “သူတို့က ညစ်တယ်”တဲ့။ ကျွန်တော်သူတို့စကားဝိုင်းထဲဝင်ပြောလို့ရရင်ပြောချင်တယ်။ “ငါတို့ဒေသတွင်းမှာ ညစ်လည်း မညစ်တတ်၊ ပရိယာယ်လည်းမသုံးတတ် တဲ့အသင်းတစ်သင်းရှိတယ် သိကြရဲ့လား . . .” လို့လေ . . .

မောင်ဖိုးကွန့်
13-12-2019

မှတ်ချက်များ။